မောင်းသူအထောက်အကူပြုနည်းပညာများ နှစ်အနည်းငယ်အတွင်း သုံးစွဲနိုင်ရန်  KTM ကြိုးစားနေ

602

သြစတြီးယား ဆိုင်ကယ်ကုမ္ပဏီ KTM သည် မောင်းသူကိုအထောက်အကူပေးသည့် ရေဒါအခြေခံနည်းပညာများကို ၎င်းတို့ထုတ်ကုန်ဆိုင်ကယ်များတွင် သုံးစွဲနိုင်ရန်ကြိုးစားအားထုတ်နေကြောင်း မေ ၁၄ ရက်တွင် အိန္ဒိယသတင်းဝက်ဘ်ဆိုက် auto.ndtv က ရေးသားဖော်ပြခဲ့သည်။

နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော နည်းပညာခေတ်ကြီးတွင် မော်တော်ကားအများစု၌ မောင်းသူကိုကူညီပေးသည့် နည်းပညာပိုင်းများပါဝင်နေသော်လည်း ဆိုင်ကယ်များတွင်မူ အဆိုပါနည်းပညာပိုင်းများ ပါဝင်မှုနည်းပါးနေဆဲ ဖြစ်သည်။ အီတလီဆိုင်ကယ်ကုမ္ပဏီ Ducati  က ရေဒါအခြေခံနည်းပညာကို ၎င်းတို့ဆိုင်ကယ်များတွင် အသုံးပြုရန် အတည်ပြုခဲ့ပြီးနောက် KTM  ကလည်း Adaptive Cruise Control နှင့် Blind Spot Detection နည်းပညာများကို ထုတ်ကုန် ဆိုင်ကယ်များ၌ တပ်ဆင်သုံးစွဲနိုင်ရန် ကြိုးစားလာခြင်းဖြစ်သည်။ တစ်နာရီ မိုင်သုံးဆယ်နှင့်အထက်အရှိန်နှုန်းဖြင့် မောင်းနေချိန်တွင် ဆိုင်ကယ်အား ရှေ့မှအခြားယာဉ်နှင့် သတ်မှတ်ထားသောအကွာအဝေးအတိုင်းရှိရန် အာရုံခံကိရိယာမှတစ်ဆင့် ထောက်လှမ်းထိန်းချုပ်ပေးသော Adaptive Cruise Control နည်းပညာကို KTM က 1290 Super Adventure မိုဒယ်တွင် စတင်စမ်းသပ်နေပြီဖြစ်သည်။

ထို့ပြင် အနောက်ဘက်မှ ယာဉ်များကို ကြိုတင်ထောက်လှမ်းပေးကာ အချက်ပြဒိုင်ခွက်မှတစ်ဆင့် မောင်းသူကို သတိပေးသည့်  Blind Spot Detection နည်းပညာကို လည်း KTM က စမ်းသပ်နေကြောင်းသိရသည်။ သို့ရာတွင် ထိုနည်းပညာ များကို KTM ဆိုင်ကယ်များတွင် သုံးစွဲနိုင်ရန် အနည်းဆုံး ၂ နှစ်မှ သုံးနှစ်အတွင်း ကြာမြင့်မည်ဖြစ်ကြောင်း ဒုဥက္ကြ Gerald Matschl  က ဆိုသည်။

Ref : auto.ndtv

LEAVE A REPLY

Please enter your comment!
Please enter your name here