မော်တော်ဆိုင်ကယ်ရှေ့မီးအနိမ့် ဖွင့်မောင်းရတော့မည့် မော်တော်ယာဉ်ဥပဒေသစ်

185

 

သမ္မတ(ဟောင်း) ဦးသိန်းစိန်ဦးဆောင်သော ပြီးခဲ့သည့် အစိုးရလက်ထက်တွင် မော်တော်ယာဉ်ဥပဒေထွက်ပြီးသော်လည်း နည်းဥပဒေများ ထွက်ရှိ မလာသေးသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ နည်းဥပဒေသစ် မထွက်ရှိ သေးသော်လည်း ယခင် ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေပါ ပြဋ္ဌာန်းချက် အချို့ကို အနည်းငယ် ပြင်ဆင်ထားသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေမှာမူ ယခု ၂ဝ၂ဝ ပြည့်နှစ်၊ မေ ၂၆ ရက်က ပြည်ထောင်စုလွတ်တော်မှ ပြဋ္ဌာန်းလိုက်သည်။

အဆိုပါဥပဒေသစ်တွင် အမည်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရည်ရွယ်ချက်၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီနှင့် တိုင်းဒေသကြီး (သို့) ပြည်နယ် (သို့) ပြည်ထောင်စုနယ်မြေ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ မော်တော်ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်အကူလိုင်စင်များ၊ လုပ်ငန်းလိုင်စင်၊ အယူခံခြင်း၊ လျော်ကြေးငွေပေးဆောင်ခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းနှင့် အရေးယူခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ လက်ခံရယူခြင်း၊ သုံးစွဲခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ အထွေ ထွေ စသည်ဖြင့် အခန်း(၁)မှ အခန်း (၁၅)အထိ ကဏ္ဍအသီးသီးခွဲထား သည်ကို တွေ့ရသည်။

ယင်းဥပဒေတွင် ယခင်နှင့်မတူ ထူးခြားချက်များစွာပါရှိနေသည့်အနက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အခန်း (၁၃) တားမြစ်ချက်များ ပုဒ်မ ၇၆ (ခ)တွင် မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာ၌ ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင် ဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဋ္ဌာန်းလိုက်ခြင်းက ဆိုင်ကယ်စီး နင်းနေသူများအကြား အလှုပ်ခတ်ဆုံးနှင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ နိုင်ငံတကာစံနှုန်းများ နားလည်သော ပညာတတ်ပုဂ္ဂိုလ်များက ကောင်း မွန်ကြောင်း ဝမ်းပန်းတသာ ကြိုဆိုကြသော်လည်း အချို့က လက်ရှိ အစိုးရ ‘ဘာတွေလုပ်ပြန်ပြီလဲ၊ ဘာဂွင်တွေ ဖန်ပြန်ပြီလဲ’ ဟု လူမှုကွန် ရက် Fackbook စာမျက်နှာမှတစ်ဆင့် ဝေဖန်မှုလည်းရှိသည်။ သို့သော် အဆိုပါပြဋ္ဌာန်းချက်ကိုမူ ဆိုင်ကယ် အရောင်းအဝယ်လုပ်ကိုင်နေသော ဆိုင်ကယ်ကုမ္ပဏီများနှင့် ဆိုင်ကယ်လောကသားများက ကြိုဆိုကြသည်။ ယင်းသို့ ကြိုဆိုသူများထဲတွင် မကြာသေးမီက နိုင်ငံတော်အစိုးရ၏ တရား ဝင်အသင်းအဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့်ရထားသော မြန်မာနိုင်ငံမော်တော်ဆိုင်ကယ် တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း၏ ဥက္ကဋ္ဌ ဦးတင်ကျော်နန္ဒလည်း ပါဝင်သည်။

“အရှေ့တောင်အာရှမှာ ထိုင်းနဲ့ စင်ကာပူနိုင်ငံမှာလည်း မော်တော်ဆိုင်ကယ်တွေကို နေ့ရောညပါ မီးဖွင့်စီးခိုင်းတယ်၊ အဓိကကတော့ ယာဉ်စီးရေများလွန်းတဲ့အတွက် ဆိုင်ကယ်တွေလာနေတယ်ဆိုတာ အဝေးကြီးကတည်းက သတိထားမိအောင်၊ ယာဉ်တိုက်မှုလျော့ကျအောင် မီးဖွင့်စီးခိုင်းတာပေါ့၊ အခု မြန်မာနိုင်ငံမှာ အခုလိုဥပဒေပြဋ္ဌာန်းလိုက်တာ တအား ကောင်းတယ်၊ ကျွန်တော်တော့ လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်”ဟု မော်တော်ဆိုင်ကယ်မျိုးစုံ တင်သွင်းရောင်းချလျက်ရှိသော Easy Rider Motorbike ကုမ္ပဏီ Managing Director လည်းဖြစ် အဆိုပါအသင်း ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတင်ကျော်နန္ဒက ဆိုလာသည်။

