မျက်စိမမြင်သည့်  ဆိုင်ကယ်သမား  Ben Felten  ကမ္ဘာ့စံချိန်သစ်  ထပ်တင်ရန်  ကြိုးပမ်းမည်

736

မျက်စိမမြင်သော်လည်း ကမ္ဘာ့အမြန်ဆုံး ဆိုင်ကယ်မောင်းသူအဖြစ် စံချိန်တင်ထားသော Ben Felten သည် ၎င်း၏ မူလစံချိန်ကို ထပ်မံချိုးဖျက်ရန် ကြိုးပမ်းနေကြောင်း မတ် ၁၆ ရက်တွင် new-atlas သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

Ben Felten သည် အသက် ခုနစ်နှစ်အရွယ်ကပင် ဆိုင်ကယ်စစီးကာ ပရော်ဖက်ရှင်နယ်ဆိုင်ကယ်သမားတစ်ဦးဖြစ်ရန် အိပ်မက်မက်ခဲ့သည်။ သို့ရာတွင် Retinitis Pigmentosa ရောဂါကို အသက် ၁၆ နှစ်တွင် Ben Felten စတင်ခံစားခဲ့ရပြီး အသက် ၃၇ နှစ် အရောက်၌ လုံးဝမျက်စိကွယ်သွားခဲ့ သည်။ ထိုကဲ့သို့ မျက်မမြင်ဖြစ်သွားသော်လည်း Ben Felten သည် အားမလျှော့ဘဲ လှေလှော်၊ ခရစ်ကတ် အားကစားနည်းများ လိုက်စားကာ ဂုဏ်ထူးဆောင်ဆုတံဆိပ်လည်း ရခဲ့ဖူးသည်။ အသက် ၄၂ နှစ်အရွယ်တွင် ခရစ်ကတ်ကစားခြင်းမှ အနားယူပြီးနောက် ငယ်ဘဝအိပ်မက်ဖြစ်သည့် ဆိုင်ကယ်စီးခြင်းကို Ben Felten ပြန်လည်ပြုလုပ်ခဲ့သည်။

ပြီးခဲ့သော ၂ဝ၁၇ ခုနှစ်တွင် သြစတြေးလျနိုင်ငံတောင်ပိုင်း Lake Gairdner အရပ်ရှိ ဆားကွင်းပြင်ကြီး၌ ပြုလုပ်သည့်  Speedweek 2017 တွင် Ben Felten သည် Yamaha R1 ဆိုင်ကယ်ဖြင့် ဝင်ရောက်စီးနင်းကာ တစ်နာရီ ၁၅၆ ဒသမ ၂၅ မိုင်အရှိန်နှုန်းနှင့် မျက်မမြင် ဆိုင်ကယ်သမားတစ်ဦး အနေဖြင့် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်။ Ben Felten ဆိုင်ကယ်စီးရာတွင် MotoGP ဆိုင်ကယ်သမားဟောင်း Kevin Magee က နောက်မှ ဆိုင်ကယ်တစ်စီးဖြင့်လိုက်ပါကာ မောင်းရမည့်လမ်းကြောင်း နှင့် အချိုးအကွေ့များအတွက် ရေဒီယို ဆက်သွယ်ရေးစက်မှ တစ်ဆင့် လမ်းညွှန်ကူညီပေးခဲ့သည်။ ယခုတစ်ကြိမ်တွင် Ben Felten သည် Kawasaki ZX-10 ဆိုင်ကယ် ကို ပြောင်းလဲစီးနင်းကာ ယမန်နှစ်က သူတင်ထားသောစံချိန်ကို ချိုးဖျက်နိုင်ရန် ကြိုးစားသွားမည် ဟု သိရသည်။

Ref : newatlas.com

LEAVE A REPLY

Please enter your comment!
Please enter your name here