မော်တော်ယာဉ်တင်သွင်းခွင့်နှင့် နှစ်ကန့်သတ်ချက်များကို စောင့်ဆိုင်းနေခြင်းကြောင့် အရောင်းအဝယ်ငြိမ်နေသည့် ရန်ကုန်ကားစျေးကွက်

1004

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ နှစ်ကန့်သတ်ချက်များကို ယခုလနောက်ဆုံးပတ်တွင် ထုတ်ပြန်ပေးဖွယ်ရှိသောကြောင့် ကားလုပ်ငန်းရှင်များမှာ အပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် စျေးကွက် အခြေအနေမှာ ငြိမ်သက်နေသည်။ မူဝါဒတစ်ခုအပေါ်တွင် အခြေခံပြီး အပြောင်းအလဲပြုလုပ်နေရသည့် ကားစျေးကွက် အနေအထားသည် လာမည့်နှစ်အတွက် အပြောင်းအလဲကို တိကျစွာ မသိရှိသေးသောကြောင့် ရောင်းသူကလည်း မရောင်းရဲ၊ ဝယ်သူကလည်း မဝယ်ရဲသည့်အခြေအနေမျိုး ဖြစ်နေသည်။ မိုဒယ်သတ်မှတ်ချက်များ တရားဝင်ထွက်ပေါ်မလာသေးသော်လည်း လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ တင်သွင်းရဖွယ်ရှိသောကြောင့် ကားတင်သွင်းသူအများစုမှာ လက်ထဲတွင်ရှိသည့် ညာမောင်းကားများကို ထိန်းရောင်းပြီး ကားသစ်တင်သွင်းရန်အတွက် နှစ်မကုန်မီပါမစ် လျှောက်ရန်သာ အားထုတ်နေကြသည်။

 

”လာမယ့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်တွေကို ဒီလမကုန်ခင်မှာ ထုတ်ပြန်မယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် ဝယ်တဲ့သူရော ရောင်းတဲ့သူပါ အပြောင်းအလဲကို  စောင့်ကြည့်နေကြတဲ့အတွက် အရောင်းအဝယ်တွေ ငြိမ်သွားပါတယ်၊ လာမယ့်နှစ်မှာ စလစ်ကပ်ကားတွေကိုလည်း ဘယ်မောင်းကားတွေပဲ တင်သွင်းရမယ်ဆိုရင် စလစ်စျေးကတော့ အထိုက်အလျောက်တော့ ကျဆင်းသွားမှာပဲ၊ ပြည်တွင်းမှာထုတ်တဲ့ Brand New ကားစက်ရုံတွေကလည်းရှိလာသလို အခွန်ကောက်တဲ့အခါမှာလည်း ပြည်ပကကားတွေထက် အခွန်နည်းတဲ့အတွက် စျေးကသက်သာတယ်၊ စလစ်ကပ်ပြီး ဘယ်မောင်းကား သွင်းမယ့်သူလည်း နည်းသွားနိုင်တဲ့အတွက် စလစ်စျေးက သိန်းကိုးဆယ် ဝန်းကျင်လောက်အထိ ကျဆင်းသွားနိုင်ပါတယ်”ဟု ‘ United Eleven Motor ‘မှ မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

 

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်တွင် မည်သည့်မိုဒယ်မှစ၍ တင်သွင်းခွင့်ပေးမည်ဆိုသည်ကို အတိအကျမသိရှိရသေးသော်လည်း တင်သွင်းခွင့်ရမည့် ဘောင်ကျဉ်းသွားမည် ဖြစ်၍ ရောက်ရှိပြီးသား ကားများနှင့် နံပါတ်ထွက်ပြီးသား ကားများကို အမြင့်စျေးဖြင့် ခေါ်ရောင်းနေကြသည့်အတွက် ကားစျေးများမှာ အတက်ဘက်ကို ဦးတည်နေသည်။ လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးဖွယ်ရှိနေရာ နှစ်မကုန်မီ ညာမောင်းကားများ တင်သွင်းရန်အတွက် ပါမစ်လျှောက်ရန်ကိုသာ အာရုံစိုက်နေကြသဖြင့် စျေးကွက်ငြိမ်သက်နေခြင်းဖြစ်ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

