မြန်မာဇာတ်မင်းသားကို ဂုဏ်တက်စေခဲ့သည့် ကမ္ဘာကျော် မော်တော်ကား

797

အော်တိုမိုဘိုင်းလို့ ခေါ်ကြသည့် မော်တော်ကားများ စတင်ပေါ်ပေါက်လာသည့်အချိန် မှ ယနေ့အချိန်ထိ နှစ်ပေါင်းမည်မျှရှိပြီ ဆိုသည်ကို ကျွန်တော်မသိပါ။ ရာစုနှစ် တစ်ခုကျော်ပြီဆိုတာကိုသာ သိပါသည်။ အဲဒီကာလမှာ ပေါ်ခဲ့သည့် မော်တော်ကားများအနက် သမိုင်းဝင် ကမ္ဘာကျော် မော်တော်ကားများ များစွာရှိမည်ဖြစ်သည်။ ကမ္ဘာ့သမိုင်းထဲက ကမ္ဘာကျော်ပုဂ္ဂိုလ်များ စီးခဲ့သည့်ကား၊ ကမ္ဘာ့သမိုင်းဖြစ်ရပ်ထဲမှာ အခန်းက@တစ်ခုအနေဖြင့် ပါဝင်ခဲ့သည့် မော်တော်ကား စသည်ဖြင့် ဖြစ်သည်။ ဥပမာ-ဂျာမနီအာဏာရှင် ဟစ်တလာ စီးခဲ့သည့် Volkswagen ကား၊Mercedes ကား၊ နာဇီခေါင်းဆောင် လူသတ်သမား အိုက်မခန်း စီးခဲ့သည့် Mercedes ကား၊ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံခံရစဉ်က စီးခဲ့သည့် President ကား စသည်ဖြင့် ကမ္ဘာ့သမိုင်းဝင် မော်တော်ကားများရှိသည်။ အဲဒီလိုကားများထဲမှာ မြန်မာဇာတ်မင်းသားကြီးတစ်ဦးကို ဂုဏ်တက်စေခဲ့သည့်၊ ဘွဲ့ထူး၊ ဂုဏ်ထူးများ ရတာမှာ တစ်နည်းတစ်ဖုံပါဝင်ပတ်သက်နေသည့် မော်တော်ကားတစ်စီး ရှိခဲ့သည်။

အဲဒီ မော်တော်ကားအကြောင်းကို မပြောမီ ကျွန်တော်တို့နိုင်ငံက နိုင်ငံကျော်၊ လူသေသော်လည်း ယနေ့တိုင် နာမည်မသေသည့် မြန်မာဇာတ်မင်းသားကြီးအကြောင်း ကို အရင်ပြောချင်သည်။ မြန်မာ့ဇာတ်သဘင်လောကမှာ သူ့ခေတ်က သူတစ်ယောက် သာ ပေါ်ပေါက်ဖြစ်ခဲ့ရုံသာမက ယခုခေတ် တိုင်အောင်ပင် သဘင်ပညာမှာ ဘုရင်တစ်ဆူနေရာ ယူထားဆဲဖြစ်သည့် ဇာတ်မင်းသားကြီး ဦးဖိုးစိန်အကြောင်းပင်ဖြစ်သည်။ ဇာတ်မင်းသားကြီး ဦးဖိုးစိန်ဆိုသူမှာ နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ်။ အမည်မှာ ဂရိတ် တပ်ခေါ်ရသည့်ပုဂ္ဂိုလ်ဖြစ်သည်။ ဇာတ်မင်းသားကြီး၏ နာမည်ကို စာလုံးပေါင်းတာ ကွဲလွဲမှုရှိသည်။ ဦးဘိုးစိန်လို့လည်း ရေးကြသည်။ ကျွန်တော်တို့နှင့် ရင်းနှီးနေတာကတော့ ဦးဖိုးစိန်ဟူ၍သာ ဖြစ်သည်။ ဦးဘိုးစိန်နှင့် ဦးဖိုးစိန် ဘယ်ဟာအမှန်ဆိုသည်တော့ ကျွန်တော်မသိပါ။ ဦးဘိုးစိန်ဆိုတာ အသက်ကြီးလို့ အဘိုးကြီးဖြစ်တော့မှ ခေါ်သည့် အမည်လို့ ထင်ပါသည်။ ငယ်စဉ်ကပင် မင်းသားပျိုဘဝဖြင့် မောင်ဖိုးစိန်အမည်ဖြင့် ကနေခဲ့သည်ဟု မှတ်သားဖူးပါသည်။

