မေတ္တာစာချုပ် ဆွဲဆုတ်ခဲ့သူ

99

 

ကျွန်တော့် တယ်လီဖုန်းမြည်သည်။ ကိုဗစ်ရောဂါကာလဖြစ်လို့ အပြင်ထွက်ပြီး အသွားအလာမလုပ်ကြသလို တယ်လီဖုန်းလည်း မဆက်ကြသည့် အတွက် တယ်လီဖုန်းမြည်သံကြားလျှင် အထူးအဆန်းလို့တောင် ဖြစ်နေ သည်။ စိုးရိမ်မိတာလည်း ပါသည်။ ရောဂါကူးစက်ခံရလို့ ဘယ်သူ သေပြန်ပြီလဲမသိလို့ ထင်မိတာဖြစ်သည်။ တယ်လီဖုန်းခေါ်သူကို ဖြေလိုက်သည်။
“အစ်ကို ကျွန်မ မအေးရီပါ၊ ကိုအောင်ထွန်း ညက ဆုံးသွားပြီ”
ကျွန်တော် အူကြောင်ကြောင်ဖြစ်သွားသည်။ ဖုန်းမှားဆက်တာ များလားလို့တောင် ထင်မိသည်။ မအေးရီကိုလည်း မသိ။ ဆုံးသွားပြီဆိုသည့် ကိုအောင်ထွန်းဆိုတာကိုလည်း မသိသလိုဖြစ်နေသည်။ နာရေး သတင်းပေးသူဖြစ်လို့ သေချာအောင် မေးရတော့သည်။
“မအေးရီရေ အစ်ကို အသက်ကြီးလာတော့ သတိမေ့တယ်ကွယ်၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ နာမည် တွေကို မေ့တယ်၊ မအေးရီက ဘယ်မှာ နေတာလဲ ပြောပါဦး”
“သာကေတ၊ ၇ ရပ်ကွက်က မအေးရီလေ၊ သင်္ဘောသားကိုအောင်ထွန်းရဲ့ ဇနီးလေ၊ အစ်ကိုတို့နေခဲ့တဲ့ အိမ်ခေါင်း ရင်းကလေ”
“သြော် မအေးရီ၊ မအေးရီ၊ မှတ်မိပြီကွယ်၊ ကိုအောင်ထွန်းက ဘာဖြစ်လို့ ဆုံးတာလဲ၊ ကိုဗစ်ကြောင့်လား”
“မဟုတ်ဘူး၊ သူ့မှာ ရောဂါစုံတယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါ တွေရှိတယ်၊ ငယ်ငယ်က ပွဲကြမ်းခဲ့တဲ့ဒဏ်တွေပေါ့ အစ်ကိုရယ်”
“အသုဘ ဘယ်တော့ချမှာလဲ”
“ဒီနေ့ညနေ ၃ နာရီ၊ ရေဝေးမှာ သဂြိုဟ်မယ်”
“အစ်ကို လိုက်မပို့နိုင်တော့ဘူး မအေးရီရယ်၊ အမျှဝေနေလိုက်တော့မယ်”
“မပို့နဲ့၊ မပို့နဲ့ သုသာန်ကလည်း မိသားစုပဲ လိုက်ပို့ခွင့်ပြုတယ်”
ကျွန်တော် စိတ်မကောင်းဖြစ်သွားသည်။ ကိုအောင်ထွန်း ကွယ်လွန်လို့ စိတ်မကောင်းဖြစ်တာထက် မအေးရီ မုဆိုးမဖြစ်ရတာကို စိတ်မကောင်း ဖြစ်မိသည်။ မအေးရီ ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲခဲ့ရတာကို ပြန်ပြီး သတိရလာသည်။
