မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ မထွက်ပေါ်သေးသရွေ့ တည်ငြိမ်မှုမရှိဘဲ လှုပ်ခတ်နေဦးမည့် ရန်ကုန်ကားစျေးကွက်

1229

၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ် ချက်တွင် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးမည်ဟု သတင်း များ ထွက်ပေါ်ခဲ့သည့်အချိန်မှစ၍ ကားစျေးကွက်အတွင်း အလှုပ်အခတ်များစွာ ဖြစ်ပေါ်ခဲ့သည်။ မူဝါဒများ မတည်ငြိမ်သေးသရွေ့၊ မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာများက တိကျသည့် မူဝါဒများ မထုတ်ပြန်သေးသရွေ့ ကားစျေးကွက်အခြေအနေမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျ ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ မူဝါဒတစ်ခုအပေါ် အခြေခံပြီး အပြောင်းအလဲပြုလုပ်နေရသည့် ကားစျေးကွက်မှာ ပေါ်လစီများမငြိမ်သက်သည့်အတွက် ရောင်းသူကလည်းမရောင်းရဲ၊ ဝယ်သူကလည်း မဝယ်ရဲသည့် အခြေအနေမျိုးဖြစ်နေသည်။ လာမည့်နှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များကို အောက်တိုဘာလ ဒုတိယပတ်အထိ ထုတ်ပြန်ကြေညာပေးခြင်းမရှိသေးသောကြောင့် ကောလာဟလ သတင်းများနှင့် ဝေခွဲရခက်နေသည်။

 

”ဒီရက်ထဲမှာ စလစ်ကပ်ကားတွေပဲ ဦးစားပေးရောင်းနေရတယ်၊ ဖရီးပါမစ်ကားတွေကျတော့ စျေးမာနေတဲ့အတွက် အရောင်းအဝယ် ပြန်အေးသွားတယ်၊ လက်ရှိထွက်နေတဲ့ သတင်းတွေအရဆိုရင် လာမယ့်နှစ်မှာ ညာမောင်းကားတွေက တင်သွင်းဖို့မဖြစ်နိုင်တော့တဲ့အတွက် တင်သွင်းထားတဲ့ကားတွေကို အရင်လိုစျေးမတည့်ရင် တည့်အောင်ညိရောင်းလို့မရ နိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်၊ လက်ရှိအခြေအနေက ရောင်းရမလို၊ မရောင်းရမလိုဖြစ်နေတယ်၊ သတင်းတွေထွက်နေတဲ့အတိုင်း ဘယ်မောင်းသာ သေချာသွားရင် ညာမောင်းကားတွေက သေချာပေါက်စျေးခုန်တက်သွားမှာပါ၊ ၁၉၉၈ မိုဒယ်နဲ့အောက် YBS ဘတ်စ်စလစ်တွေ ဝင်လာရင်လည်း စလစ်စျေးကျသွားဖို့ မရှိလောက်ဘူး၊ နောက်နှစ်အတွက် ကြိုလျှောက်မယ့်သူတွေ ဝယ်တာနဲ့တင် ဒီစလစ်တွေက အချိန်တိုအတွင်း ကုန်သွားမှာပဲ၊ နောက်နှစ်ကျရင် စလစ်နဲ့ဘယ်မောင်း လျှောက်မယ့်သူရှိ လာနိုင်ပေမဲ့ အရေအတွက် နည်းသွားမှာပါ၊ လာမယ့်နှစ်မှာ ဘယ်မောင်းပဲ တင်သွင်းရမယ်ဆိုရင် စလစ်စျေးက ကျဆင်းသွားမှာဖြစ်ပါတယ်” ဟု ‘ MMM ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင် က ဆိုသည်။

 