ဦးဖိုးစိန်၏ သဘင်အနုပညာနှင့် ကျော်ကြားမှုကို အဂင်္လိပ်မင်းအစိုးရကပင် အသိအမှတ်ပြုရသည်အထိ ကျော်ကြားခဲ့ပါသည်။ ဦးဖိုးစိန်၏ အမည်ရှေ့မှာ ဂရိတ် (ကြီးမြတ်သော) လို့ အဓိပ္ပာယ်ရသည့် ဝိသေသထည့်ခွင့်ရသည်။ ဂရိတ်ဦးဖိုးစိန်ဟု အမည်တွင်သည်။ ဂရိတ်ဆိုသည့် နာမဝိသေသကို လူတိုင်းရနိုင်သည်မဟုတ်။ ထူးခြားကြီးမြတ်သူတွေကိုသာ ယူခွင့်ပြုသည်။ ဥရောပကိုသာမက အာရှတိုက်ကိုပါ သိမ်းပိုက်ဖို့ကြံစည်ခဲ့သည့် စစ်ဘုရင် အလဇ္ဇန္ဒား သည်လည်း ဂရိတ်ဘွဲ့ထူး၊ ဂုဏ်ထူးရသူဖြစ်သည်။ အလဇ္ဇန္ဒားသည်ဂရိတ်လို့ ခေါ်ကြရသည်။ ကျွန်တော်တို့နိုင်ငံက မြန်မာဇာတ်မင်းသားကြီး ဦးဖိုးစိန်ကတော့ ဖိုးစိန်ဂရိတ် မဟုတ်၊ ဂရိတ်ဖိုးစိန်ဖြစ်သည်။ သဘင်ပညာမှာ တစ်ခေတ်တစ်ယောက် ထွန်းပေါက်ခဲ့သည့် အနုပညာရှင်ဖြစ်သည်။ ဦးဖိုးစိန်ကို အချိုပေါ် သကာလောင်း၊ စိန်ကို ရွှေကွပ်သည်သို့ ဂုဏ်ပေါ်ဂုဏ်ဆင့်စေမည့် အကြောင်းတစ်ခု ပေါ်လာသည်။ ကမ္ဘာ့ သမိုင်းမှာ ပါဝင်ခဲ့လို့ သမိုင်းဝင်မော်တော်ယာဉ်တစ်စီးသည် ဦးဖိုးစိန်ဘွဲ့ထူး၊ ဂုဏ်ထူး ရတာတွင် ပါဝင်ပတ်သက်ခဲ့ဖူးသည်။

ထိုမော်တော်ယာဉ်သည်ကား အခြား မဟုတ်။ ပထမကမ္ဘာစစ်ကြီးကို ဖြစ်ပွားစေခဲ့သည့် သြစတြီးယား အိမ်ရှေ့မင်းသား လုပ်ကြံခံရစဉ်က စီးခဲ့သည့် မော်တော်ကား ဖြစ်သည်။ သြစတြီးယား အိမ်ရှေ့မင်းသား နှင့် ကြင်ယာတော်မင်းသမီး ဆိုဖီယာတို့ သည် အဲဒီကားပေါ်မှာ လုပ်ကြံခံလိုက်ရတာ ဖြစ်သည်။ မင်းသားနှင့် မင်းသမီးတို့သည် ဆားဗီးယားနိုင်ငံ၊ ဆာရာယေဗိုမြို့သို့ သွားလည်ပြီး အဲဒီကားဖြင့်လျှောက်လည်နေစဉ် အစွန်းရောက်အမျိုးသားရေးဝါဒီ သေနတ်သမားတစ်ယောက်၏ လက်ချက်ဖြင့် အဲဒီ ကားပေါ်မှာပင် အသက်ပျောက်ခဲ့ရတာဖြစ်သည်။ အဲဒီကားသည် Graft and Stift ကုမ္ပဏီမှ ၁၉၁၁ ခုနှစ်တွင်ထုတ်လုပ်ခဲ့သည့် မော်တော်ကားဖြစ်သည်။ ဒီမော်တော်ကားသည် ပထမကမ္ဘာစစ်ကြီး ဖြစ်ရသည့် အကြောင်းမှာ ပါဝင်ခဲ့သော မော်တော်ကား ဖြစ်လို့ သမိုင်းဝင်ပစ္စည်းအဖြစ်ဖြင့် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့က စစ်သမိုင်းပြတိုက်မှာ ပြသထားပါသည်။