မော်တော်ဆိုင်ကယ်များ နေ့ခင်းဘက်တွင် ရှေ့မီးအနိမ့် ဖွင့်မောင်းရ မည်ဟု ပြဋ္ဌာန်းချက်နှင့်အတူ အဆိုပါ ဥပဒေအခန်း(၁၃) တားမြစ်ချက်များ ပုဒ်မ ၇၆ (က)၌ မော်တော်ဆိုင်ကယ်ကို နောက်ကြည့်မှန်နှင့် အိပ်ဇောရှိ အသံထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်းမပြုရ ဟုလည်းကောင်း၊ ပုဒ်မ ၇၆ (ဂ)၌ ကိုယ်တိုင်ဖြစ်စေ လိုက်ပါစီးနင်းသူကိုဖြစ်စေ သတ်မှတ်ထားသော စံချိန်စံညွန်းနှင့်ကိုက်ညီသည့် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးသေချာ တပ်ဆင်၍ ဆောင်းခြင်းမပြုဘဲ မော်တော်ဆိုင်ကယ်ကို မောင်းနှင်ခြင်း မပြုရဟုလည်းကောင်း အသီးသီးပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရသည်။ ပြည်ထောင်စုလွတ်တော်က မော်တော်ဆိုင်ကယ်များ ရှေ့မီးအနိမ့်ဖွင့်မောင်း ရမည်ဟု ပြဋ္ဌာန်းမှုအပြင် နောက်မီးပါ ကောင်းမွန်အောင်ပြုလုပ်ထား၍ ဆိုင်ကယ်စီးတိုင်း လင်းနေရမည်ဟု ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ပါက ပိုမိုကောင်းမွန်ကြောင်း ဆိုင်ကယ်လောကသားများက သုံးသပ်ကြသည်။

“နေ့ခင်းဘက် ရှေ့မီးအနိမ့်ဖွင့်စီးတာအပြင် နောက်မီးပါကောင်း အောင် လုပ်ထားရမယ်ဆိုတဲ့ဟာ ဥပဒေထဲ တစ်ခါတည်း ပြဋာန်းနိုင်ရင် ပိုကောင်းတာပေါ့၊ ဆိုင်ကယ်နောက်မီးမှာ နှစ်မျိုးရှိတယ်၊ ပုံမှန်စီးနေရင် မှိန်မှိန်လေးလင်းတာရယ်၊ ဘရိတ်အုပ်လိုက်တဲ့အချိန် ပိုလင်းသွားတာ ရယ်ပေါ့၊ ညပိုင်းယာဉ်တိုက်မှုဖြစ်စဉ် တချို့က ရှေ့ကဆိုင်ကယ်မှာ နောက် မီးမလင်းတော့ သိပ်မမြင်ရာကနေ တိုက်မိတာတွေလည်းရှိတာကိုး၊ ဒါကြောင့် ဆိုင်ကယ်နောက်မီးနဲ့ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းချက်ထဲ ထည့်ပေး နိုင်ရင်တော့ ပိုကောင်းတာပေါ့”ဟု ‘မြန်မာနိုင်ငံမော်တော်ဆိုင်ကယ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်း’ ဥက္ကဋ္ဌ ဦးတင်ကျော်နန္ဒက သုံးသပ်သည်။

