မော်တော်ဆိုင်ကယ်စီးဦးထုပ်(Helmet) ရွေးချယ်ခြင်း

409

 

မော်တော်ဆိုင်ကယ်စီးနင်းသူဟာ ကားမောင်းသူထက် မတော်တဆ ထိခိုက်မှုဖြစ်နိုင်ခြေ ၃၅ ဆပိုများတယ်လို့ အမေရိကန်အမျိုးသားအဝေး ပြေးယာဉ်အန္တရာယ်ကင်းရှင်းရေးအဖွဲ့အစည်း (NHTSA) က ထုတ်ပြန် ထားပါတယ်။ မော်တော်ဆိုင်ကယ်စီးနင်းတဲ့အခါ ဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် အရေးအကြီးဆုံး အသုံးအဆောင်က Helmet ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဆိုင်ကယ်စီးနင်းတဲ့ သက်တမ်းတစ်လျှောက် Helmet တွေ ကာကွယ်ပေးခဲ့လို့ အသက်အန္တရာယ်နဲ့ ထိခိုက်ဒဏ်ရာရရှိမှုဘေးက အကြိမ်ကြိမ် ကင်းလွတ်ခဲ့ရပါ တယ်။ Helmet ကောင်းတစ်လုံးက အသက်အန္တရာယ် နဲ့ ထိခိုက်ဒဏ်ရာတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်တယ်ဆိုတာ သိရှိထား ဖို့ လိုပါတယ်။ ဥပဒေအရ Helmet မဆောင်းဘဲ ဆိုင်ကယ်စီးရင် ဖမ်းဆီးအရေးယူတယ်ဆိုလို့သာဆောင်းကြပေမဲ့ အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ Helmet တွေကိုမဆောင်းကြဘဲ အလွယ်ရရာတွေ ဝယ်ယူအသုံးပြုတာ တွေ့နေရပါတယ်။ Helmet ကောင်းတာကို ဘယ်လိုရွေးရမလဲ၊ ငွေကြေးလည်းအများကြီးမသုံးနိုင်ဘူးဆိုတဲ့ စကားမျိုးကိုလည်း ဆိုင်ကယ်သမားတွေကြားမှာ ခဏခဏကြားရလေ့ရှိပါတယ်။ ကိုယ်သုံးမယ့်ပုံစံနဲ့ကိုက်ညီပြီး အန္တရာယ်ကို ကောင်းကောင်းကာကွယ်ပေမဲ့ Helmet ရွေးချယ်ဖို့နည်းလမ်းလေးတွေ လက်ဆင့်ကမ်းပေးပါရစေ။
မြန်မာနိုင်ငံကစျေးကွက်ထဲမှာ ရွေးချယ်စရာ Helmet တွေလည်း တော်တော်စုံစုံလင်လင်ရှိနေပါပြီ။ ကမ္ဘာကျော်နာမည်ကြီးတံဆိပ်တွေ ဝယ်ယူလို့ရနေပြီး အဲဒီနာမည်ကြီးတံဆိပ်တွေကို ဆင်တူယိုးမှားတုပ ထုတ်ထားတဲ့ တရုတ်နိုင်ငံလုပ် Helmet တွေလည်း တွေ့နေရတာဖြစ်လို့ အရွေးမမှားဖို့ အရေးကြီးပါတယ်။ Helmet အတုတွေဟာ လုံခြုံမှုအဆင့် အတန်းကို မှန်းဆလို့မရတာကြောင့် ဘေးကင်းလုံခြုံမှုအတွက် လုံးဝ စိတ်ချလို့မရပါဘူး။ မူရင်းနဲ့အတုဟာ ပုံစံဒီဇိုင်းတွေတူတာကလွဲရင် Helmet အပြင်ခွံ (Shell) ရဲ့ ကြံ့ခိုင်မှု၊ အတွင်းသားဖော့နဲ့ ရေမြှုပ်တွေရဲ့ အရည်အသွေးတွေတစ်ခုမှစိတ်မချရလို့ ကျွန်တော့်အနေနဲ့ အကြံပြုရရင် မသုံးစေချင်ပါဘူး။ Helmet ရွေးချယ်တဲ့အခါမှာလည်း ကိုယ်ခေါင်းနဲ့ အံဝင်ခွင်ကျဖြစ်တာမျိုးကို ရွေးချယ်ဖို့လိုပါတယ်။ အသစ်ဝယ်တုန်းက တော်ပေမယ့် အသားကျသွားတဲ့အချိန်မှာ ခေါင်းနဲ့ချောင်နေတာမျိုးတွေ ကိုလည်း ခဏခဏကြုံရတတ်ပါတယ်။ Helmet တွေရဲ့အတွင်း သားရေမြှုပ်တွေက