 

”ဒီနှစ်မကုန်ခင်မှာ ပါမစ်ကြိုလျှောက်ထားမယ်ဆိုရင် ၁၃ဝဝ စီစီ ကားတွေကိုပဲ အဓိကလျှောက်သင့်တယ်လို့ ထင်တယ်၊ ဒီကားလေးတွေက ပြန်ရောင်းရင်လည်း လွယ်ပါတယ်၊ လာမယ့်နှစ်မှာ ၁၃ဝဝ စီစီ ကားတွေကို စလစ်ကပ်ပြီး တင်သွင်းမယ်ဆိုရင်တောင် ညာမောင်းတောင် မရတော့တဲ့အတွက်  စျေးတွေက မြင့်တက်သွားမှာပဲ၊ ၁၃ဝဝ စီစီ ကားတွေကို ပါမစ်ကြိုလျှောက်မယ်ဆိုရင် လူကြိုက်များတဲ့ Honda Fit Series ထဲက GE6  ၊ GK3 ၊ GP1 ၊ Shuttle နဲ့ Insight တို့ကိုရွေးချယ်သင့်ပါ တယ်”ဟု ကားဝယ်/ရောင်း ကိုစိုင်းက ဆိုသည်။

 

ရန်ကုန်လိုင်စင်ကားများ ဝယ်ယူရခက်ခဲနေချိန်တွင် ဝယ်/ရောင်းအချို့မှာ နယ်များသို့ဆင်းကာ ရန်ကုန်လိပ်စာပေါက်ကားများကို ဝယ်ယူနေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ကားအရောင်းစင်တာများနှင့် ကားဝယ်/ရောင်းများအနေဖြင့် မူဝါဒထွက်ပေါ်လာပါက စျေးများသေချာပေါက် မြင့်တက်သွားမည်ဟု တွက်ချက်ထားပြီး လက်ထဲတွင်ကိုင်ထားသော ကားများကို ထိန်းရောင်းနေကြသဖြင့် အရောင်းအဝယ်မသွက်ဘဲ ကြိုး ကြားကြိုးကြားသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

 

”စျေးကွက်ထဲမှာ ဝယ်/ရောင်းတွေအချင်းချင်း အရောင်းအဝယ်လုပ်နေသလို အပြင်လူတွေလည်း ဝယ်တာတော့ ရှိတယ်၊ လာမယ့်နှစ်က ဘယ်မောင်းပဲ ပေးသွင်းဖို့များတဲ့အတွက် ထိန်းရောင်းတဲ့သူတွေ များပါတယ်၊ ရောင်းပြီးရင်လည်း ပြန်ဖြည့်ဖို့အတွက် ပြန်ဝယ်ကြတယ်၊ လေလံဆွဲတဲ့သူကလည်း လေလံပိုဆွဲ၊ နံပါတ်အဟောင်းရောင်းတဲ့ သူကလည်း ကားအဟောင်းတွေကို ပိုဝယ်ပေါ့၊ လာမယ့်နှစ်မှာ CIF တန်ဖိုးနဲ့ ကောက်ခံမှာမဟုတ်ဘဲ Invoice အတိုင်းကောက်ခံမယ်ဆိုရင် မိုဒယ်မြင့် တင်သွင်းမယ့်သူတွေအတွက် အားသာချက်ရှိလာနိုင်မှာပါ၊ တချို့ကားတွေက CIF ထက် Invoice  စျေးက ပိုသက်သာတယ်၊ ဘယ်မောင်းပဲ ပေးသွင်းရမှာ သေချာသလောက် ဖြစ်နေတဲ့အတွက် ဒီရက်ပိုင်းမှာ ၁၃ဝဝ စီစီ ကားလေးတွေကို လေလံတွေအပြိုင်ဆွဲလာသလို ရောက်ပြီးသားကားတွေလည်း စျေးတွေ တက်သွားပါတယ်”ဟု ကားဝယ်/ရောင်း ကိုကျော်မင်းထွန်းက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here