ကိုအောင်ထွန်းသည် လုပ်သက်ရင့် စီနီယာသင်္ဘောသားဖြစ်သည်။ ကျွန်တော်သင်္ဘောသားမဖြစ်မီ အစိုးရဝန်ထမ်းဘဝမှာရှိနေစဉ် ကိုအောင်ထွန်းက တက်မကိုင်အဆင့်ဖြင့် သင်္ဘောလိုက်နေခဲ့သူဖြစ်သည်။ ကျွန်တော့်ကို သင်္ဘောသားဖြစ်အောင် ကူညီဖို့ဆန္ဒရှိခဲ့သူဖြစ်သည်။ သာကေတမြို့၊ ၇ ရပ်ကွက်မှာ တစ်လမ်းတည်းအတူနေခဲ့ကြသည်။ ကျွန်တော်တို့ အိမ်ခေါင်းရင်းက အိမ်ကိုဝယ်ပြီး အိမ်သစ်ဆောက်သည့် သင်္ဘောသား ကိုအောင်ထွန်း၊ မအေးရီမိသားစုနှင့် ကျွန်တော်ခင်မင်ရင်းနှီးခဲ့ကြသည်။ ကျွန်တော့်ဇနီး မဖြူတုတ်နှင့် မအေးရီကလည်း ညီအစ်မလို ခင်မင်ခဲ့ကြ သည်။ ကျွန်တော် ရေတပ်ကထွက်ပြီး သင်္ဘောသားဖြစ်ဖို့ ကြိုးစားနေစဉ်မှာပင် ကမ်းလွန် ရေနံရှာဖွေရေးဌာနမှာ ယာယီ ဝင်ရောက်လုပ်ကိုင်နေခဲ့ ရသည်။ ကိုအောင်ထွန်းက နိုင်ငံခြားသင်္ဘောသားဘဝဖြင့် အဆင်ပြေနေခဲ့သည်။
၁၉၈၀ ပြည့်နှစ်မှာ ကျွန်တော်လည်း သင်္ဘောသားဖြစ်လို့ သာကေတမှ သင်္ဃန်းကျွန်းကို ပြောင်းရွှေ့နေထိုင်ခဲ့သည့်အတွက် ကိုအောင်ထွန်း၊ မအေးရီတို့နှင့် တဖြည်းဖြည်း ကင်းကွာခဲ့ရတာဖြစ်သည်။ တစ်ခါတလေ သာကေတမြို့မှာပြုလုပ်သည့် အလှူပွဲ၊ မင်္ဂလာဆောင်ပွဲတွေမှာတွေ့လျှင် နှုတ်ဆက်၊ လိပ်စာပေး၊ တယ်လီဖုန်းနံပါတ်ပေး၊ အကြောင်းရှိလျှင် ဆက် သွယ်ဖို့ပြော စသည်ဖြင့် အဆက်မပြတ်ရုံ နေလာခဲ့ကြတာဖြစ်သည်။ အခုတော့ ကိုအောင်ထွန်း ကွယ်လွန်သွားပြီလို့ မအေးရီဖုန်းဆက်ပြော သည်။ ကျွန်တော်တောင် အသက် ရှစ်ဆယ်နီးပြီဖြစ်လို့ ကိုအောင်ထွန်း လည်း ခုနစ်ဆယ်ကျော်ပေရော့မည်။
ကိုအောင်ထွန်း ကွယ်လွန်ပြီဆိုတော့မှ သာကေတမြို့မှာ အတူနေခဲ့ ကြစဉ် သင်္ဘောသား ကိုအောင်ထွန်းဘဝနှင့် ပုံရိပ်တွေကို ပြန်လည် သတိရ မြင်ယောင်လာသည်။ မဆလခေတ်သင်္ဘောသားဖြစ်လို့ ဒေါ်လာ စား/ သုံးနိုင်သည်။ မြန်မာပြည်မှာရှိနေသည့်ရက်တွေမှာ ဘောင်းဘီဝတ်သည်။ အတာချီကေ့စ်ခေါ် ဂျိမ်းစ်ဘွန်းအိတ်ကို လက်မှာဆွဲပြီး နေ့တိုင်း မြို့ထဲ ထွက်သည်။ သင်္ဘောသားရုံးကို အလုပ်ကိစ္စဖြင့် သွားတာလို့ပြောသည်။ မအေးရီကတော့ ကလေးနှစ်ယောက်နှင့်အတူ အိမ်မှုကိစ္စတွေလုပ်ပြီး လင်တော်မောင်ပြန်လာလျှင် စားဖို့၊ သောက်ဖို့ အဆင်သင့်ဖြစ်အောင် လုပ်နေရသည်။
တစ်နေ့မှာတော့ ထူးခြားသည့်ပြဿနာတစ်ခုဖြစ်သည်။ ညနေဘက် အတော်မိုးချုပ်မှ မအေးရီက ခေါ်ခိုင်းပါသည်ဆိုပြီး သမီးအကြီးမလေး က ကျွန်တော့်ကို လာခေါ်သည်။ ဘာကိစ္စပါလိမ့်လို့ သိချင်တာနဲ့ လိုက် သွားသည်။ သူတို့အိမ်ပေါ်တက်လိုက်တော့ ကိုအောင်ထွန်းပါ ရှိနေတာ တွေ့ရသည်။ အပြင်မှာထိုင်လျက် စီးကရက်ဖွာနေသည်။ ကျွန်တော် အိမ် ပေါ်တက်လာတော့ ဖော်ဖော်ရွေရွေကြိုဆိုပါသည်။ မအေးရီက ခေါ်ခိုင်း သည် ဆိုပါသော်လည်း သူကိုယ်တိုင်က သဘောတူလို့ ကျွန်တော်ရောက် လာတာကို လိုလိုလားလားကြိုဆိုတာဖြစ်မည်။ သူ့အနားမှာ ထိုင်ခိုင်းသည်။ မအေးရီက အိပ်ခန်းဝမှာထိုင်ပြီး ငိုနေသည်။ ငိုရှိုက်ပြီးပြောသည်။
