မော်တော်ယာဉ်နှင့် Optical Head-Mounted Display ကိုမိတ်ဆက်ခြင်း

429

ဒစ်ဂျစ်တယ် အီလက်ထရွန်းနစ်ခေတ်မှာ ဆန်းသစ်တဲ့ အဆင့်မြင့်နည်းပညာသုံး ပစ္စည်းကိရိယာတွေ အတော်များများ တီတွင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ IT နည်းပညာနဲ့ ဆက်နွယ်နေတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေဟာလည်း အံ့မခန်း တိုးတက်လာခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဧပြီလမှာ အမေရိကန် Google က လူတွေ ထူးဆန်းအံ့သြသွားစေတဲ့ Wearable Electronic အသုံးအဆာင်ပစ္စည်းတစ်ခုကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဲဒီ ပစ္စည်းကတော့ Google Glass လို့ခေါ်တဲ့ ကွန်ပျူတာ နည်းပညာသုံး Optical Head-Mounted Display(OHMD) မှော်ဝင်မျက်မှန်တစ်စုံပဲ ဖြစ်ပါတယ်။

Google Glass က စာကြည့်မျက်မှန်၊ နေကာမျက်မှန်လို သာမန်မျက်မှန်မျိုးတော့ မဟုတ်ပါဘူး။ Heads-up Display လိုမျိုး ပုံရိပ်ကို ထိုးပြနိုင်တဲ့ Project Glass အမျိုးအစားဖြစ်ပါတယ်။ သူ့မှာ ထူးဆန်းတာက Smart Phone နဲ့ ချိတ်ဆက်ပြီး Online အသုံးပြုနိုင်တာပါပဲ။ Google Glass ဆိုလို့ သာမန်ထက် နည်းနည်းပိုကောင်းတဲ့ မျက်မှန်လို့ပဲ ထင်ကြပါလိမ့်မယ်။ မျက်မှန်လိုပဲ ဦးခေါင်း(Head) မှာတပ်ဆင်ပြီး ကြည့်ရှုရတာကြောင့် မျက်မှန်တစ်မျိုးပဲလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ မျက်မှန်မဟုတ်ပါဘူး။ မျက်မှန်ဆိုတာ မျက်စိပါဝါကို အထောက်အကူပြုဖို့၊ ဒါမှမဟုတ် စူးရှတောက်ပတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ တပ်ဆင်ခဲ့ကြတာပါ။ အလွန်ရိုးရှင်းပြီး မျက်မှန်ကိုင်းနဲ့ မှန် နှစ်မျိုးပဲ ပါဝင်ပါတယ်။ Google Glass ကတော့ ကွန်ပျူတာ၊ ဒါမှမဟုတ် Smart Phone နဲ့ ချိတ်ဆက်ထားတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

Google Glass ကို ဘာကြောင့် ထူးဆန်းတယ် လို့ပြောရတာလဲ။ Google Glass မှာ CPU ၊ Dual-Core Processor ပါတယ်။ Memory Storage က 16 GB ပါရှိပြီး Prism Projector ကDisplay လုပ်ပြတာကို ကြည့်ရှုခံစားနိုင်တယ်။ ရှစ်ပေ အကွာအဝေးလောက်မှာ ၂၅ လက်မ မျက်နှာပြင် နဲ့ HUD (Heads-up-display) ကဲ့သို့ မြင်ရပါတယ်။ မိုက်ခရိုဖုန်း(Microphone) ပါဝင်ပြီး အသံနဲ့ အမိန့်ပေး(Voice Command System) နိုင်ပါတယ်။ ကင်မရာပါရှိတာကြောင့် ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတင်နိုင်သလို Live ကိုလည်း တစ်ပြိုင်နက်တည်း ပြသနိုင်ပါတယ်။

