Aston မိုဒယ်တွေနဲ့ ထူးခြားကွဲပြားစွာ ထွက်ရှိခဲ့တဲ့ တံခါးနှစ်ပေါက် ပြိုင်ကား ၂၀၁၉ မိုဒယ် Aston Martin V8 Vantage

1237

 

Vantage ဆိုတဲ့အမည်ဟာ Aston Martin အမှတ်တံဆိပ်အောက်မှာ သက်တမ်းရှည်ကြာပြီး DB2 ရဲ့ စွမ်းဆောင်ရည်မြင့် ဗားရှင်းတစ်ခုအဖြစ် ၁၉၅၁ ခုနှစ် မှာ ပထမဆုံး အသုံးပြုခဲ့ပါတယ်။ Vantage ဟာ ထူးထူးခြားခြား တစ်သီးတစ်သန့်ရပ်တည်နေတဲ့ မိုဒယ်တစ်ခုဖြစ်ပြီး Aston ရဲ့ သမိုင်းမှာလည်း အကောင်းမြင် အခံရဆုံးကားလို့ ဆိုနိုင်ပါတယ်။ အဲဒါကတော့ Aston Martin V8 Vantage ပဲဖြစ်ပြီး ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက ပွဲထုတ်ခဲ့တာပါ။ V8 Vantage ဟာ Aston Martin DB11 မိုဒယ်ကို အခြေခံထားတာဖြစ်ပေမဲ့ အင်ဂျင်ကတော့ နာမည်နဲ့လိုက်အောင် V8 အင်ဂျင် တစ်မျိုးတည်းကိုပဲ ရရှိနိုင်ပါတယ်။ 2019 Aston Martin V8 Vantage ရဲ့အနီးစပ်ဆုံး ပြိုင်ဘက်တွေကတော့ Porsche 911 Turbo နဲ့ Mercedes-AMG GT C Coupe တို့ပဲ ဖြစ်ပါတယ်။

တခြား Aston မိုဒယ်တွေနဲ့ ထူးခြားကွဲပြားတဲ့ တံခါး နှစ်ပေါက်ပြိုင်ကား V8 Vantage ဟာ ခပ်တိုတို Overhang (ကားရှေ့/ နောက် ဘီးဝင်ရိုးနဲ့ ကားအရှေ့/အနောက်ဘက်စွန်းကြား အကွာအဝေး)၊ ကျယ်ဝန်းပြန့်ကားတဲ့ ကိုယ်ထည်အနေအထား၊ ဗြက်ကျယ်ကျယ် ကားအနောက်ဘက်စွန်းတို့နဲ့ ဆွဲဆောင်အားကောင်းလှတဲ့ ကိုယ်ထည်ပုံစံကို ပိုင်ဆိုင်ထားပါတယ်။ အနောက်ဘက်ကို ခပ်ပြေပြေဆင်းသွားတဲ့ ကားမောင်းနှင်ခန်းဧရိယာနဲ့ ရှည်လျားတဲ့ ကားစက်ဖုံးကောက်ကြောင်းတို့ဟာလည်း အချိုးအစားကျနပါတယ်။ ပထမဆုံးအနေနဲ့ ကားရှေ့မီးနဲ့ နောက်မီးရဲ့ အလျားလိုက်ပုံစံ အသားပေးဖန်တီးထားတဲ့ အဲဒီလိုဒီဇိုင်းဟာ ကားကို ဗြက်ပိုကျယ်သယောင် ထင်ရစေပါတယ်။ အင်ဂျင်ကို လုံလုံလောက်လောက်အေးမြမှုပေးမယ့် ရှေ့မျက်နှာစာ ရှဲလ်(Grille) ကိုတော့ ပြိုင်ပွဲသုံးပြိုင်ကား Aston Martin Vulcan လို ပုံစံမျိုး အတုယူဖန်တီးထားပါတယ်။ ကြီးမားကျယ်ဝန်းတဲ့ ရှဲလ်ပုံစံက အရင်နဲ့ သိပ်မကွာပေမဲ့ ကားရဲ့ရှေ့မျက်နှာစာက ပိုနိမ့်တဲ့နေရာမှာ တည်ရှိပြီး Front Splitter တွေနဲ့ တိုက်ရိုက် ထိစပ်နေပါတယ်။ ကားမှာ သစ်လွင်တဲ့ ဟန်ပန်ရရှိဖို့အတွက် အသစ်မွမ်းမံထားတဲ့ ကားအရှေ့ဘက် လေပင့်အားထိန်းတောင်ပံ၊ လေစုပ်ပေါက်တွေနဲ့ အနောက်ဘက်က Rear Diffuser တို့လို လေခွင်းအား အစိတ်အပိုင်းတွေကို အဆင့်မြှင့်တင် တပ်ဆင်ပေးထားပါတယ်။ ကားဘေးဘက်က ပါးဟက်ပုံ လေစုပ်ပေါက်တွေဟာလည်း ဒီဇိုင်းသစ်ဖြစ်ပြီး ကားရဲ့ လေခွင်းအား အစိတ်အပိုင်းဒီဇိုင်းသစ်တွေက မြေဝပ်အားကို သိသိသာသာ တိုးတက်စေပါတယ်။ ကားဘီးခုံးအောက်မှာ ပုံမှန်ကတော့ လက်မနှစ်ဆယ်အရွယ် ဘီးတွေကို တပ်ဆင်ထားပြီး Pirelli P Zero ကားတာယာတွေက ကုပ်အားကို ကောင်းစေပါတယ်။ ကားနောက်ဘက်မှာ ကားနောက်မီးတွေဟာ အရင်ထက် ပိုသွယ်လျပြီး မီးတန်းရှည်တစ်ခုနဲ့ သွယ်ဆက်ထားပါတယ်။ အိပ်ဇောပိုက် တစ်စုံကတော့ ပြိုင်ကားပီသတဲ့ အိပ်ဇောသံမျိုးရရှိအောင် စွမ်းဆောင်ပေးမှာပါ။ Vantage ကားသစ်မှာ ခဲပုပ်ရောင် ကိုယ်ထည်အစိတ်အပိုင်းတွေနဲ့ ခဲပုပ်ရောင် Rear Diffuser တို့ကို ဖန်တီးထားပြီး တိုက်တေနီယမ် အရောင်ကိုတော့ ရှေ့မျက်နှာစာရှဲလ်အတွက် အသုံးပြုထားပါတယ်။ ကိုယ်ထည် အတိုင်းအတာအရဆိုရင် Vantage ကားသစ်ဟာ ဗြက် ပိုကျယ်၊ အလျားပိုရှည်ပြီး Wheelbase (ကားရှေ့ဘီး ဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးကြားအကွာအဝေး) လည်း ပိုရှည်ပါတယ်။ အဲဒီလို လှပတဲ့ ကားကိုယ်ထည်ခွံ ရဲ့အောက်မှာတော့ DB11 လို ပေါ့ပါးပြီး ကျစ်လျစ် တောင့်တင်းတဲ့ အလူမီနီယမ်သား အောက်ခံထည် တည်ဆောက်ပုံကို လက်ခံရရှိထားပါတယ်။

