မံဆောင်းတံတားသစ်ပြီးစီးသွားပါက ကလေး-ရိဒ် နယ်စပ်ကုန်သွယ်ရေးကားများ ရာသီမရွေး သွားလာနိုင်မည်ဖြစ်၊ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ပိုမိုအားကောင်းလာမည်ဟုဆို

86

 

ကေလး၊ နိုဝင်ဘာ ၁၉

ချင်းပြည်နယ် မဏိပူရ်မြစ်ပေါ်တွင် တည်ရှိသော လက်ရှိ မံဆောင်းတံတားအပြင် မံဆောင်းတံတားအသစ်တစ်စင်း စတင်တည်ဆောက်နေပြီဖြစ်ရာ အဆိုပါတံတား ပြီးစီးသွားပါက ကလေး-ရိဒ် နယ်စပ်ကုန်သွယ်ရေးကားများ ရာသီမရွေးသွားလာနိုင်မည့်အပြင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလည်း ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း ဒေသခံကုန်သည်များက ပြောကြားသည်။

“မံဆောင်းတံတားသစ် အခုစဆောက်နေပြီ၊ တံတားအသစ်သာ ပြီးစီးသွားရင် ကလေး-ရိဒ်နယ်စပ်ကားတွေအကုန်လုံး နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာနိုင်မယ်လို့ မျှော်လင့်တယ်၊ ဘာလို့လဲဆို အခု ကလေး-တီးတိန်-ရိဒ်လမ်းပိုင်းမှာဆိုလည်း လမ်းတွေ တော်တော်များများကောင်းနေပြီ၊ မံဆောင်းတံတားကောင်းဖို့ပဲလိုတော့တယ်၊ ဒါကြောင့် ဒီတံတားအသစ်ကြီးပြီးသွားရင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးက ပိုပြီးအားကောင်းဖို့ပဲရှိတယ်” ဟု ကလေး-ရိဒ်နယ်စပ်ကုန်သွယ်ရေးကားများ ပြေးဆွဲလျက်ရှိသော ပန်းချယ်ရီ ကုန်စည်ပို့ဆောင်ရေးဂိတ် ဖွင့်လှစ်ထားသူ ကိုအောင်ကျော်စိုးက ပြောကြားသည်။

လက်ရှိ မံဆောင်းတံတားသည် တီးတိန်နှင့် ရိဒ်ခေါဒါရ်မြို့အကြား တည်ရှိပြီး မဏိပူရ်မြစ်ပေါ် ကန့်လန့်ဖြတ်တည်ဆောက်ထားကာ တံတားအသုံးပြုနေသည့်သက်တမ်းမှာ ၁၅ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သဖြင့် ၁၃ တန်အောက် ကားများသာ ဖြတ်သန်းသွားလာ၍ရကြောင်း၊ ထို့ကြောင့် ၁၀ ဘီး၊ ၁၂ ဘီး စသည့် နယ်စပ်ကုန်သွယ်ရေးကားကြီးများသည် အဆိုပါတံတားရောက်တိုင်း ကုန်ပစ္စည်းများကို ခြောက်ဘီးကားများနှင့် တစ်ဆင့်သယ်ဆောင်သွားလာရပြီး ကုန်ကဲ့စရိတ်များပိုသွားကာ သွားလာရေးမှာလည်း အနည်းငယ်ကြန့်ကြာမှုများ ကြုံတွေ့ရကြောင်း ကလေး-ရိဒ် နယ်စပ်ကုန်သွယ်ရေးကားများထံမှ စုံစမ်းသိရသည်။

“နွေရာသီရောက်ရင် မြစ်ထဲရေနည်းတော့ တံတားအောက်ကနေပဲ ဒီအတိုင်းဖြတ်မောင်းသွားလိုက်တယ်၊ ဖြတ်မောင်းသွားပေမဲ့လည်း ငွေကုန်တာတော့ မလွတ်ဘူးပေါ့၊ ဘာလို့ဆို လမ်းပျက်တဲ့အခါပြင်ဖို့ တစ်ခါဖြတ်သန်းရင် ဘယ်လောက်ဆိုပြီးကောက်တာရှိတယ်၊ မိုးတွင်းနဲ့ဆောင်းတွင်းဆိုရင်တော့ တံတားပေါ်ကပဲ ဖြတ်ရပေမဲ့ ကားကြီးတွေအားလုံး ၁၃ တန်ထက်ကျော်တော့ မံဆောင်းတံတားရောက်ပြီဆိုတာနဲ့ ကုန်တွေချရတယ်၊ ခြောက်ဘီးကားနဲ့တစ်ဆင့််ပြန်သယ်ရတယ်၊ သယ်ပြီးလို့ တံတားကျော်သွားပြီဆိုရင် အဲဒီကုန်တွေထပ်တင်ရတယ်၊ ဒါနဲ့ မလိုအပ်ဘဲ အချိန်တွေက ကုန်သွားရော၊ တကယ်လို့သာ အခုဆောက်နေတဲ့ မံဆောင်းတံတားက ကုန်တန်ချိန်များများနဲ့လည်း ဖြတ်သန်းလို့ရမယ်ဆိုရင် ခရီးမကြန့်ကြာတော့ဘူးပေါ့” ဟု ကလေး-ရိဒ် နယ်စပ်ကုန်သွယ်ရေးကားမောင်းနေသူ ကိုဝုန်ပီးက ဆိုသည်။

လက်ရှိ အသုံးပြုနေဆဲ မံဆောင်းတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်၊ မတ် ၂ ရက်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်ဟု တံတားမှတ်တမ်းများတွင် ဖော်ပြထားသည်။ ထို့ပြင် အဆိုပါတံတားသည် ကြိုးတံတားအမျိုးအစားဖြစ်သဖြင့် ကုန်တန်ချိန် ၁၃ တန်အောက်ကားများကိုသာ ဖြတ်သန်းခွင့်ပေးထားကြောင်း တီးတိန်မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
လက်ရှိအသုံးပြုနေဆဲ မံဆောင်းတံတားကို တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here