ဆောင်းလို့အသားကျသွားရင် ဦးခေါင်းပုံစံအတိုင်းပုံစံပြောင်း သွားတတ်ပါတယ်။ အသစ်ဝယ်တဲ့အချိန်မှ ချောင်ချောင်ချိချိဝယ်မိတာ မျိုးဆိုရင် အသားကျသွားတဲ့အချိန်ကျ တော်တော်ချောင်သွားတတ်တာ ကိုလည်း သတိထားရမှာဖြစ်ပါတယ်။ Helmet က အရမ်းကျပ်နေရင် ဆောင်းရတာ သက်သောင့်သက်သာမရှိသလို ချောင်သွားရင်လည်း ဘေးကင်းလုံခြုံမှုလျော့နည်းသွားလို့ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်မဲ့ အရွယ် အစား (Size) ကို ရွေးချယ်ဖို့လည်း အရေးကြီးပါတယ်။ နောက်တစ်ခုက Helmet အမျိုးအစားရွေးချယ်တာ မမှားဖို့လိုပါတယ်။ Sporty ဆန်ဆန် နဲ့ အရှိန်တင်မောင်းမယ့်အချိန်မှာ Off-Road Helmet ရွေးဆောင်းတာမျိုး၊ ခရီးဝေးသွားမယ့်အချိန်မှာ Half Helmet ဆောင်းမိတာမျိုးဆိုရင် ကိုယ် လိုချင်သလို မောင်းလို့မကောင်းတော့ဘဲ ပိုပင်ပန်းရတာမျိုး ဖြစ် နိုင်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများဆုံး တွေ့ရတာက ဘေးကင်းလုံခြုံမှုကောင်းတဲ့ Helmet တွေထက် အဆင်အပြင် ဒီဇိုင်းလှပတဲ့ Helmet တွေကို လူငယ်အများစုက လူငယ်သဘာဝအတိုင်းရွေးချယ်ပြီး ဆောင်း နေကြတာပါပဲ။ ဒီလိုအသုံးပြုမှုမျိုးဟာ သာမန်အချိန်မှာ မသိ သာပေမဲ့ ဘေးအန္တရာယ်နဲ့ကြုံရတဲ့အခါ ကိုယ့်အတွက် ကာကွယ်မှု ကောင်းကောင်းမရလို့ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွား တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့်အနည်းဆုံးတော့ လုံခြုံမှုအဆင့်အတန်းသတ်မှတ်ချက် တစ်ခုခုရှိနေတာမျိုး ကို သုံးစေလိုပါတယ်။ လုံခြုံမှုအဆင့်အတန်း သတ် မှတ်ချက်တွေက နေရာဒေသအပေါ်မူတည်ပြီး အမျိုးမျိုးရှိကြပေမဲ့ နိုင်ငံ တကာအနေနဲ့ DOT ၊ ECE 22.05 နဲ့ Snell လိုမျိုးစံသတ်မှတ်ချက်တွေ ကို လက်ခံကျင့်သုံးကြပါတယ်။
DOT ကတော့ အမေရိကန်နိုင်ငံရဲ့ သတ်မှတ်ချက်ဖြစ်ပြီး အပြည့် အစုံဆိုရင်တော့ Department Of Transportation ပါ။ အမေရိကန် နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဌာနကို ညွန်းတာဖြစ်ပြီး စံသတ်မှတ်ချက် ကတော့ FMVSS 218 ပါ။ အမေရိကန်နိုင်ငံတွင်းက လမ်းတွေပေါ်မှာ ဆိုင်ကယ်စီးနင်းကြမယ်ဆိုရင် အနိမ့်ဆုံးစံအနေနဲ့ DOT ရဲ့ FMVSS 218 ကို မဖြစ်မနေလိုက်နာအသုံးပြုကြရပါတယ်။
ECE ကတော့ ၁၉၅၈ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ဥရောပစီးပွားရေးကော်မရှင် (Economic Commission for Europe) ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး ၄၇ နိုင်ငံက လက်ခံကျင့် သုံးနေပါတယ်။22.05 ဆိုတာကတော့ စမ်းသပ်မှုတွေအတွက် စံနှုန်း သတ်မှတ်ချက်ဖြစ်ပြီး ကိုက်ညီတဲ့ Helmet တွေမှာ ECE 22.05 လို့ မှတ်တမ်းတင်ထားပါတယ်။
