မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှ ရခိုင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများကို အလှူငွေကျပ်သိန်းနှစ်ရာနှင့် အစားအသောက်၊ ဆေးဝါး၊ ပစ္စည်းများ လှူဒါန်း

357

မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှ ရခိုင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများကို အလှူငွေကျပ် သိန်း နှစ်ရာနှင့် အစားအသောက်၊ ဆေးဝါး၊ ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်း သိရသည်။

 

မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှ ဦးဆောင်ကာ ကားလုပ်ငန်းရှင်များ၊ ကားအကျိုးဆောင်များ၊ ကုမ္ပဏီများနှင့် အလှူ ရှင်များထံမှ ကောက်ခံရရှိသည့် အလှူငွေများ၊ ဆေးဝါးပစ္စည်းနှင့် အစားအသောက်များ ပစ္စည်းတို့ဖြင့် သြဂုတ် ၃ ရက်တွင် လှိုင်ယာဉ် ရောင်းဝယ်ရေးစခန်းမှ မော်တော်ယာဉ်ငါးစီးဖြင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ သွားရောက်ကာ တိုင်းရင်းသားများထံ အလှူငွေနှင့် ပစ္စည်းလှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

”ရခိုင်ပြည်နယ် စစ်ဘေးသင့် ပြည်သူတွေကို ကားဝယ်/ရောင်းတွေ၊ အကျိုးဆောင်တွေနဲ့ကုမ္ပဏီ တွေကလှူဒါန်းတဲ့ အလှူငွေတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပြီး သွားရောက်လှူဒါန်းတာ ဖြစ်ပါတယ်၊ ငွေကြေးတင်မဟုတ်ဘဲ  ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးပစ္စည်းတွေနဲ့ လိုအပ်တာတွေဝယ်ပြီး သွားရောက်လှူဒါန်းတာ ဖြစ်ပါတယ်၊ မောင်တောမှာရှိတဲ့ တိုင်ရင်းသားတွေနဲ့ တိုင်ပင်ပြီး ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို အချိုးကျသွားရောက်လှူဒါန်းသွားမယ်၊ နောက်ပြီး ဒုက္ခသည် စခန်းတွေမှာ လိုအပ်နေတဲ့ အိမ်သာတွေလည်း တည်ဆောက်သွားမယ်၊ အခု လှူဒါန်းနေတာအပြင် ကားဝယ်/ရောင်းအဖွဲ့ နှစ်ဖွဲ့ကလည်း သွားရောက်လှူဒါန်းဖို့ ရှိပါတယ်”ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ ဦးအေးကျော်က ပြောကြားသည်။

 

မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်)ကို ဇူလိုင်လတွင် ယာယီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး အသင်းအနေဖြင့် ကားဝယ်/ရောင်း ပြုလုပ်သူများ၏ အခက်အခဲများအပြင် လူမှုရေးလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းသည် အောက်တိုဘာ ၉ ရက်တွင် ရန်ကုန်မြို့တော်ဝန်နှင့် တွေ့ဆုံကာ ယာဉ်ရောင်းဝယ်ရေးစခန်းများ အတိတကျသတ်မှတ်ပေးရန်နှင့် ညသိပ်ကားများ ပြန်လည်ထားရှိခွင့်ပေးရန် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here