မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အရည်အသွေးကောင်းမွန်သော မော်တော်ယာဉ်အသစ်များကို လာမည့်ဘဏ္ဍာနှစ်များ၌ ၀ယ်ယူပြီးမှသာ လုပ်ငန်းလိုအပ်လျက်ရှိသော မြို့နယ်များသို့ ဦးစားပေးလဲလှယ်ထုတ်ပေးသွားမည်

247

က​လေး၊ ​ဇွန် ၁

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အရည်အသွေးကောင်းမွန်သော မော်တော်ယာဉ်အသစ်များကို လာမည့် ဘဏ္ဍာရေးနှစ်များ၌ ၀ယ်ယူပြီးမှသာ လုပ်ငန်းလိုအပ်လျက်ရှိသော မြို့နယ်များသို့ ဦးစားပေး လဲလှယ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထဲရေး၀န်ကြီးဌာန ဒု၀န်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ပြောကြားသည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရည်အသွေးကောင်းမွန်သော 4WD Double Cab မော်တော်ယာဉ်အသစ်များအပါအ၀င် လုပ်ငန်းသုံးယာဉ်များ ဖြည့်တင်း၀ယ်ယူနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မော်တော်ယာဉ် ၇၃ စီးကို ၀ယ်ယူရန် လျာထားတင်ပြတောင်းခံမှုအပေါ် ဘဏ္ဍာငွေအခြေအနေအရ စိစစ်ခဲ့ပြီး ခွင့်ပြုပေးနိုင်ခြင်းမရှိသေးပါသဖြင့် ၀ယ်ယူနိုင်ခဲ့ခြင်း မရှိသေးကြောင်း တင်ပြအပ်ပါတယ်၊ သို့ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ယာဉ်အသစ်များ၀ယ်ယူပြီးပါက လုပ်ငန်းလိုအပ်ချက်ရှိသော မြို့နယ်များသို့ ဦးစားပေးလဲလှယ်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် မေ ၂၈ ရက်က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၈) မှ ဦးကိုကိုနိုင် မေးမြန်းသည့် ‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ရာဇ၀တ်မှုခင်းများ၊ ဒုစရိုက်မှုများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ကာကွယ်တားဆီးမှုများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ အသုံးပြုနိုင်ရန် အရည်အသွေးကောင်းမွန်သော 4WD-Double Cab မော်တော်ယာဉ်အသစ်များကို လိုအပ်လျက်ရှိသော မြို့နယ်များသို့ ဖြည့်ဆည်းထောက်ပံ့ပေးရန် အစီအစဉ်ရှိ/မရှိ’ မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပ​ဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့ ၃၃၀ သို့ Double Cab ယာဉ် ၂၃၆ စီး၊ Single Cab ယာဉ် ၇၅ စီးနှင့် Extra Cab ယာဉ် ၁၉ စီး စုစုပေါင်း ယာဉ်အစီး ၃၃၀ ကို ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း၊ မော်တော်ယာဉ်များ ကောင်းမွန်ကြံ့ခိုင်စေရန် ပြင်ဆင်ချက်ဖြင့် သာမန်ပြင်ဆင်စရိတ် အသုံးပြုမှုအနေဖြင့် Double Cab, Single Cab, Extra Cab ယာဉ်များအတွက် တစ်နှစ်လျှင် ငွေ ​ခြောက်သိန်းကျပ်ကို သတ်မှတ်ခွင့်ပြုပြီး အဆိုပါ သာမန်ပြင်ဆင်စရိတ် သတ်မှတ်ခွင့်ပြုနှုန်းအပြင် လိုအပ်သောအစိတ်အပိုင်းများ ပြင်ဆင်၍ အကြီးစား ပြင်ဆင်လိုပါက ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တောင်းခံ၍ ပြင်ဆင်လျက်ရှိကြောင်း ပြည်ထဲရေး၀န်ကြီးဌာန ဒု၀န်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ထပ်မံပြောကြားသည်။

“စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ မြို့နယ်ရဲတပ်ဖွဲ့ ၃၇ ဖွဲ့အနက် မြို့နယ်ရဲတပ်ဖွဲ့ ၁၅ ဖွဲ့သို့ Double Cab ယာဉ် ၁၅ စီး၊ အခြားမြို့နယ်ရဲတပ်ဖွဲ့ ၂၂ ဖွဲ့သို့ Single Cab ယာဉ် ၂၂ စီးတို့ ထုတ်ပေးထားရှိပြီးဖြစ်ပါတယ်၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကလေးမြို့နယ်တွင် Double Cab ယာဉ်တစ်စီး၊ ကလေးဝမြို့နယ်တွင် Single Cab ယာဉ် တစ်စီးနှင့် မင်းကင်းမြို့နယ်တွင် Single Cab ယာဉ် တစ်စီးတို့ ထုတ်ပေးထားရှိပြီး အသုံးပြုလျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိလမ်းများ ယခင်ကထက် သွားလာမှု များစွာအဆင်ပြေလာသော်လည်း မိမိမဲဆန္ဒနယ်မြေများဖြစ်ကြသည့် ကလေး၊ ကလေး၀၊ မင်းကင်းမြို့နယ်တို့သည် နယ်မြေကြီးမားကျယ်ပြန့်ပြီး တောတောင်ထူထပ်ပေါများကာ မိုးများသည့်ဒေသများဖြစ်သည့်အတွက် ပြုပြင်ရမည့် လမ်းများကျန်ရှိနေသေးသကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လမ်းကြမ်းတွင်ပါ အသုံးပြုနိုင်သည့် 4WD-Double Cab ယာဉ်များအသုံးပြုခြင်းက ဒေသတိုင်း၏ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မေးခွန်းမေးမြန်းခဲ့သည့် ကလေးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here