နှစ်ကုန်ခါနီးလေ ကားလောကနှင့်သက်ဆိုင်သည့် ကောလာဟလ သတင်းများက ပိုပိုပြီးထွက်ပေါ်လာလေ ဖြစ်သည့်အတွက် စျေးကွက်အခြေအနေမှာ မှန်းဆရ ခက်ခဲနေသည်။ အားလုံးက အခြေအနေတစ်ခုကို စောင့်ကြည့်နေကြသည့်အတွက် မရောင်းရဲမဝယ်ရဲသည့် အနေအထားမျိုး ဖြစ်နေသည်။  ပါမစ်ကြိုတင်လျှောက်ထားမှုများသဖြင့် စလစ်စျေးများ မြင့်တက်လာသကဲ့သို့ စလစ်ကပ်ကားစျေးများလည်း ဖရီးပါမစ်ကားများနည်းတူ စျေးနှုန်းများ မြင့်တက်လာခဲ့သည်။ ကားဝယ်/ရောင်းများ အနေဖြင့်လည်း လာမည့်နှစ်တွင် ဖရီးပါမစ်ဖြင့် တင်သွင်းခွင့်မရနိုင်တော့သည့် ကားများကို ပါမစ်ကြိုတင် လျှောက်ထားရန်သာ အာရုံစိုက်နေပြီး ကားတင်သွင်းခွင့်မူဝါဒများ အတည်ပြုထုတ်ပြန်မည့်အချိန်ကို စောင့်ကြည့်ကာ မှန်းဆလုပ်ကိုင်နေကြရသည်။

 

”ဒီရက်ပိုင်းမှာ ညာမောင်းကားတွေထဲက ကျပ်သိန်း ၁၆ဝ နဲ့ သိန်း နှစ်ရာကြား ကားလေးတွေ အရောင်းအဝယ်သွက်တယ်၊ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ အရင်လတွေထက်စာရင်တော့ နေ့တိုင်းလိုလို အရောင်းအဝယ်ဖြစ်ပါတယ်၊ စလစ်ကပ်ကားတွေကတော့ ဖရီးပါမစ်ကားတွေလောက် အရောင်းမသွက်ပါဘူး၊ မူဝါဒ အပြောင်းအလဲကြောင့် လာမယ့်နှစ်မှာ ကားစျေးတွေ သေချာပေါက်တက်မှာဆိုတော့ တချို့ဝယ်/ရောင်းတွေဆိုရင် ကားတွေကိုသိမ်းထားပြီး ယာဉ်ရောင်းဝယ်ရေးစခန်းမှာတောင် လာမထိုး ကြတော့ပါဘူး၊ လာတဲ့သူတွေကလည်း ကားစျေးတွေကို အဝယ်တွေ မဝယ်လောက်တဲ့စျေးတွေ ခေါ်ထားကြတယ်၊ ကားဝယ်တဲ့သူတွေကလည်း စျေးတွေတက်လာရင် ထပ်တက်မလားလို့ စိုးရိမ်ပြီး ဝယ်နေကြတာပါ၊ တကယ်တမ်း ကားတင်သွင်းခွင့်တွေကို တိုးမြင့်သတ်မှတ်လိုက်ရင် လာမယ့်နှစ်မှာ ကားစျေးတွေက သေချာပေါက် ခုန်တက်သွားမှာပါ၊ ဒီရက်ပိုင်းမှာ ဖရီးပါမစ်ကားတွေပဲ အဓိက အရောင်းအဝယ် ဖြစ်နေတာပါ၊ စလစ်စျေးတွေ တက်လာပေမဲ့ စလစ်ကပ်ကားတွေကတော့ ဖရီးပါမစ်ကားတွေလောက် အရောင်းမသွက်သေးပါဘူး”ဟု ကားဝယ်/ရောင်း ကိုကျော်ကျော်က ဆိုသည်။

 

၁၉၉၈ မိုဒယ်နှင့်အောက် ဘတ်စ်ကားများ အပ်နှံခွင့်ပေးမည်ဖြစ်သော်လည်း စျေးကွက်အတွင်းဝင်ရောက်လာမည့် စလစ်အရေအတွက် နည်းပါးမှုကြောင့် စျေးကွက်ပြောင်းလဲမှု မရှိနိုင်ကြောင်း သိရသည်။ ယခု ရက်ပိုင်းအတွင်း ညာမောင်းကားများကို ပါမစ်ကြိုလျှောက်မှုများနေပြီး ဘတ်စ်စလစ်များမှာလည်း လက်ကြီးသမားများက အများဆုံးကိုင်ထားသောကြောင့် စျေးကွက်လိုအပ်ချက်အတိုင်း ဝင်မလာသဖြင့် စလစ်စျေးမှာ ကျပ် ၁၂၅ သိန်း ဝန်းကျင်အထိ မြင့်တက်သွားခဲ့ကြောင်း သိရသည်။ နှစ် နှစ်ဆယ် စလစ်စျေးများ မြင့်တက်သွားသလို တိုက်ကြေစလစ်တစ်စောင်လျှင် ကျပ် ၁၁၃ သိန်း ဝန်းကျင်နှင့် တက္ကစီစလစ်တစ်စောင်လျှင် ၁၁၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here