မော်တော်ဆိုင်ကယ်များ ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်ရတော့မည်

700

 

မန္တလေး၊ မေ ၂၈

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် မေ ၂၆ ရက်က လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အခန်း (၁၃) တားမြစ်ချက်များ ပုဒ်မ ၇၆ (ခ) တွင် ‘မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနှင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်းမရှိစေရ’ဟု ပြဌာန်းလိုက်သည့်အတွက် မကြာမီ အဆိုပါပြဌာန်းချက်အတိုင်း လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း မော်တော်ဆိုင်ကယ်လောကသားများက ပြောကြားသည်။

“အရှေ့တောင်အာရှမှာ ထိုင်းနဲ့ စင်ကာပူနိုင်ငံမှာလည်း မော်တော်ဆိုင်ကယ်တွေကို နေ့ရောညပါ မီးဖွင့်စီးခိုင်းတယ်၊ အဓိကကတော့ ယာဉ်စီးရေများလွန်းတဲ့အတွက် ဆိုင်ကယ်တွေလာနေတယ်ဆိုတာ အဝေးကြီးကတည်းက သတိထားမိအောင် ယာဉ်တိုက်မှုလျော့ကျအောင် မီးဖွင့်စီးခိုင်းတာပေါ့၊ မြန်မာနိုင်ငံမှာလည်း အခုလိုဥပဒေပြဌာန်းလိုက်တာ တအားကောင်းတယ်၊ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်” ဟု မော်တော်ဆိုင်ကယ်မျိုးစုံ တင်သွင်းရောင်းချလျက်ရှိသော Easy Rider Motorbike ကုမ္ပဏီမှ Managing Director ဦးတင်ကျော်နန္ဒက ပြောကြားသည်။

အဆိုပါ ဥပဒေ အခန်း (၁၃) တားမြစ်ချက်များ ပုဒ်မ ၇၆ (က)တွင် ‘မော်တော်ဆိုင်ကယ်ကို နောက်ကြည့်မှန်နှင့် အိပ်ဇောရှိအသံထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်းမပြုရ’ ဟုလည်းကောင်း၊ ပုဒ်မ ၇၆ (ဂ)၌ ‘ကိုယ်တိုင်ဖြစ်စေ လိုက်ပါစီးနင်းသူကိုဖြစ်စေ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးသေချာတပ်ဆင်၍ ဆောင်းခြင်းမပြုဘဲ မော်တော်ဆိုင်ကယ်ကို မောင်းနှင်ခြင်းမပြုရ’ဟုလည်းကောင်း အသီးသီးပြဌာန်းထားသည်ကိုလည်း တွေ့ရသည်။

“နေ့ခင်းဘက် ရှေ့မီးအနိမ့်ဖွင့်စီးတာအပြင် နောက်မီးပါကောင်းအောင် လုပ်ထားရမယ်ဆိုတဲ့ဟာ ဥပဒေထဲ တစ်ခါတည်း ပြဌာန်းနိုင်ရင် ပိုကောင်းတာပေါ့၊ ဆိုင်ကယ်နောက်မီးမှာ နှစ်မျိုးရှိတယ်၊ ပုံမှန်စီးနေရင် မှိန်မှိန်လေးလင်းတာရယ်၊ ဘရိတ်အုပ်လိုက်တဲ့အချိန် ပိုလင်းသွားတာရယ်ပေါ့၊ ညပိုင်းယာဉ်တိုက်မှုဖြစ်စဉ်တချို့က ရှေ့ကဆိုင်ကယ်မှာ နောက်မီးမလင်းတော့ သိပ်မမြင်ရာကနေ တိုက်မိတာတွေလည်းရှိတာကိုး၊ ဒါကြောင့် ဆိုင်ကယ်နောက်မီးနဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းချက်ထဲ ထည့်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

‘မော်တော်ဆိုင်ကယ်မောင်းနှင်သူ မည်သူမဆို နေ့အချိန်၌ ဆိုင်ကယ်မီးမဖွင့်ဘဲ မောင်းလျှင်ဖြစ်စေ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းနှင်လျှင်ဖြစ်စေ၊ နောက်ကြည့်မှန်နှင့် အိပ်ဇောရှိအသံထိန်းကိရိယာမပါဘဲ မောင်းနှင်လျှင်ဖြစ်စေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်’ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အခန်း (၁၄) ပြစ်ဒဏ်များ ပုဒ်မ (၈၇)တွင် ပြဌာန်းထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here