အဆိုပါဥပဒေကို ပြည်ထောင်စုလွတ်တော်က ပြဋ္ဌာန်းပြီးနောက်ပိုင်း အများပြည်သူ သိရှိနိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဇွန် ၁ ရက်မှစကာ မန္တလေး၊ ကျောက်ဆည်၊ စစ်ကိုင်း၊ ကလေး စသည့် မြို့အများစုတွင် လက်ကမ်းစာစောင်များ ဝေငှ၍လည်းကောင်း၊ နှုတ်ဖြင့် ပြောဆို၍လည်း ကောင်း အသိပညာပေးမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့အထိတိုင် ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ ထိုသို့ ပညာပေးမှုကို ယနေ့ ဇွန် ၁ ရက်တွင် စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး မန္တလေးတစ်မြို့လုံး တပ်ဖွဲ့စု အလိုက်၊ နယ်မြေအလိုက် သင့်လျော်သည့်နေရာများတွင် ပညာပေး ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်း ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၁ဝ၇)၌ မော်တော်ယာဉ် ဥပဒေ (၂ဝ၁၅ ခုနှစ် ပြည်ထောင်စုလွတ်တော်ဥပဒေပုဒ်မ ၅၅)ကို ဤ ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်ဟုလည်း ဖော်ပြထားသဖြင့် ယခုဥပဒေ သစ်သည် စတင်အသက်ဝင်နေပြီ ဖြစ်သောကြောင့် ပညာပေးမှုများကို ဆက်တိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“ဥပဒေအသစ်ဆိုတော့ အရင်ဥပဒေမှာ လိုအပ်တဲ့ဟာလေးတွေ ရှိတယ်၊ အဲဒါကို သင့်လျော်အောင် ပြန်လည်ပြီး ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်း ထားတာရှိတယ်၊ ဒီဥပဒေကို သိထားခြင်းအားဖြင့် ပြည်သူတွေ ဘယ်လို အကျိုးကျေးဇူးရှိမလဲ၊ ဒီဥပဒေကို နားလည်အောင် ဘယ်လိုလိုက်နာရ မလဲ၊ ဒဏ်ငွေတွေက ဘယ်လိုရှိတယ်၊ ဒီဥပဒေကို မလိုက်နာရင် ဘယ်လို အရေးယူလို့ရတယ်၊ ကျွန်တော်တို့ပေးတဲ့စာအုပ်တွေကို ဖတ်ကြည့်အားဖြင့် သူတို့သိရှိတယ်၊ သိရှိခြင်းအားဖြင့် ငါတော့ ဒါမလုပ်သင့်ဘူး၊ ပြစ်ဒဏ် တွေက ဘယ်လိုရှိတယ်ဆိုတာ သိရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု မန္တလေးတိုင်း ‘အမှတ် (၁၄)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ’၊ မဟာအောင်မြေမြို့နယ် တပ်ဖွဲ့စုမှ ဒုရဲမှူးသောင်းနိုင်ဦးက ပြောကြားသည်။

လတ်တလောတွင် အသိပညာပေးမှုများကို မြို့အများစု၌ ပြုလုပ် လျက်ရှိသော်လည်း အရေးယူရန် အနည်းငယ်ကြာဦးမည်ဖြစ်ကာ ယခုကတည်းက ဥပဒေလိုက်နာ၍ ဆိုင်ကယ်စီးတိုင်း ရှေ့မီးအနိမ့်ဖွင့်၍ မောင်း နှင်ကြရန်လိုအပ်ကြောင်း အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ မော်တော်ဆိုင်ကယ်မောင်းနှင်သူ မည်သူမဆို နေ့အချိန်၌ ဆိုင်ကယ်မီးမဖွင့်ဘဲ မောင်းလျှင်ဖြစ်စေ၊ ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ မောင်းနှင်လျှင်ဖြစ်စေ၊ နောက်ကြည့်မှန်နှင့် အိပ်ဇောရှိ အသံထိန်းကိရိယာမပါဘဲ မောင်းနှင်လျှင်ဖြစ်စေ ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့် ခွဲမှုဥပဒေ အခန်း (၁၄) ပြစ်ဒဏ်များ ပုဒ်မ (၈၇)တွင် ပြဋ္ဌာန်းထားသည်။ ယခုအချိန်အထိ မည်သည့်ရက်မှစ၍ ဆိုင်ကယ်ရှေ့မီးဖွင့်၍ မောင်းနှင်ခြင်း မရှိသော ဆိုင်ကယ်များကို အရေးယူရန် ညွန်ကြားခြင်းမရှိသေးဘဲ ပညာ ပေးမှုများသာ ဆက်တိုက်ပြုလုပ်ရန် ညွန်ကြားထားသေးကြောင်း ကလေး မြို့ အမှတ် (၁ဝ၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

