မေ ၁၃ ရက်မှစ၍ YBS စီးခရီးသည်များ အပါအဝင် အပြင်ထွက်သည့်အခါ Mask မတပ်သူများအား ဒဏ်ငွေ ကျပ် ငါး​ထောင် အရေးယူမည်

280

 

 

 

 

ရန်ကုန်၊ ​မေ ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS စီးခရီးသည်များအပါအဝင် ပြည်သူများအားလုံး အိမ်အပြင်ထွက် သွားလာကြသည့်အခါ မဖြစ်မနေ Mask တပ်ဆင်သွားလာရမည်ဖြစ်ပြီး မေ ၁၃ ရက်မှစ၍ Mask တပ်ဆင်ခြင်းမရှိသူများကို ဒဏ်ငွေ ကျပ် ငါး​ထောင်ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့ မှ သိရသည်။

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်တစ်ရပ်အနေဖြင့် ရောဂါမှကာကွယ်ရန် အိမ်ပြင်ထွက် သွားလာသည့်အခါ မဖြစ်မနေ Mask တပ်ဆင်သွားလာရန်လိုအပ်သည့်အတွက် မေ ၁၃ ရက်မှစကာ YBS စီးခရီးသည်များအပါအဝင် အိမ်အပြင်ထွက် သွားလာကြသည့် ပြည်သူများအားလုံး Mask မတပ်ဆင်ပါက ဒဏ်ငွေကျပ် ငါး​ထောင်ဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“Covid-19 ရောဂါကို ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံတာပါ၊ YBS စီးခရီးသည်ရော အပြင်ထွက်သွားလာတဲ့ ဘယ်သူမဆို Mask မတပ်ရင် ဒဏ်ငွေ ငါး​ထောင်လို့ သိရပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ Research and Development ဌာန ဌာနမှူး ဦးလျန်ကျင့်မန်က ပြောသည်။

မြန်မာနိုင်ငံ၌ Covid-19 ကူးစက်ရောဂါ စတင်တွေ့ရှိခဲ့သည့် မတ် ၂၃ ရက်မှ လက်ရှိအချိန်အထိ ရောဂါပိုးကူးစက်ခံရသူ ၁၈၀ ရှိနေပြီး တစ်ကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားသူ ၃၉ သိန်းနီးပါး ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မူကို ထိန်းချုပ်နိုင်ရန်အတွက် ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ရောဂါပိုးသယ်ဆောင်သည့်သူများလည်း ရှိနေနိုင်​သောကြောင့် အပြင်ထွက်သွားလာခြင်းသည် ရောဂါပိုးကူးစက်နိုင်သည့် အလားအလာရှိနိုင်ပါသည်။ ထို့ကြောင် Covid -19 ရောဂါပိုးကို ကာကွယ်ထိန်းချုပ်ရန်အတွက် အပြင်ထွက်သွားလာသည့်အခါ မဖြစ်မနေ Mask တပ်ဆင်ကြရန် လိုအပ်ကြောင်း သိရသည်။

YBS စီးသည့်အခါ မဖြစ်မနေ Mask တပ်ဆင်ကြရန်အတွက် အသိပညာပေးပြောကြားမှုများ ပြုလုပ်ထားသော်လည်း Mask တပ်ဆင်ခြင်း မရှိသည့်ခရီးသည်များ များပြားနေသည့်အတွက် မူဝါဒတစ်ခုချမှတ်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို YRTA မှ တင်ပြခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် YBS စီးသည့် ခရီးသည် သုံးသိန်းကျော်ရှိကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here