မောင်းသူမဲ့ကားကုမ္ပဏီ Zoox ကို Amazon ဝယ်ယူ

114

 

ကမ္ဘာ့အကြီးဆုံး E-commerce ကုမ္ပဏီတစ်ခုဖြစ်သည့် Amazon သည် အမေရိကန် မောင်းသူမဲ့ကားကုမ္ပဏီ Zoox ကို ဝယ်ယူကာ မောင်းသူမဲ့ကားနယ်ပယ်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း The New York Times သတင်းစာက ဇွန် ၂၇ ရက် တွင်ဖော်ပြသည်။

Amazon တည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်တာဝန်ကို ထမ်းဆောင်နေသည့် Jeff Bezos သည် ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Zoox ကိုဝယ်ယူရန် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ Amazon တာဝန်ရှိသူများသည် ဇွန် ၂၆ ရက်က Zoox ကုမ္ပဏီဘက်မှ ပုဂ္ဂိုလ်များနှင့်ဆွေးနွေးကာ အရောင်းအဝယ်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ကုမ္ပဏီနှစ်ခုမှ တာဝန်ရှိသူများသည် အရောင်းအဝယ်အတွက် မေလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး တစ်လကျော်အကြာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း မောင်းသူမဲ့ကားကုမ္ပဏီ Zoox ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံအထိရှိခဲ့သော်လည်း ယခုအခါ ထက်ဝက်မကသောတန်ဖိုးဖြင့် Amazon က ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ Amazon သည် Zoox ကို အလုံးစုံပိုင်ဆိုင်နိုင်ပြီ ဖြစ်သော်လည်း ကားထုတ်လုပ်ရေးနယ်ပယ်တွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဘဲ ယခင်ဖွဲ့စည်းပုံအတိုင်း ဆက်လက် လည်ပတ်သွားမည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။

Zoox သည် မူလက ယခုနှစ်အတွင်း Pilot Programme ကို မိတ်ဆက်မည်ဟု ကြေညာထားသော်လည်း အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် အခက်အခဲတွေ့ခဲ့ရသလို ဝန်ထမ်း ကိုးရာ ရှိသည့်အနက် ၁၀ ရာခိုင်နှုန်းခန့် လျှော့ချခဲ့ရသည်။ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ယိမ်းယိုင်မှုများကြုံတွေ့လာချိန်တွင် Amazon ၏ကမ်းလှမ်းမှုကို လက်ခံကာ Jeff Bezos ၏ ကြွယ်ဝမှုနှင့်အတူ ရှေ့ဆက်ဖြတ်သန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Jeff Bezos က မောင်းသူမဲ့ကားလောကအတွင်း ဝင်ရောက်လာခြင်းကို အားလုံးက အံ့အားသင့်လျက်ရှိပြီး နာမည်ကျော် အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ Tesla အမှုဆောင်အရာရှိချုပ် Elon Musk က ၎င်း၏လုပ်ရပ်ကို “JeffBezos is a copy cat haha”ဟု တွစ်တာတွင်ရေးသားကာ လှောင်ပြောင်ခဲ့သည်။

Ref: nytimes

LEAVE A REPLY

Please enter your comment!
Please enter your name here