“ဇွန်လဆန်းပိုင်းကစပြီး အခုထိ တစ်ရက်ကို လက်ကမ်းစာစောင် အစောင်နှစ်ရာလောက် ဝေနေတယ်၊ အဓိကကတော့ အခု မော်တော်ယာဉ် ဥပဒေသစ်မှာ ပြဌာန်းချက်တွေနဲ့ လိုက်နာရမယ့်အချက်တွေ အရေးယူ ခံရမယ့်ပုဒ်မနဲ့ ဒဏ်ငွေနှုန်းထားတွေပါတဲ့စာကို စုစည်းပြီး လက်ကမ်းစာ စောင်ရိုက်လိုက်တယ်၊ အဲဒီလက်ကမ်းစာစောင်တွေကို နေ့စဉ်ရွေ့လျား စနစ်နဲ့ဝေနေတာ၊ ပညာပေးတွေလည်း တောက်လျှောက်လုပ်နေတယ်”ဟု အဆိုပါရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ဆိုင်ကယ်များ နေ့လယ်ဘက်တွင်ပါ ရှေ့မီးအနိမ့်ဖွင့်မောင်းရမည်ဟု ပြဋ္ဌာန်းချက်ကြောင့် မြန်မာနိုင်ငံအခြေစိုက် မော်တော်ဆိုင်ကယ်တပ် ဆင်စက်ရုံများလည်း ထိုင်းနိုင်ငံနည်းတူ မီးအဖွင့်/အပိတ်ခလုတ် သီးသန့် မထည့်သွင်းတော့ဘဲ သော့ဖွင့်လိုက်ရုံနှင့် Auto လင်းသည့်စနစ်သို့ ပြောင်း လဲတပ်ဆင်ပေးရတော့မည်ဖြစ်သည်။ မော်တော်ဆိုင်ကယ်ရှေ့မီးအနိမ့် ဖွင့်မောင်းခြင်းဖြင့် မျက်နှာချင်းဆိုင်ယာဉ်များကို သတိပေးရာသည် ရောက်သည့်အပြင် ရှေ့မှမောင်းနှင်နေသော ယာဉ်များအနေဖြင့်လည်း နောက်တွင် ဆိုင်ကယ်ကပ်ပါမောင်းနှင်နေကြောင်း သတိပေးရာရောက် ရှိမည်ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ မော်တော်ဆိုင်ကယ်တပ်ဆင်စက်ရုံများလည်း ရှေ့ မီးခလုတ် သီးသန့်တပ်ဆင်နေခြင်းထက် ရှေ့မီးအနိမ့်အတွက် တိုက်ရိုက် တပ်ဆင်ပေးသည့်စနစ်သို့ ပြောင်းလဲရတော့မည့်အပြင် ဆိုင်ကယ်မောင်း သူများကလည်း အာဆီယံနိုင်ငံများထဲမှ ထိုင်းနှင့် စင်ကာပူနည်းတူ ရှေ့ မီးဖွင့်၍ နိုင်ငံတကာနည်းတူ မောင်းနှင်ရတော့မည်မှာ သေချာသည်။ အကယ်၍ နေ့ခင်းဘက်တွင်ပါ ဆိုင်ကယ်ရှေ့မီးဖွင့်၍ မောင်းနှင်ရမှုကြောင့် ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာပါက ဥပဒေပြဋ္ဌာန်းရကျိုး နပ်သည်ဟု ပြောဆိုဂုဏ်ယူရမည်လည်း ဖြစ်သည်။ နှစ်စဉ်ယာဉ်တိုက်မှုကြောင့် လူဦးရေ ထောင်ချီသေဆုံးနေသော မြန်မာနိုင်ငံတွင် ဆိုင်ကယ်ရှေ့မီးအနိမ့် ဖွင့်မောင်းရုံဖြင့် ယာဉ်တိုက်မှုရာခိုင်နှုန်း အများအပြား ချက်ချင်းမကျ ဆင်းနိုင်သော်လည်း အနည်းငယ်အထာက်အပံ့ရမည်မှာ ဧကန်မလွဲပေ။

ထိုသို့ ယာဉ်တိုက်မှုများ ကျဆင်းရန်လည်း နိုင်ငံတော်အစိုးရ၊ ယာဉ် ထိန်းရဲတပ်ဖွဲ့နှင့်အတူ ဆိုင်ကယ်စက်ရုံများ၊ ဆိုင်ကယ်ကုမ္ပဏီများ၊ ဆိုင်ကယ်လောကသားများနှင့် ဆိုင်ကယ်စီးနင်းသူ ပြည်သူလူထူအားလုံး ပူးပေါင်းပါဝင်ရန်နှင့် လိုက်နာကြရန်လည်းလိုအပ်သည်။ နိုင်ငံတကာစံနှုန်း နှင့်အညီ ဥပဒေပြဌာန်းချက်များအတိုင်း တက်ညီလက်ညီပူးပေါင်းလုပ် ဆောင်နိုင်ပါက ဒီမိုကရေစီအသွင်ပြောင်းနေသော မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအနှစ်သာရနှင့်အတူ နိုင်ငံ့ဂုဏ်ကို တစ်စိတ်တစ်ဒေသ တာဝန်ထမ်းပေးရင်း ပြည်သူလူထူအသက်များကို ကယ်တင်ရာလည်းရောက်ရှိ မည်ဖြစ်ပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here