Snell ကတော့ ၁၉၅၆ ခုနှစ်မှာ Helmet အားနည်းချက်ကြောင့် ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတဲ့ နာမည်ကြီးပြိုင်ကားသမား William “Pete” Snell ကိုအစွဲပြုပြီးတည်ထောင်ထားတဲ့ Snell Memorial Foundation ရဲ့ သတ်မှတ်စစ်ဆေးချက်ဖြစ်ပါတယ်။ အားကစားနယ် ပယ်အစုံက Helmet တွေရဲ့လုံခြုံမှုကို အသိအမှတ်ပြုစစ်ဆေးပေးတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဆိုင်ကယ်အတွက်တော့ M2015 ဖြစ်ပါတယ်။ Snell standard ကတော့ အစိုးရတွေက သတ်မှတ်ထားတဲ့ စံချိန်စံညွန်း တွေထက်ကျော်လွန်ပြီး စမ်းသပ်စစ်ဆေးတဲ့အပြင် စျေးကွက်ထဲရောက်ပြီးသား Helmet တွေကိုပါ ကျပန်းစနစ်နဲ့ ထပ်စစ်ဆေးပြီး သတ်မှတ်ချက် မကိုက်ညီရင် ပြန်လည်ရုပ်သိမ်းတာမျိုးတွေကြောင့် ယုံကြည်စိတ်ချရပါ တယ်။ များသောအားဖြင့် Helmet တွေမှာ Snell standard တစ်ခုတည်းမဟုတ်ဘဲ DOT နဲ့ ဖြစ်ဖြစ်၊ ECE နဲ့ဖြစ်ဖြစ် တွဲနေတတ်ပါတယ်။Helmet
ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ ထုတ်ကြပေမဲ့ Helmet တွေရဲ့ဖွဲ့စည်းပုံနဲ့ ပုံသဏ္ဍာန် အပေါ်မူတည်ပြီး Fullface ၊ Off-Road ၊ Dual-sport ၊ Modular ၊ Open-face နဲ့ Half helmet ဆိုပြီးအမျိုးအစားတွေ အုပ်စု ခွဲခြားလို့ရပါတယ်။Full-face နဲ့ Modular တွေကလမ်းပေါ်သုံး၊ မျောက် ခေါင်းလို့ခေါ်ကြတဲ့ off-road ကလမ်းကြမ်းသုံး၊Dualsport က လမ်းချော လမ်းကြမ်း နှစ်မျိုးသုံး၊ Open-Face နဲ့Half Helmet က ပေါ့ပေါ့ပါးပါး သုံးဆိုပြီးလည်း ခွဲခြားအသုံးပြုလို့ရပါတယ်။ စျေးကြီးတာ၊ ဒီဇိုင်းသစ်တာ၊ ပုံစံလှတာထက် ကိုယ့်ဆိုင်ကယ်နဲ့ကိုက်ညီမယ့်ပုံစံ၊ အသုံးပြုမယ့်အခြေအနေနဲ့ အဆင်ပြေမယ့် Helmet မျိုးကို ရွေးချယ်အသုံးပြုစေလိုပါတယ်။ ဒါကြောင့် ဆိုင်ကယ်ချစ်တဲ့ ဆိုင်ကယ်စီးနင်းသူတွေ ဘေးကင်းလုံခြုံမှု မြင့်မားတဲ့ Helmet ကောင်းတစ်လုံးကို ကိုယ်တတ်နိုင်တဲ့ငွေကြေးအတိုင်း အတာနဲ့ ကိုက်ညီတာရွေးချယ်နိုင်ဖို့အတွက် အကြံပြုရေးသားလိုက်ရပါတယ်။

ဆိုင်ကယ်စီးနင်းသူအပေါင်း
ထိခိုက်မှုဘေးအန္တရာယ်များမှ ကင်းဝေးပါစေ။
(ဆက်လက်ဖော်ပြပါမည်)
Ref: nhtsa.gov, ultimatemotorcycling.com, motorcyclelegalfoundation.com

LEAVE A REPLY

Please enter your comment!
Please enter your name here