မော်တော်ယာဉ်ဥပဒေတွင် SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများအတွက် တိကျသေချာသည့် စံနှုန်း သတ်မှတ်ချက် ထည့်သွင်းပေးရန် အကောက်ခွန်ဦးစီးဌာနမှ အကြံပြုတင်ပြ

1056

မော်တော်ယာဉ်ဥပဒေတွင် SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများအတွက် တိကျသေချာသည့် စံနှုန်းသတ်မှတ်ချက် ထည့်သွင်းပေးရန် အကောက်ခွန်ဦးစီးဌာနမှ အကြံပြုတင်ပြထားကြောင်း သိရသည်။

 

SKD စနစ်ဖြင့် ထုတ်လုပ်သည့်ကားများကို အကောက်ခွန်စည်းကြပ်ရာတွင် အခက်အခဲများရှိနေသည့်အတွက် လက်ရှိပြဌာန်းထားသော SKD-1 နှင့် SKD-2 အဆင့်သတ်မှတ်ချက် နှစ်ခုမှ တစ်ခုကို ရွေးချယ်အတည်ပြု၍ မော်တော်ယာဉ်ဥပဒေတွင် ထည့်သွင်းရေးဆွဲပေးရန် တင်ပြ ထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

”ပြည်ပကနေ မော်တော်ယာဉ်အစိတ်အပိုင်း တင်သွင်းတဲ့အခါမှာ တချို့ကုမ္ပဏီတွေက SKD-1နဲ့ တင်ပြတယ်၊ တချို့ ကုမ္ပဏီတွေက တော့ SKD-2 နဲ့ ထုတ်တယ်၊ ဒီတော့ အခွန်စည်းကြပ်တဲ့အခါမှာ ဘယ်သတ်မှတ်ချက်နဲ့ တိုက်စစ်ရမလဲ၊ ဘယ်လိုစစ်ဆေးရမလဲဆိုတာကို မော်တော်ယာဉ်ဥပဒေမှာ ထည့်သွင်းရေးဆွဲပေးဖို့အတွက် တင်ပြထားပါ တယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယခုနှစ်မှ စတင်လုပ်ကိုင်သည့် ကုမ္ပဏီများကို SKD-2 တွင် ပါဝင် သည့် သတ်မှတ်ချက် ၁ဝ ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်ညွှန်ကြား ထားသလို ကုမ္ပဏီအဟောင်းများကိုလည်း SKD-1 မှ SKD-2 စနစ်သို့ အမြန်ဆုံး ပြောင်းလဲဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း သိရသည်။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် ထိုသတ်မှတ်ချက် နှစ်ခုကြားတွင် အခွန် စည်းကြပ်ရန် အခက်အခဲဖြစ်ပေါ်နေ၍ မော်တော်ယာဉ်ဥပဒေတွင် SKD ကားများအတွက် တိကျသည့် သတ်မှတ်ချက်တစ်ခု ထည့်သွင်းပေးရန် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here