ဒီမော်တော်ကားနှင့် မြန်မာနိုင်ငံက ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန် ဘွဲ့ထူး၊ ဂုဏ်ထူးရတာ ဘယ်လိုပတ်သက်လို့လဲ မေးစရာရှိသည်။ အဖြေရှိပါသည်။ ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်။ ဗျိုင်းနားလို့ ကိုင်းရတယ်။ ဗျိုင်း ဘာကြောင့်နားရတယ်။ ငါးပေါ်လို့ နားရတယ်။ ငါး ဘာကြောင့်ပေါ်ရတယ်။ ကျွဲအင်းလူးလို့ ပေါ်ရတယ် ဆိုတာမျိုးဖြစ်သည်။ သြစတြီးယား အိမ်ရှေ့မင်းသားသည် ဆားဘီးယားနိုင်ငံ၊ ဆာရာယေဗို မြို့က အဲဒီကားပေါ်မှာ လုပ်ကြံခံရသည်။ အဲဒီကိစ္စကြောင့် ပထမကမ္ဘာစစ်ကြီး ဖြစ်သည်။ စစ်ကြီးပြီးသွားတော့ အဂင်္လိပ်အစိုးရက ဦးဘိုးစိန်ကြီးကို ဘွဲ့ထူး၊ ဂုဏ်ထူးချီးမြှင့်သည်။ အဲဒီလို အကြောင်းဆက်ရှိခဲ့သည်။

အကြောင်းရင်းက ဒီလိုဖြစ်ခဲ့သည်။ ၂ဝ ရာစု အစပိုင်းမှာ ဥရောပတိုက်နှင့် အမေရိကန်မှာ စက်မှု၊ လက်မှု တအားတိုးတက်လာခဲ့သည်။ အခြားရုပ်ဝတ္ထုပစ္စည်းများနှင့်အတူ စစ်လက်နက်များပါတိုးတက်လာခဲ့သည်။ သေနတ်များ၊ အမြှောက်များ၊ သံချပ်ကာကားများပါ တည်ဆောက်နိုင်လာပါသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မက် ဖက်ပြိုင်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်သည့် အခြေအနေဖြစ်လာခဲ့သည်။ အတိမ်းအစောင်းမခံ၊ အန္တရာယ်များသည့်အခြေအနေဖြစ်ခဲ့သည်။ အဲဒီအခြေအနေမှာ သြစတြီးယားနိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖနန့်ဒစ်ဖာဒီနန် နှင့် ကြင်ယာတော်မင်းသမီးဆိုဖီယာတို့ဟာ ဆားဗီးယားနိုင်ငံ၏မြို့တော် ဆာရာရေဗိုကို သွားလည်သည်။ မင်းသားနှင့် မိဖုရားတို့ သည် အထက်ပါ သမိုင်းဝင်မော်တော်ကား ကို အမိုးဖွင့်စီးနင်းပြီး လျှောက်လည်နေစဉ် လုပ်ကြံခံလိုက်ရတာ ဖြစ်သည်။

အဲဒီအချိန်က ဥရောပသည် နယ်မြေ အငြင်းပွားမှုပြဿနာ၊ လူမျိုးရေးနှင့် ဘာသာကိုးကွယ်မှုပြဿနာများဖြင့် ထိလွယ်၊ ရှလွယ်အခြေအနေ ဖြစ်နေသည်။ ဘုရင်စနစ်ကို ဖျက်သိမ်းဖြုတ်ချပြီး ကွန်မြူနစ်စနစ်လုပ်ချင်သူရှိသည်။ ပါလီမန် ဒီမိုကရေစီစနစ် လုပ်ချင်သူရှိသည်။ နိုင်ငံရေး ရှုပ်ထွေးနေသည့်ကာလဖြစ်သည်။ ဘုရင်စနစ် ကို မလိုလားသူ အမျိုးသားရေးဝါဒီတစ်ယောက်က သြစတြီးယားအိမ်ရှေ့မင်းသား ကို ဆားဘီးယားနိုင်ငံထဲမှာ လုပ်ကြံလိုက်တာဖြစ်သည်။ အဲဒီလိုဖြစ်ပြီဆိုတော့ သြစတြီးယားက ဆားဗီးယားကို စစ်ကြေညာသည်။ ရုရှားက မကြောက်ရန် ဆားဗီးယားကိုမြှောက်ပေးသည်။ နင်မနိုင်လျှင် ငါကူတိုက်မည်ဟု မြှောက်ပေးသည်။ ဂျာမနီကလည်း သြစတြီးယားကို မြှောက်ပေးသည်။ ဒါမျိုးကို သည်းခံမနေနှင့်၊ ချသာချ။ နင်မနိုင်လျှင် ငါကူချပေးမည်ဟု ပြောသည်။ ဗြိတိန်က အားလုံးကို မေတ္တာရပ်ခံသည်။ ကမ္ဘာစစ်ကြီး ဖြစ်နိုင်သည့်အတွက် မြှောက်မပေးကြပါနှင့်၊ မတိုက်ကြပါနှင့်လို့ ပြောနေသည့်ကြားက ဂျာမနီသည် အိမ်နီးချင်းနိုင်ငံငယ်လေးဖြစ်သည့် ဘယ်လ်ဂျီယံနိုင်ငံလေးကို ဝင်တိုက်ပြီးသိမ်းယူလိုက်သည်။ အဲဒါဟာ ပထမကမ္ဘာစစ်ကြီးဖြစ်ဖို့ စတင်ခြင်းဖြစ်သည်။