My Glass Phone Mobile App ကို Smart Phone မှာ ထည့်သွင်းပြီး Bluetooth ၊ Wi-Fi တို့နဲ့ ချိတ်ဆက်အသုံးပြုနိုင်တယ်။ ပါဝါ ထောက်ပံ့ဖို့ 570 mAh ရှိတဲ့ Lithium Battery တပ်ဆင်ထားပါတယ်။ အလေးချိန်က ၃၆ ဂရမ်ပဲရှိလို့ Google Glass ကို မျက်နှာ(ဦးခေါင်း) ပေါ်မှာ မျက်မှန်တစ်လက်လိုပဲ တင်ဆင်အသုံးပြုနိုင်တာကြောင့် Hands-Free Format ဒီဇိုင်းဖြစ်ပါတယ်။ Internet Online အသုံးပြုနိုင်တာကြောင့် Google Map အသုံးချပြီး GPS စနစ်နဲ့ လမ်းကြောင်းရှာဖွေနိုင်ပါတယ်။ Memory 12 GB ပါတာလို့ ကင်မရာမှ မှတ်တမ်းတင်ပြီး Online မှာ ချိတ်ဆက်နိုင်ပါတယ်။

Google Glass ဆိုတာ ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုလို့ရတဲ့ အီလက်ထရွန်းနစ်ပစ္စည်း ဖြစ်တာကြောင့် သုံးစွဲနိုင်တဲ့နယ်ပယ် ကျယ်ဝန်းပါတယ်။ လူတစ်ဦးချင်း အသုံးပြုနိုင်သလို လုပ်ငန်းနယ်ပယ် အတော်များများမှာလည်း အသုံးချနိုင်ပါတယ်။ Internet Online နဲ့ သတင်းအချက်အလက်တွေကို အပြန်အလှန် မျှဝေ အသုံးပြုလို့ရပါတယ်။ Open Multimedia Application Platform Chip ပါဝင်တာကြောင့် Video Processor က Resolution ကောင်းကောင်းနဲ့ တစ်စက္ကန့်မှာ ဖရိမ်ပုံရိပ်ပေါင်းသုံးဆယ်ကို မှတ်တမ်းတင်နိုင်ပါတယ်။ Google Glass ဒီဇိုင်းက လက်နဲ့ကိုင်တွယ်ထိန်းသိမ်းစရာမလိုတဲ့ Hands-Free ဖြစ်တာကြောင့် သတင်းမီဒီယာသမား၊ သတင်းဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းဖိုင်တွေ ရိုက်ကူးရာမှာ အလွန်အဆင်ပြေလှပါတယ်။

ဆေးပညာလောကမှာလည်း Google Glass အသုံးပြုနိုင်ပါတယ်။ ခက်ခဲတဲ့ ခွဲစိတ်ကုသမှုတစ်ခုကို ခွဲစိတ်ဆရာဝန်က Google Glass မျက်မှန်တပ်ထားရုံနဲ့ မှတ်တမ်းတင်နိုင်ပါတယ်။ အလုပ်သင်ဆရာဝန် သင်တန်းသားတွေကိုလည်း ခွဲစိတ်ပုံအဆင့်ဆင့် သရုပ်ပြ ရှင်းလင်းပေးနိုင်ပါတယ်။ ခွဲစိတ်ခန်းအတွင်း ခွဲစိတ်မှု မှတ်တမ်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ Live မှာ ကြည့်ရှုနိုင်ပါတယ်။

