ရန်ကုန်၊ ဧပြီ
မေလမှစ၍ ယာဉ်မောင်းလိုင်စင်ဖြေဆိုရန်အတွက် ကညနမှ ပို့ချသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သင်တန်းကို Online Booking စနစ်ဖြင့် ကြိုတင်စာရင်းမပေးသွင်းပါက တက်ရောက်ခွင့်ပေးတော့မည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ယာဉ်မောင်းလိုင်စင် ဖြေဆိုသူများကို ယာဉ်မောင်းသင်တန်းကျောင်းများမှ သင်တန်းဆင်းလက်မှတ် မတောင်းခံတော့ဘဲ ကညနမှ သင်ကြားပေးသည့် တစ်ရက်သင်တန်းတက်ရောက်ရုံဖြင့် ဖြေဆိုခွင့်ပေးလျက်ရှိသည်။ ထိုသို့ သင်ကြားပို့ချရာတွင် ယာဉ်မောင်းလိုင်စင်ဖြေ ဆိုရန်အတွက် တက်ရောက်လိုသူများအနေဖြင့် www.rtad.gov.mm မှတစ်ဆင့် စာရင်းပေးသွင်းရမည် ဖြစ်ပြီး အနည်းဆုံးသုံးရက်မှ အများဆုံး ရက်သုံးဆယ်အထိ Online Booking ရယူရမည် ဖြစ်သည်။ Online Booking ဖြင့် ကြိုတင်စာရင်းပေးမသွင်းပါက မေ ၂ ရက်မှစပြီး တက်ရောက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။
”ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး (ရန်ကုန်) ကနေ (ခ)ယာဉ်မောင်း လိုင်စင်ဖြေဆိုသူတွေကို ပိုအဆင်ပြေ လွယ်ကူချောမွေ့ဖို့အတွက် သင်တန်းဆင်းလက်မှတ် မလိုအပ်ဘဲ ဖြေဆိုခွင့်ပေးထားပါတယ်၊ ဖြေဆိုသူတွေအနေနဲ့ မြင်သာ ကညနရုံးမှာ သင်ကြားပို့ချပေးမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းကို တက်ရောက်ဖို့ လိုအပ်ပါတယ်၊ သင်တန်းတက်ရောက်မယ့်သူတွေ အနေနဲ့လည်း Online Booking စနစ်နဲ့ ရက်ချိန်း ရယူဖို့ လိုအပ်ပြီး ကြိုတင်စာရင်းမပေးတဲ့သူတွေကိုတော့ မေ ၂ ရက် ကစပြီး တက်ရောက်ခွင့်ပေးမှာ မဟုတ်ပါဘူး”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြင်သာ ကညနရုံးတွင် (ခ) ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများကို တစ်ရက်လျှင် သင်တန်းသားလေးရာအထိ နံနက် ရှစ်နာရီခွဲ မှ နေ့လယ် ၁၂ နာရီခွဲအထိ တစ် ကြိမ်၊ ၁၂ နာရီခွဲမှမှ ညနေလေးနာရီခွဲအထိတစ်ကြိမ် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ယာဉ်မောင်းသင်တန်းဆင်းလက်မှတ်မလိုဘဲ ကညနမှ သင်ကြားပို့ချသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတက်ရောက်ရုံဖြင့် (ခ) ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်ပေးရာတွင် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ၂၅၅ ဦး၊ မတ်လ၌ ၁,၂၂၃ ဦး၊ ဧပြီ ၂ ရက်မှ ၂၃ ရက်အထိ ဦးရေခုနစ်ရာ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲထွန်းကျော်