မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်း တရား၀င်ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြု

197

 

မန္တ​လေး၊ ​မေ ၇

၂၀၁၉ ခုနှစ်၊ မေ ၂၀ ရက်က ယာယီအသင်းအဖြစ် စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်းကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ယခု ၂၀၂၀ ပြည့်နှစ်၊ မေ ၆ ရက်တွင် တရား၀င်ဖွဲ့စည်း မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက မေ ၆ ရက်ကပဲ ကျွန်တော်တို့အသင်းကို တရား၀င်ဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြုလိုက်တယ်၊ တရား၀င် ခွင့်ပြုလိုက်ကြောင်း စာကိုတော့ ဒီနေ့ရတယ်ပေါ့၊ ကျွန်တော်တို့အသင်း တရား၀င်ဖြစ်လာတဲ့အတွက် အများကြီး၀မ်းသာမိတယ်၊ အခုလို မြန်မြန်ဖြစ်လာဖို့ မျှော်လင့်နေတာကြာပြီ၊ ဒါမှလည်း အသင်းရဲ့ ရှေ့ဆက်လုပ်ငန်းတွေ တရား၀င်ကိုင်တွယ်ပြီး ပိုလုပ်ဆောင်လာနိုင်မယ်” ဟု မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်း၏ ဥက္ကဌ ဦးတင်ကျော်နန္ဒက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ မေ ၆ ရက်တွင် လုပ်ငန်းလိုင်စင်နှင့်အတူ ခံ၀န်ချက်အားဖြင့် တာ၀န်ကန့်သတ်ထားသည့်ကုမ္ပဏီအဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုလိုက်သည့်အတွက် မော်တော်ဆိုင်ကယ်လောကသားများ၏အကျိုးကို တရား၀င်ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ကာ အသင်းနှင့်ပတ်သက်သည့် Activity များ၊ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရဌာနဆိုင်ရာများအပေါ် တရား၀င်တောင်းဆိုမှုများ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင်လည်း အသင်းတရား၀င် ဖွဲ့စည်းခွင့်ပြုကြောင်း စာမရမီကတည်းက လတ်တလောဖြစ်ပွားနေသော Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဗဟိုကော်မတီထံ လှူဒါန်းမှုများပြုလုပ်ရန် အလှူငွေများကောက်ခံနေကာ မကြာမီ တရား၀င်အသင်းဖြစ်မြောက်ပြီး ပထမဦးဆုံး အလှူအဖြစ် စတင်ကူညီမှုများ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်းမှ သိရသည်။

“မကြာခင် Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်လုပ်ဆောင်နေတဲ့ ကော်မတီမှာ ကျွန်တော်တို့အသင်းကနေ သွားရောက်လှူဒါန်းဖို့ ရှိတယ်၊ အခု တရား၀င်အသင်း ဖြစ်လာပြီဖြစ်တဲ့အတွက် ဒီ Covid-19 ကိစ္စ ငြိမ်သွားရင် အသင်းသားတွေ တွေ့ဆုံပွဲလေးလုပ်ဖို့ရှိမယ်၊ မကြာမီမှာ အခု ဆိုင်ကယ်အရစ်ကျ ရောင်းချမှုနဲ့ပတ်သက်လို့ အခက်အခဲတွေ့နေတဲ့ဆိုင်ကယ်လုပ်ငန်းရှင်တွေအတွက် ဘဏ်နဲ့ ညှိနှိုင်းဖြေရှင်းမှုကို အသင်းကနေ ဦးဆောင်ပြီး စတင်လုပ်ဆောင်သွားမယ်” ဟု အဆိုပါအသင်း ဥက္ကဌ ဦးတင်ကျော်နန္ဒက ထပ်မံဆိုသည်။

မြန်မာနိုင်ငံ မော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်းကို ၂၀၁၉ ခုနှစ်၊ မေ ၂၀ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံတစ်၀န်း အနယ်နယ်အရပ်ရပ်ရှိ ဆိုင်ကယ်နှင့်ဆက်စပ်ပတ်သက်သူအားလုံးပါ၀င်သော လူဦးရေ ၁၁၀ ကျော်ဖြင့် စတင်ဆွေးနွေးကာ ယာယီအသင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here