မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပုဂ္ဂလိက ယာဉ်လတ်နှင့် ယာဉ်ကြီးမောင်းသင်တန်း စတင်ဖွင့်လှစ်

985

မန္တလေး၊ မတ်
မြန်မာနိုင်ငံတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော ယာဉ်ကြီးမောင်းသင်တန်း သာရှိခဲ့သော်လည်း ယခုအခါ ပုဂ္ဂလိကမှ ပထမဦးဆုံးဖွင့်လှစ်မှု အဖြစ် မန္တလေးမြို့၌ လမင်း ယာဉ်မောင်းသင်တန်းကျောင်းမှ ယာဉ်ကြီးမောင်းသင်တန်းကို မတ် ၁၅ ရက်မှစ၍ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

”အထက်မြန်မာပြည်မှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန က ဖွင့်တဲ့ ယာဉ်ကြီးမောင်းသင်တန်းက မိတ္ထီလာမှာပဲ ရှိတယ်၊ အောက်မြန်မာပြည်ဘက်မှာတော့ ရန်ကုန်မှာပေါ့၊ ပုဂ္ဂလိကအနေနဲ့ ဖွင့်တဲ့ ယာဉ်ကြီးမောင်းသင်တန်း ဆိုတာ အရင်က မရှိခဲ့ဘူး၊ ဒါနဲ့ မန္တလေးက ဌာနဆိုင်ရာအကြီးအကဲတွေကအစ ယာဉ်ကြီးမောင်းသင်တန်းဖွင့်ဖို့ တိုက်တွန်းတာနဲ့ ယာဉ်ကြီးမောင်းနိုင်မယ့်ကွင်းမျိုး ပြင်ဆင်ပြီး အခု ယာဉ်ကြီးမောင်းသင်တန်း စတင်ဖွင့်လှစ်လိုက်ရတာပါ၊ ယာဉ်ကြီးမောင်းသင်တန်းနဲ့အတူ ယာဉ်လတ်မောင်းသင်တန်းပါ ဖွင့်လှစ်သွားပါမယ်”ဟု မန္တလေးမြို့ ‘လမင်း ယာဉ်မောင်းသင်တန်းကျောင်း’ တည်ထောင်သူ ကျောင်းအုပ်ကြီး ဦးလွင်လွင်ထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုအခါ ကုန်တင်ကားကြီးများ အသုံးပြု၍ နယ်စပ်ကုန်သွယ်မှု လုပ်ကိုင်သူများပြားလာသည်နှင့်အမျှ ကုန်တင်ကားအစီးရေလည်း များပြားလာပြီး ကုန်တင်ကားမောင်းနှင်သူများ ကျွမ်းကျင်စွာဖြင့် စနစ်တကျ မောင်းနှင်နိုင်ရန် ရည်ရွယ်ကာ ယင်းသို့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယာဉ်ကို ကျွမ်းကျင်စွာမောင်းနှင်နိုင်ကြောင်း သင်တန်းဆင်းလက်မှတ် ထုတ်ပေးပြီးမှသာ (င) လိုင်စင်ရရှိရန် ကူညီပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့ လမင်း ယာဉ်မောင်းသင်တန်းကျောင်းမှ သိရသည်။

”ယာဉ်လတ်မောင်းသင်တန်း တက်မယ့်သူဆို (ခ) လိုင်စင် သုံးနှစ် ပြည့်ပြီးသူဖြစ်ရမယ်၊ အနည်းဆုံး အသက် ၂၁ နှစ် ပြည့်ရမယ်၊ ဒါမှ သင်တန်းသားအဖြစ် လက်ခံမယ်၊ ယာဉ်ကြီးမောင်းမှာလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက် ပြည့်စုံမှ လက်ခံသွားမယ်၊ သတ်မှတ်ချက်တွေ ပြည့်စုံပြန်ရင်လည်း အရင်ဆုံး ယာဉ်ငယ်မောင်းတာ စနစ်ကျ၊ မကျ ပြန်စစ်ဆေးဦးမယ်၊ မကျွမ်းကျင်သေးရင်တော့ ယာဉ်ငယ်မောင်း ကျွမ်းကျင်အောင် ထပ်သင်ပေးတာတွေ လုပ်သွားမယ်၊ ယာဉ်ငယ်မောင်းတာ စနစ်တကျ ဖြစ်သွားပြီဆိုမှ ယာဉ်ကြီးမောင်းဖို့ စာတွေ့၊ လက်တွေ့နဲ့ သင်ကြားရေး ကို စနစ်တကျလုပ်ပေးသွားမယ်၊ သင်တန်းပြီးရင်လည်း တကယ်ကျွမ်းကျင်မှုရှိမှ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမယ်၊ ကျွမ်းကျင်မှုမရှိဘဲ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမှာမဟုတ်ဘူး”ဟု အဆိုပါ သင်တန်းကျောင်းအုပ်ကြီး ဦးလွင်လွင်ထွန်းက ထပ်မံဆိုသည်။

ယာဉ်လတ်နှင့် ယာဉ်ကြီးမောင်းသင်တန်းကို ယခုမှစတင်ဖွင့်လှစ်ခြင်း ဖြစ်၍ ယာဉ်ကြီးမောင်းသင်တန်းတွင် သုံးတန်အထက်ကားကြီး ၁ဝ စီး၊ နည်းပြဆရာ ၁ဝ ဦးကျော်ဖြင့် စာတွေ့၊ လက်တွေ့ စတင်သင်ကြားပေးသွားမည်ဖြစ်ပြီး ယာဉ်လတ်မောင်းသင်တန်းကို သုံးတန်အောက် ယာဉ်လတ်များဖြင့် သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းကာလအနေဖြင့် ၁၅ ရက်ဆက်တိုက် သတ်မှတ်ထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။ အဆိုပါ ယာဉ်လတ် နှင့် ယာဉ်ကြီးမောင်းသင်တန်းတွင် ယာဉ်မောင်းနှင်နည်းဆိုင်ရာ စာတွေ့၊ လက်တွေ့အပြင် ကုန်တင်ယာဉ်ကြီးများ၏ ဖွဲ့စည်းပုံ၊ ယာဉ် မထွက်မီ ကြိုတင်စစ်ဆေးရမည့်အချက်များ၊ ကုန်ပစ္စည်းတင်ဆောင်သည့်အခါ ကုန်အပွနှင့် ကုန်အကျစ် ကို စနစ်တကျတင်ဆောင်ပုံ၊ တင်ဆောင်နည်း၊ ခရီးမထွက်မီ ကြိုတင်စစ်ဆေးရန် လိုအပ်မည့်အချက်များ၊ ၁၉၈၉ မော်တော်ယာဉ်နည်း ဥပဒေ နှင့် ၂ဝ၁၅ မော်တော်ယာဉ် ဥပဒေပါ လိုက်နာရန် စည်းကမ်းချက်များ၊ လမ်းညွှန်ဆိုင်းဘုတ် အမှတ်အသားများနှင့် ကုန်တင်ယာဉ်များဆိုင်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း လမင်း ယာဉ်မောင်းသင်တန်းကျောင်းမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here