၂ဝ၁၄ ခုနှစ်မှာ နီပေါအစိုးရက Chitwan သဘာဝ တောရိုင်းဥယျာဉ်ထဲက ဆေးဘက်ဝင်အပင်တွေ၊ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ရာမှာ Google Glass အသုံးပြုခဲ့ပါတယ်။ သဘာဝတောရိုင်းဥယျာဉ်ထဲ ကျူးကျော်ဝင်ရောက်သူတွေကို အရေးယူနှိမ်နင်းရာမှာလည်း နီပေါစစ်တပ်က Google Glass အသုံးချခဲ့ပါတယ်။ Google Glass ဟာ Online နဲ့ ချိတ်ပြီး GPS လမ်းပြမြေပုံ အသုံးပြုနိုင်ပါတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နှစ်ဖက်စလုံးဟာ မအားလပ်ကြပါဘူး။ ဒါကြောင့် Hands-Free ဒီဇိုင်းပြုလုပ်ထားတဲ့ Google Glass ကတော့ နီပေါစစ်သားတွေအတွက် အလွန်ဆင်ပြေလှပါတယ်။ Google Glass ကို စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးချခြင်းဟာ ကမ္ဘာမှာ နီပေါက ပထမဆုံး ဖြစ်ခဲ့ပါတယ်။

Google Glass ဟာ မော်တော်ယာဉ်မောင်းနှင်သူ ကားဆရာတွေအတွက် အသုံးဝင်သလို မော်တော်ဆိုင်ကယ်စီးပြီး သွားလာသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်တဲ့ Wearable Device ဖြစ်ပါတယ်။ ယာဉ်မောင်းနှင်နေစဉ် Google Glass တပ်ဆင်ထားမယ်ဆိုရင် Prism Projector မှ ထိုးပြတဲ့  Display Screen ကို ကြည့်ပြီး မိမိရောက်ရှိနေတဲ့ နေရာဒေသရဲ့ လမ်းညွန်မြေပုံကို အသုံးချနိုင်ပါတယ်။ Google Map ကို ချိတ်ဆက်ထားတာကြောင့် ဘယ်၊ ညာ ချိုးကွေ့မောင်းရမယ့် အခြေအနေတွေကိုလည်း လမ်းညွှန်၊ လမ်းပြပေးပါလိမ့်မယ်။

Google Glass တပ်ဆင်သုံးစွဲနေသူရဲ့ အလုပ်ကိစ္စ ချိန်းဆိုထားရှိမှုတွေကိုလည်း ကြိုတင်သတိပေးနိုင်ပါတယ်။ လူမှုကွန်ရက်ကနေ ရောက်လာသော Message သတင်းတွေကိုလည်း သုံးစွဲသူသိရှိအောင် Alert လုပ်ပေးပါတယ်။ သုံးစွဲသူရဲ့ ပြည်တွင်း မိုးလေဝသ သတင်းအချက်အလက်တွေနဲ့ ယာဉ်ကြောသွားလာမှု အခြေအနေတွေကိုလည်း Update ရရှိနိုင်ပါတယ်။ Google Glass မှာ ကင်မရာတပ်ဆင်ထားပြီး ဓာတ်ပုံ နဲ့ ဗီဒီယိုမှတ်တမ်းတွေ ရယူနိုင်သလို မိတ်ဆွေတွေနဲ့ လူမှုမီဒီယာကွန်ရက်တွေပေါ်မှာလည်း Share လုပ်ပေးနိုင်ပါသေးတယ်။

Google Glass မှာ Microphone တစ်လုံး Built-in ပါဝင်တာကြောင့် သုံးစွဲသူက အသံနဲ့ အမိန့်ပေးစေခိုင်းနိုင်ပါတယ်။ Google Search Engine နဲ့ ချိတ်ဆက်ထားတဲ့အတွက် အင်တာနက်ဆက်သွယ်မှု အခြေအနေကောင်းတဲ့ အနေအထားမှာ Online ကို အသုံးပြုနိုင်ပါတယ်။ အရေးပေါ်အခြေအနေ ရုပ်သံဖိုင်တွေကိုလည်း Phone Connection ကတစ်ဆင့် သတင်းပေးပို့နိုင်ပါတယ်။ Google Glass ရဲ့ ဒီဇိုင်းပုံစံက Hands-Free ဖြစ်တာကြောင့် အပြန်အလှန် ပြောဆိုဆက်သွယ်တာ၊ တေးဂီတနားဆင်တာမျိုးတွေ အတွက် Speaker တစ်မျိုး ပါရှိပါတယ်။ Smartphone သုံးစွဲသလိုမျိုး Earplug ၊ Headphone တွေ နားမှာ တပ်ဆင်ပေးစရာမလိုပါဘူး။ Google Glass မှာ တင်ဆင်ထားတဲ့ Speaker အမျိုးအစားက Bone Conduction Speaker အမျိုးအစားပါ။ Speaker ရဲ့ တုန်ခါမှုက လူဦးခေါင်းခွံအရိုးကို ဖြတ်သန်းပြီး သုံးစွဲသူရဲ့ အတွင်းနား (Inner Ear) မှ အာရုံခံစားစေခြင်းဖြင့် အသံကြားရတာဖြစ်ပါတယ်။

