မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများအသင်းက အစဉ်အလာမပျက် ကထိန်ခင်းကျင်းသွားမည်

194

 

မန္တ​​လေး၊ ​အောက်တိုဘာ ၄

မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသူများအသင်းက နှစ်စဉ် တန်ဆောင်တိုင် ကထိန်ပွဲတော်ရောက်တိုင်း ဘုန်းတော်ကြီးကျောင်းများတွင် ကထိန်ခင်းကျင်းမှု ဆက်တိုက် ပြုလုပ်လာခဲ့သည့်အတွက် ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း တောင်ငူမြို့တွင် အစဥ်အလာမပျက် ကထိန်ခင်းကျင်းသွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။

“ဒီနှစ်က ကျွန်တော်တို့ဆိုင်ကယ်ကုန်သည်ကြီးများအသင်းရဲ့ ကထိန်ခင်းကျင်းမှု တတိယမြောက်နှစ်ပေါ့၊ မနှစ်ကတည်းက မဲနှိုက်ရွေးချယ်တဲ့အခါမှာ တောင်ငူမြို့ မဲပေါက်တဲ့အတွက် တောင်ငူမြို့မှာ ကထိန်ခင်းသွားမယ်၊ Covid-19 ငြိမ်သွားရင်တော့ အရင်လိုပဲ မြို့ထဲမှာ လှည့်လည်တဲ့အစီအစဉ်တွေ ပါမှာပေါ့၊ တကယ်လိူ့ Covid-19 လှိုင်းမပြီးသေးဘူး၊ ရောဂါတွေမငြိမ်သေးဘူး ဆိုရင်တော့ လှည့်လည်တာတွေ မပါတော့ဘဲ ကျန်းမာရေး၀န်ကြီးဌာနက သတ်မှတ်စည်းကမ်းတွေနဲ့အညီ ဒီအတိုင်း ရိုးရိုးပဲလှူဒါန်းသွားရမယ့် အနေအထားရှိတယ်” ဟု မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဌ ဦးတင်ကျော်နန္ဒက ပြောကြားသည်။

အသင်းတရား၀င် မှတ်ပုံတင်မကျခင်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်ကစ၍ မိတ္ထီလာမြို့တွင် ကထိန်ခင်းကျင်းခဲ့ပြီး ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့၌ ကထိန်ခင်းကျင်းခဲ့ကာ ယခုတတိယအကြိမ်တွင်မူ တောင်ငူမြို့၌ နို၀င်ဘာ ၁၄ ရက်တွင် ခင်းကျင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ ထပ်မံသိရသည်။

“ဒီနှစ်အတွက် ကထိန်ခင်းကျင်းဖို့ ကျွန်တော်တို့တောင်ငူမြို့က မြစည်းခုံစာသင်တိုက်ကို ရွေးချယ်ထားတယ်၊ နို၀င်ဘာ ၁၄ ရက် လုပ်သွားမယ်၊ အဲဒီကျောင်းမှာ ဆိုင်ကယ်လှူဒါန်းတာတွေပါမယ်၊ ငွေသားလှူဒါန်းတာတွေ၊ ကုဋီ (အိမ်သာ) ဆောက်လုပ်လှူဒါန်းတာတွေနဲ့ တခြားအသုံးအဆောင်၀တ္ထုပစ္စည်း လှူဒါန်းတာတွေ ပါပါမယ်” ဟု ယခုနှစ်ကထိန်အတွက် ဦးဆောင်လုပ်ကိုင်နေသူ တောင်ငူမြို့ ပွိုင့်ဆိုင်ကယ်အရောင်းပြခန်းမှ ကိုကျော်ဇင်လတ်က ဆိုသည်။

မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်းမှ သုံးကြိမ်မြောက်အဖြစ် ကထိန်ခင်းကျင်းကုသိုလ်ပြုကြမည့်ပွဲတွင် တောင်ငူမြို့ ပွိုင့်ဆိုင်ကယ်အရောင်းပြခန်းမှ ကျပ်သိန်း ငါးဆယ် မတည်လှူဒါန်းထားပြီး စက်တင်ဘာ ၄ ရက်အထိ အလှူလက်ခံရရှိငွေ ကျပ်သိန်း တစ်ရာ​ကျော်ရှိနေပြီဖြစ်ကာ ထပ်မံလက်ခံရရှိငွေ စုစုပေါင်းနှင့်အတူ ဆိုင်ကယ် ၁၁ စီးတို့ပါ လှူဒါန်းသွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ၂၀၁၉ ခုနှစ် မန္တ​လေးမြို့တွင် မြန်မာနိုင်ငံ ​မော်​တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်းမှ ဒုတိယအကြိမ်မြောက် ကထိန်ခင်းကျင်းလှူဒါန်းခဲ့စဥ်။

LEAVE A REPLY

Please enter your comment!
Please enter your name here