မော်တော်ဆိုင်ကယ် မဖြစ်မနေလိုအပ်သော်လည်း အမှန်တကယ် ဝယ်ယူရန်ခက်ခဲနေသူများအတွက် CPM က Better Life အစီအစဉ်ဖြင့် ပေးအပ်ကူညီသွားမည်

131

 

မန္တလေး၊ အောက်တိုဘာ ၁၂

ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းစုအကြီးဆုံး CP Group ၏ ကုမ္ပဏီခွဲဖြစ်သည့် မြန်မာနိုင်ငံအခြေစိုက် CP Myanmar (CPM) ဆိုင်ကယ်ကုမ္ပဏီက မော်တော်ဆိုင်ကယ်တစ်စီး မဖြစ်မနေ လိုအပ်နေသော်လည်း အမှန်တကယ် ဝယ်ယူရန် အခက်အခဲဖြစ်နေသူများအတွက် မော်တော်ဆိုင်ကယ် ပေးအပ်ကူညီသွားမည့် Better Life အစီအစဉ်တစ်ရပ်ကို ပြုလုပ်လျက်ရှိရာ မကြာမီစိစစ်ရွေးချယ်၍ CPM ဆိုင်ကယ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကိုယ့်အိမ်မှာ ဆိုင်ကယ်တစ်စီးမှလည်းမရှိဘူး၊ အမှန်တကယ်လည်း လိုအပ်နေတယ်၊ ဆိုင်ကယ်ဝယ်ယူဖို့လည်း ငွေအခက်အခဲရှိနေတယ်ဆိုတဲ့သူတွေအတွက် ကူညီထောက်ပံ့ပေးမယ့် Better Life အစီအစဉ်လေး လုပ်ထားတာပေါ့နော်၊ အဲဒီအစီအစဉ်မှာ ပါဝင်သူတွေထဲက အမှန်တကယ်ကို ချို့တဲ့နေတဲ့သူ၊ ငွေကြေးအခက်အခဲဖြစ်နေကြောင်း သေချာတဲ့ အယောက် ငါးဆယ်ကို ပဏာမ ရွေးချယ်သွားမယ်၊ အဲဒီ ငါးဆယ်ထဲမှာမှ တကယ်လိုအပ်နေတဲ့သူတွေကို ရွေးချယ်ပေးအပ်သွားမယ်” ဟု CPM ဆိုင်ကယ်ကုမ္ပဏီမှ Marketing Supervisor ကိုဖြိုးမင်းသူက ပြောကြားသည်။

ယနေ့ခေတ်တွင် မော်တော်ဆိုင်ကယ်များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့် အစီအစဉ်များစွာရှိသော်လည်း ငွေကြေးအခက်အခဲကြောင့် ယနေ့အထိတိုင် ဆိုင်ကယ်တစ်စီး ပိုင်ဆိုင်ရန် အိပ်မက်အဖြစ်သာ ရှိနေသူများကို ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း၊ အလုပ်နှင့် နေထိုင်ရာ အကွာအဝေးကြောင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် ရင်ဖွင့်သံများပါဝင်သည့် Story တစ်ပုဒ်ကို ရေး၍ အကြောင်းအရာနှင့်ကိုက်ညီမှုရှိသော ဓာတ်ပုံများကိုပါ ထည့်သွင်းကာ CPM Motorcycle Myanmar Page အောက်တွင် Comment မန့်၍ ပါဝင်ယှဉ်ပြိုင်စေပြီး အမည်နှင့် ဖုန်းနံပါတ်ကို Messenger မှတစ်ဆင့် ပေးပို့သွားရမည်ဖြစ်ကြောင်း CPM ဆိုင်ကယ်ကုမ္ပဏီမှ သိရသည်။

“ပြိုင်ပွဲဝင်နောက်ဆုံးသတ်မှတ်ရက်က ပုံမှန်လိုဆိုရင်တော့ အရင်လက ပြီးသွားပြီ၊ ဒါပေမဲ့ Covid-19 ကာလဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေကို ထပ်ပြီးလက်ခံနေပါသေးတယ်၊ အဲဒီလို လာပြိုင်တဲ့သူတွေထဲက အယောက် ငါးဆယ်ကို ပဏာမရွေးချယ်ပြီး အမှန်တကယ် လိုအပ်နေသူတွေကို CPM ဆိုင်ကယ်တွေ ကူညီထောက်ပံ့ပေးသွားမှာ၊ Covid-19 ကာလ ငြိမ်သွားတာနဲ့ စိစစ်ရွေးချယ်ပြီး ရွေးချယ်ခံရသူတွေကို ကျွန်တော်တို့ Page ကနေပဲ ကြေညာပေးသွားမယ်” ဟု ယင်းကုမ္ပဏီမှ Marketing Supervisor ကိုဖြိုးမင်းသူက ထပ်မံဆိုသည်။

အဆိုပါအစီအစဉ်ကို CSR Activity တစ်ရပ်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်များထဲမှ ဆိုင်ကယ်ဝယ်ယူရန် အခက်အခဲရှိသူများအား စိစစ်ရွေးချယ်ပြီးသွားပါက ရွေးချယ်ခံရသူ၏ အမည်၊ ရရှိသောဆုနှင့် ရိုက်ကူးထားသော ဓာတ်ပုံ၊ ဗီဒီယိုတို့ကို Page မှတစ်ဆင့် ဖော်ပြပေးသွားမည်ဖြစ်ကာ ဆုမဲအား ငွေသား၊ သို့မဟုတ် အခြားသော ဆုမဲများဖြင့် လဲလှယ်ခွင့်မရှိကြောင်းနှင့် CPM ဝန်ထမ်းများ၊ အခြားတွဲဖက်လုပ်ငန်း Partner များ၊ အရောင်းကိုယ်စားလှယ်များ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း CPM ဆိုင်ကယ်ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here