Google Glass ရဲ့ ထူးခြားချက် နောက်တစ်ချက် က GPS (Global Positioning System) Chip တပ်ဆင်ထားတာကြောင့် Internet Google Map အကူအညီနဲ့ ရောက်ရှိတည်နေရာ ကို သိနိုင်ပြီး မိမိသွားရောက်လိုတဲ့နေရာအတွက် Navigate လုပ်ပေးနိုင်ပါတယ်။ လမ်းကြောင်းတစ်ခုအတွက် လမ်းပြမြေပုံ အသုံးပြုနိုင်ပါတယ်။ Eco-Tour အတွက် တောလမ်းခရီးကြမ်းထွက်တဲ့နေရာမျိုးမှာ Google Glass အသုံးချနိုင်ပါတယ်။ မှုခင်းထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေး ယာဉ်ထိန်းရဲလုပ်ငန်း၊ မြေတိုင်းလုပ်ငန်း၊ သစ်တောစီမံခန့်ခွဲရေးနဲ့ ဘူမိဗေဒလေ့လာရေး လုပ်ငန်းတွေမှာလည်း အသုံးဝင်လာမယ့် ပစ္စည်းကိရိယာတစ်မျိုး ဖြစ်လာပါတယ်။

Wearable Electronic ပစ္စည်းတွေထဲမှာ Google ရဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ Google Glass မှော်ဝင်မျက်မှန်လေး တစ်လက်ကတော့ လူတိုင်းကို သဘောကျစေပြီး ရင်သပ်ရှုမောစရာကောင်းတဲ့ ဆွဲဆောင်မှုတွေနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ Google Glass မျက်မှန်တစ်လက်ရဲ့ ရောင်းစျေးက  Smart Phone တွေထက် စျေးကြီးနေပါသေးတယ်။ ပေါ့ပါးခိုင်ခံ့အောင် တည်ဆောက်ထားတဲ့  Google Glass ကို အရောင်ငါးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ရရှိနိုင်တဲ့ အရောင်အသွေး ကတော့ Shale လို့ ခေါ်တဲ့ လိမေ္မာ်ရောင်အရင့်၊ Charcoal လို့ခေါ်တဲ့ ညိုမည်းနေတဲ့အရောင်၊ Cotton လို့ခေါ်တဲ့ ဝါဂွမ်းဖြူရောင်၊ Sky ဆိုတဲ့ မိုးကောင်းကင် အပြာနုရောင်နဲ့ အနက်ရောင်တို့ပဲ ဖြစ်ပါတယ်။

Google Glass မျက်မှန်ကလေးကတော့  High Tech Eye Wear ဖြစ်ပြီး ဘက်ပေါင်းစုံအသုံးပြုလို့ရတဲ့ ခေတ်လူငယ်တွေ အကြိုက်တွေ့စေမယ့် အီလက်ထရွန်းနစ် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ အများပြည်သူ သုံးစွဲဖို့ စျေးကွက်ထဲရောက်လာပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အနာဂတ်မှာ အခုထက်ပိုကောင်းတဲ့ အီလက်ထရွန်း Eyewear တွေ ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။

မင်းသစ်ထူး ( စက်မှုနည်းပညာ )

LEAVE A REPLY

Please enter your comment!
Please enter your name here