မန္တလေး၊ မတ်
ယာဉ်စစ်ဆေးသူများ အဆင်ပြေစေရန် မော်တော်ယာဉ်စစ်ဆေးသည့် Multi Test Lane တစ်ခုနှင့် ဆိုင်ကယ်စစ်ဆေးသည့် Test Lane နှစ်ခုကို ယခုလအပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း ‘မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’ တိုင်းဦးစီးမှူး ဦးနေလင်းက ပြောသည်။
လက်ရှိ၌ စက်များကို မန္တလေးတိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ကညနရုံး၌ တပ်ဆင်လျက်ရှိပြီး ယခင်က Mobile Test Lane ယာဉ်တစ်စီးဖြင့်သာစစ်ဆေးခဲ့ရာ ယခု Multi Test Lane များဖြင့်ပါ စစ်ဆေးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
” Mobile Test Lane ယာဉ်က ယာဉ်တစ်စီးကို သေချာစစ်မယ်ဆိုရင် မိနစ်နှစ်ဆယ်လောက်ကြာတယ်၊ ဒါကြောင့် လက်ရှိမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဘရိတ်လိုနေရာကိုပဲ စစ်နိုင်သေးတယ်၊ ဒါကြောင့် Multi Test Lane စက်တွေကို တပ်ဆင်ရတာပါ”ဟု တိုင်းဦးစီးမှူးက ရှင်းပြသည်။
Multi Test Lane တပ်ဆင်မှုကို တင်ဒါအောင်မြင်ထားသည့် GMT ကုမ္ပဏီမှ မလေးရှားနိုင်ငံပညာရှင်များဖြင့် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်တပ်ဆင်လျက်ရှိပြီး လက်ရှိ၌ Installation လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အင်ဂျင်နီယာဌာနမှ သိရသည်။
မော်တော်ဆိုင်ကယ် စစ်ဆေးသည့် Multi Test Lane တပ်ဆင်မှုကို Smart ကုမ္ပဏီမှ တပ်ဆင်လျက်ရှိပြီး မတ်လကုန်အပြီးဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
”ပြီးတာနဲ့ Test Run လုပ် မယ်၊ လက်ရှိဆောင်ရွက်နေတဲ့ အင်ဂျင်နီယာတွေကို User Training ဆိုပြီး သင်တန်းပြန်ပေးမယ်၊ ဆိုင် ကယ်တွေကိုတော့ ဘယ်လောက်စီစီကနေ စစစ်မယ်ဆိုတာမခွဲရသေးဘူး၊ လက်ရှိတော့ 125 CC နဲ့ အထက်တွေ စစ်နေပါတယ်၊ ဆိုင်ကယ် Test Lane တစ်ခုကို တစ်ရက် အစီးရေ လေးဆယ်လောက်ပဲ စစ်နိုင်ပါတယ်”ဟု ကညန၊ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ယာဉ်စစ်ဆေးမှုရာတွင် Test Lane ယာဉ်နည်းပါးမှုကြောင့် ယာဉ်၏ အရေးကြီးသည့် အဓိက အစိတ်အပိုင်းများကိုသာ စစ်ဆေးနိုင်ပြီး Multi Test Lane စက်များ တပ်ဆင်ပြီးပါက ယာဉ်စစ်ဆေးမှု ပိုမိုမြန်ဆန်လာနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြည်ဘုန်းမောင်