မော်တော်ဆိုင်ကယ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းသုံးစွဲခြင်းသည် အာရုံစူးစိုက်မှုလျော့ကျစေပြီး ယာဉ်မတော်တဆမှု နှစ်ဆမှ ငါးဆအထိ ပိုမိုဖြစ်စေဟုဆို

203

 

ကလေး၊ ဇွန် ၁၀

မော်တော်ဆိုင်ကယ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းသုံးစွဲခြင်းသည် ယာဉ်မောင်းနှင်မှုအပေါ် အာရုံစူးစိုက်မှု လျော့ကျစေပြီး ယာဉ်မတော်တဆမှု နှစ်ဆမှ ငါးဆအထိ ပိုမိုဖြစ်စေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ ယာဉ်မတော်တဆမှုဖြစ်လျှင် ဦးခေါင်းထိခိုက်ဒဏ်ရာကြောင့် သေဆုံးနိုင်ခြေလေးဆပိုများကာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းဖြင့် မတော်တဆမှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိမှု ၇၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း၊ အရက်သောက်သုံးခြင်းသည်လည်း အာရုံထွေပြားမှုကိုဖြစ်စေသောကြောင့် အရက်သောက်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင်ပါက ယာဉ်မတော်တဆမှု လေးဆခန့်အထိ ပိုမိုဖြစ်စေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ် မတော်တဆမှုများမှ ကာကွယ်လိုပါက အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်းရန်လိုအပ်ကာ အရက်သေစာသောက်စားပြီး ဆိုင်ကယ်မောင်းနှင်ခြင်း လုံးဝမပြုလုပ်ရန် လိုအပ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ ထပ်မံသိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ၂၀၂၀ ပြည့်နှစ်၊ မေ၂၆ ရက်က လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းထားသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇၅ (ဋ) အရ မော်တော်ယာဉ်ကို ကိုယ်တိုင် မောင်းနှင်နေစဉ် လက်ကိုင်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း မသုံးရ နှင့် ပုဒ်မ ၇၆(ဂ)အရ ကိုယ်တိုင်ဖြစ်စေ၊ လိုက်ပါစီးနင်းသူဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်ဆင်၍ ဆောင်းခြင်းမပြုဘဲ မော်တော်ဆိုင်ကယ်ကို မောင်းနှင်ခြင်းမပြုရ စသည်ဖြင့် ပြဌာန်းထားသည့်အပြင် အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ပုဒ်မ ၈၆ နှင့် ပုဒ်မ ၈၇ တို့၌ ပြဌာန်းထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here