မြန်မာနိုင်ငံရှိ  မြို့ပေါင်းငါးဆယ်တွင် Bajaj Service Center များ ဖွင့်လှစ်မည်

863

မန္တလေး၊ မေ

ကမ္ဘာပေါ်တွင် ဆိုင်ကယ်ထုတ်လုပ်မှု တတိယအများဆုံးအဖြစ် ရပ်တည်လျက်ရှိသော အိန္ဒိယ Bajaj ဆိုင်ကယ်ကုမ္ပဏီမှ မြန်မာနိုင်ငံ၌ Bajaj ဆိုင်ကယ်များ ပြင်ဆင်ရာ၌ အခက်အခဲမရှိစေရေးအတွက် မြို့ပေါင်း ငါးဆယ်တွင် Bajaj Service Center များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဆိုင်ကယ်များ တင်သွင်းသည့် Easy Rider Motorbike ကုမ္ပဏီမှ သိရသည်။

”အခု Bajaj ဆိုင်ကယ်တွေ တင်သွင်းလာတာလည်း တစ်နှစ်ကျော်လာပြီဖြစ်တော့ Bajaj ဆိုင်ကယ်တွေနဲ့ပတ်သက်ရင် တချို့ ပြင်ဆင်ရတာတွေ ရှိလာမယ်၊ တချို့ကျတော့လည်း ဆိုင်ကယ်လဲလို့၊ ဆီမှားထည့်မိလို့၊ သုံးတာ နည်းစနစ်မကျလို့ စတာတွေနဲ့ ပြင်ဆင်ရတဲ့အခါမှာ အခက်အခဲမရှိအောင် မြို့ပေါင်းငါးဆယ်မှာ Bajaj Service Center တွေ လိုက်ဖွင့်ပေးသွားမယ်၊ အဲဒီလို ဖွင့်လှစ်ပေးလိုက်တော့ Bajaj ရဲ့ နည်းစနစ်မူ အတိုင်း စနစ်တကျပြင်ဆင်ပေးနိုင်မယ်၊ Customer တွေလည်း စိတ်ချမ်းသာမယ်”ဟု ‘Easy Rider Motorbike ကုမ္ပဏီ’ အရောင်းတာဝန်ခံ ကိုခင်လှိုင်က ပြောသည်။

ထိုသို့ ဖွင့်လှစ်မှုကို လာမည့် ဇွန်လကုန်ပိုင်း၌ စတင်သွားမည်ဖြစ် ပြီး မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မကွေး၊ တောင်ကြီး၊ ကလေး စသော Bajaj ဆိုင်ကယ်သုံးစွဲမှုများသည့် မြို့ပေါင်းငါးဆယ်တွင် ဖွင့်လှစ်သွားရန် လျာထားကာ ယခု ၂ဝ၁၈ ခုနှစ်အတွင်း Bajaj Service Center ဆိုင်ပေါင်း ငါးဆယ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဖွင့်လှစ်ရာတွင်လည်း နယ်မြို့များရှိ ကျွမ်းကျင်ဝပ်ရှော့ဆရာအချို့နှင့် ချိတ်ဆက်၍ ကုမ္ပဏီဘက်မှ ဆိုင်ကယ်ပြင်ဆင်ရာတွင် မဖြစ်မနေအသုံးပြုရမည့် Special Tool များ၊ Lift ခုံများနှင့် Service Center ဆိုင်းဘုတ်၊ ဆိုင် Decoration စသော လိုအပ်သည့်ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

”အခု Bajaj Service Center ဖွင့်လှစ်ဖို့ နယ်တွေမှာ အရောင်းကိုယ်စားလှယ်တွေ၊ ကျွမ်းကျင်ဝပ်ရှော့ဆရာတွေနဲ့ ချိတ်ဆက်နေတယ်၊ Bajaj ဆိုင်ကယ်တွေ ပြင်ဆင်ပေးနိုင်မယ့် ဝပ်ရှော့ဆရာတွေကို လိုအပ်တဲ့အထောက်အပံ့တွေ ကုမ္ပဏီက ထောက်ပံ့ပေးသွားမယ်၊ ဆိုင်မှာ ကွန်ကရစ်ခင်းပေးတာမျိုး၊ ဆိုင်းဘုတ်နဲ့ ဆိုင်အပြင်အဆင်တွေကအစ ပြုပြင်ရေးပစ္စည်းတွေအထိ အစုံထောက်ပံ့ပေးသွားမယ်၊ ပြီးရင် Bajaj ဆိုင်ကယ်ရဲ့ Warranty ၂ နှစ်အတွင်း ပြင်လာတဲ့ Bajaj ဆိုင်ကယ်တွေကို Warranty အကျုံးဝင်ရင် လက်ခရော ပစ္စည်းဖိုးရော မယူဘဲ အခမဲ့ပြင်ပေးသွားမယ်၊ Warranty ၂ နှစ် ကျော်ရင်တော့ Customer တွေဆီက ပစ္စည်းဖိုးပဲယူပြီး ပြင်ဆင်ခ အခမဲ့ပြင်ပေးသွားမယ်၊ ပြင်ဆင်ခ ကို Customer ဆီကမယူဘဲ အဲဒီ ကုန်ကျစရိတ်ကို ကုမ္ပဏီက ဝပ်ရှော့ဆရာဆီ ထောက်ပံ့ပေးသွားပါမယ်”ဟု ယင်းကုမ္ပဏီမှ ကိုခင်လှိုင် က ထပ်မံဆိုသည်။

ယင်းသို့ ကုမ္ပဏီနှင့် ၂ နှစ် တိတိ လက်တွဲသည့် ဝပ်ရှော့ဆရာများကို ၂ နှစ်ပြည့်သည့်အခါ Special Tool များ၊ Lift ခုံများ အပိုင်ပေးသွားမည်ဖြစ်ပြီး လက်တွဲမည့် ဝပ်ရှော့ဆရာများအနေဖြင့် အနည်းဆုံး ၁၅ ပေ ပတ်လည်နေရာပေးနိုင်ရမည်ဖြစ်ကြောင်း Easy Rider Motorbike ကုမ္ပဏီမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here