၁၉၁၄ ခုနှစ်၊ သြဂုတ် ၄ ရက်မှာ ဗြိတိန်က ဂျာမနီကို စစ်ကြေညာသည်။ ဂျာမနီ၊ သြစတြီးယား၊ တူရကီ၊ ဘူလ်ဂေး ရီးယား လေးနိုင်ငံနှင့် ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ အမေရိကန်၊ အာရှက ဂျပန်၊ ဗြိတိန် ၏ ဓနသဟာယ ၁၂ နိုင်ငံတို့ တိုက်ကြတာ ဖြစ်သည်။ ပထမကမ္ဘာစစ်ကြီး သုံးနှစ်ကြာသည်။ အင်းအားချင်း မမျှသည့်အတွက် ဗြိတိန်အုပ်စုက နိုင်သည်။ ဂျာမနီအုပ်စုရှုံးသည်။ ဗြိတိန်က စစ်ကြီးနိုင်သည့်အထိမ်းအမှတ်အဖြစ် သူ့ရဲ့ နေမဝင်အင်ပါယာကြီးက ကိုလိုနီနိုင်ငံများမှာ တစ်ပြိုင်တည်း ခြိမ့်ခြိမ့်သဲ အောင်ပွဲခံသည်။ တစ်ကမ္ဘာလုံးက ကိုလိုနီနှင့် ဓနသဟာယနိုင်ငံများမှာ ဇာတ်များ၊ အငြိမ့်များ၊ စတိတ်ရှိုးများဖြင့် ကပြဖျော်ဖြေကြသည်။ မြန်မာနိုင်ငံကလည်း လွတ်လပ်ရေးမရသေးသည့်အတွက် အောင်ပွဲခံသည့်နိုင်ငံများထဲမှာ ပါခဲ့သည်။

အောင်ပွဲခံသည့် ဇာတ်ပွဲများထဲမှာ ဘုရားဒါယကာ ဇာတ်မင်းသားကြီး ဂရိတ် ဦးဖိုးစိန်က နှစ်ပါးခွင်မှာ ခြေထိုးအကဖြင့် အဂင်္လန်က ဂျော့ဘုရင် ဘုန်းတော်ဘွဲ့ကို ဆိုပြီးကသည်။

”ဂျော့ဘုရင် ရွှေဘုန်း နေတစ်နန်း ပမာအတူ၊ သတ္တဝါဗိုလ်လူကြည်ဖြူ၊ ထီးနန်းသရဖူ အုပ်စိုးတော်မူ၊ ဆရာစိန် တေး သီချင်း ဘေးကင်းဆောင်ယူ၊ ဂရိတ်ဗြိတိန် သာသာကြည်ဝိုင်းလို့ ဘာလင်ဂျာမန်တိုင်း ကို မဆိုင်းဘဲ အောင်တော်မူ …”

အဲဒီလို သီဆိုကလို့ ဦးဖိုးစိန်ကြီးကို အဂင်္လိပ်အစိုးရက တီပီအက်စ် (တိုင်းကျိုး ပြည်ကျိုးဆောင်) ဘွဲ့ထူး၊ ဂုဏ်ထူးချီးမြှင့်သည်။ ရွှေရောင်စလွယ်ရသည်။ ဗီယင်နာ မြို့ပြတိုက်ထဲက သမိုင်းဝင်မော်တော်ကား နှင့် ဆက်စပ်မှုရှိပါသည်။

အဏ္ဏဝါစိုးမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here