Front-mid အင်ဂျင်တပ် နောက်ဘီးယက်စနစ်သုံး ပြိုင်ကားသစ် V8 Vantage မှာ Mercedes ရဲ့ M177 4.0 Liter Twin-turbo V8 အင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ၅ဝ၃ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကို Rear-mounted ZF Auto ဂီယာ ရှစ်ချက်ကနေတစ်ဆင့် ကားနောက်ဘီးတွေဆီ ပို့လွတ်မောင်းနှင်စေမှာပါ။ ကားရဲ့အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၉၅ မိုင်နှုန်းဖြစ်ပြီး ၃ ဒသမ ၆ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်း ရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ ဆီစားနှုန်းကတော့ မြို့တွင်းမှာ တစ်ဂါလန် ၁၉ ဒသမ ၇ မိုင်၊ အဝေးပြေးလမ်းမှာ ၃၄ ဒသမ ၃ မိုင်နဲ့ နှစ်ခုပေါင်း ပျမ်းမျှ တစ်ဂါလန် ၂၆ ဒသမ ၈ မိုင်နှုန်း အသုံးပြုနိုင်ပါတယ်။ အင်ဂျင်ရဲ့အထားအသိုဟာ အရှေ့ဘက်အလယ်ပိုင်း အနေအထားဖြစ်တာကြောင့် ကိုယ်ထည်အလေးချိန်ကို ညီညွတ်မျှတစေပါတယ်။ သံမဏိသား အိပ်ဇောပိုက်ကို အီလက်ထရွန်းနစ်စွမ်းအင်နဲ့ ထိန်းချုပ်ထားတာကြောင့် အိပ်ဇောသံကို စိတ်တိုင်းကျ အတိုး/အကျယ် ပြုလုပ်နိုင်ပါတယ်။

ထူးခြားချက်တစ်ခုက V8 Vantage မှာ Aston Martin အတွက် ပထမဆုံးအနေနဲ့ အီလက်ထရွန်းနစ်စွမ်းအင်သုံး Rear Differential(E-Diff) ကို အသုံးပြုထားပြီး ကုပ်အားပိုကောင်းအောင် ထောက်ကူပေးနိုင်ပါတယ်။ ကားမောင်းသူအတွက် အသားပေးဖန်တီးထားတဲ့ နှစ်ယောက်စီး ကားအတွင်းခန်းတစ်ခုလုံးကို ၂ဝ၁၈ မိုဒယ်အတွက် အသစ်မွမ်းမံဖန်တီးထားပြီး ခရီးသည်ထိုင်ခုံနေရာကိုလည်း ပိုကျယ်ဝန်းအောင် စီမံထားပါတယ်။ ဒါ့ပြင် အတွင်းခန်းမှာ Alcantara နဲ့ Leather အခင်းအကျင်းကိုလည်း စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ကားကိုယ်ထည်အလေးချိန်လျှော့ချဖို့အတွက် ခရီးသည်ဘက်က Glove Compartment မပါဝင်တော့သလို Center Console ဒီဇိုင်းကိုလည်း ခပ်ရိုးရိုး ဖန်တီးပေးထားပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here