မော်တော်ကားများ  လုံးဝ ကျိုးပျက်   ပျက်စီးသွားသည်အထိ ပေ ၁၈ဝ အမြင့်ရှိ   ကရိန်းပေါ်မှ ရွှေဖရုံသီးကြီးများ ပစ်ချသည့်ပွဲတော် ကျင်းပ

823

အမေရိကန်ပြည်ထောင်စု၊ Maine ပြည်နယ်၊ Damariscotta မြို့တွင် ကျင်းပလေ့ရှိသည့် ရွှေဖရုံသီး ပစ်ချသည့် ပွဲတော်တွင် ကားများ လုံးဝ ပျက်စီးကျိုးကြေသွားသည်အထိ ပေါင်ရာနှင့် ချီသော အလေးချိန်ရှိ ကြီးမားသည့် ရွှေဖရုံသီးကြီးများကို ပေ ၁၈ဝ အမြင့်ရှိ ကရိန်းပေါ်မှ ပစ်ချသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်စာမျက်နှာတွင် ခေတ်စားနေကြောင်း  Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ယင်းဗီဒီယိုမှတ်တမ်းအရ အတ္တလန္တိတ် ရွှေဖရုံသီးကြီးကို ကရိန်းဖြင့် မတင်ကာ ပေ ၁၈ဝ အမြင့်မှ အောက်ဘက်ရှိ ကားပေါ်သို့ ပြန်ပစ်ချခြင်းဖြစ်သည်။ အောက်ဘက်ရှိ ကားပေါ်သို့ နေရာတည့်တည့် ကျစေရန်အတွက် အဆိုပါရွှေဖရုံသီးနှင့် ကရိန်းအောက်ရှိ အနက်ရောင် SUV ကားတို့အား ကြိုးတစ်ချောင်းဖြင့် တွဲချည်ထားသည်ကို တွေ့ရသည်။ နောက်ထပ်ရွှေဖရုံသီး ကြီးတစ်လုံးကိုလည်း ပန်းရောင်ကားတစ်စီးပေါ်သို့ ပစ်ချခဲ့သေးသည်။ ကြီးမားသည့် ရွှေဖရုံသီး ကြီးပြုတ်ကျသည့်အရှိန်မှာ ပြင်းထန်လွန်းသည့်အတွက် မြေပြင် သို့မရောက်မီ ကားပေါ်အကျတွင် အချက်ပေါင်းများစွာ ခုန်ပေါက်နေခဲ့ပြီးမှ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကုန်ခြင်း ဖြစ်သည်။ နောက်ဆုံး ရွှေဖရုံသီးကြီးတစ် လုံးကိုမူ ကြီးမားသည့်ရေကန် ထဲသို့ပစ်ချခဲ့ရာ ရေလှိုင်းများမှာ ရေကန်မှနေ၍ ရေပန်းသဖွယ် အမြင့်ပေပေါင်းများစွာ မြောက်ကြွကလျှံတက်ခဲ့သည်။

 

Damariscotta Regatta & Pumpkinfest ပွဲတော်ကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ယခု သီတင်းပတ် ပိတ်ရက်တွင် ကျင်းပခဲ့သည့် အဆိုပါရွှေဖရုံသီး ပစ်ချသည့်ပွဲတော်သို့ ပရိသတ်အမြောက်အမြား လာရောက်ကြသည်ဟု သိရသည်။ ယခုကဲ့သို့ ရွှေဖရုံသီးလွှတ်ချသည့်ပွဲတော်အပြင် ရွှေဖရုံသီးစီတန်းပွဲ၊ ရွှေဖရုံသီးပစ်ပွဲ စသည်တို့ကိုလည်း ကျင်းပကြသည်။ ရွှေဖရုံသီးပစ် ချပွဲတော်မှ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ပြန့်ကြဲသွားသည့် ရွှေဖရုံသီးအစိတ်အပိုင်းများကို ဝက်များ စားနိုင်ရန်အတွက် အနီးအနားရှိ လယ်ကွက်ထဲသို့ သွားပစ်ထားကြောင်းလည်း သိရသည်။ အဆိုပါရွှေဖရုံသီး ပစ်ချပွဲအား မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ကို Live.Leak.com အင်တာနက်စာမျက်နှာပေါ်တွင် ဖော်ပြထားခြင်းဖြစ်သည်။

 

Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here