“ကိုစိုးလှိုင်ရေ အဲဒီမှာ သူ့မယားငယ်ကို အိမ်ပေါ်ခေါ်တင်ထားမလို့ တဲ့၊ ကျွန်မ ရှက်တယ်တော့ ဟီး . . . ဟီး ”
ကျွန်တော် အံ့သြသွားသည်။ မျှော်လင့်မထားသည့်ကိစ္စဖြစ်နေ သည်။ ဘယ်လိုဖြစ်ကြတာလဲ မေးရတော့သည်။ ကိုအောင်ထွန်းကတော့ သောက်ထားသည့်အရှိန် မပြေသေးလို့ ခပ်ထွေ ထွေဖြင့် အာသွက်လျှာသွက်ပြောသည်။
“ကျွန်တော့်ဘက်က နောက်ဆုတ်လို့မရတဲ့အခြေအနေ ဖြစ်သွား တယ် ကိုစိုးလှိုင်ရယ်၊ ဟိုကလည်း အငယ်အနှောင်းဘဝနဲ့တင်မက အိမ်ဖော်အိမ်စေဘဝနဲ့ပဲ နေပါရစေလို့ပြောနေတယ်၊ အိမ်ဖော်အိမ်စေရှိတော့ မအေးရီ သက်သာတာပေါ့ မဟုတ်ဘူးလား”
“ဘာအိမ်ဖော်မှမလိုဘူး၊ ကျွန်မအလုပ်တွေကို ကျွန်မလုပ်နိုင်တယ်”
ကိုအောင်ထွန်းကလည်း သူ့အခြေအနေက နောက်ဆုတ်လို့မရဘူး ပြောသည်။ မအေးရီကလည်း လက်မခံနိုင်ဘူးပြောနေသည်။ ဘာကြောင့် နောက်ဆုတ်လို့မရတာလဲဆိုတော့ တရားဝင်လက်ထပ်မယူပါက ကာမ လိမ်လည်မှုဖြင့် တရားစွဲခံရမည်၊ ထောင်ကျမည်။ သင်္ဘောလိုက်ခွင့်မရ ဖြစ်မည်။ မအေးရီကလည်း မယားငယ်ကို လက်ခံထားရမည်ဆိုပါက ယနေ့ညမှစပြီး သူ့ကို သားမယားအဖြစ် မဆက်ဆံပါဟု စာချုပ်မှာ လက် မှတ်ထိုးရမည်ဟု တောင်းဆိုသည်။ ကိုအောင်ထွန်းကလည်း သဘော တူသည်။ မအေးရီကို မဆက်ဆံရလည်း ဘာအရေးလဲ၊ မယားငယ်လေးနှင့် အတူနေရမည်ဖြစ်လို့ လိုလိုလားလား သဘောတူလိုက်တာ ဖြစ်သည်။
မအေးရီ၏ဆန္ဒအတိုင်း ဒီညပဲစာချုပ်ချုပ်မည်ဆိုလို့ လမ်းမှူးနှင့် ရပ်ကွက်ကလူကြီးတွေရှေ့မှာ စာချုပ်သည်။ စာချုပ်မှာ အဓိကဖော်ပြသည့် အကြောင်းက ယနေ့ညမှစပြီး မအေးရီကို သားမယားအဖြစ် ဆက်ဆံခြင်း မပြုလုပ်ပါ ဆိုသည့်အချက်ဖြစ်သည်။ ကလေးနှစ်ယောက်ကို မဆူရ၊ မရိုက်ရဆိုတာလည်းပါသည်။ ကျွန်တော်အပါအဝင် အသိသက်သေ လက်မှတ်ရေးထိုးကြသည့် လမ်းလူကြီးတွေကို ကော်ဖီတိုက်သည်။ မုန့် ကျွေးသည်။ မေတ္တာစာချုပ်ပွဲပြီးသွားတော့ လူကြီးတွေ ကိုယ့်အိမ်ကိုယ် ပြန်ကြသည်။ အဝတ်အစား မချွတ်ရသေးသည့် ကိုအောင်ထွန်းကလည်း သူ့မယားငယ်ဆီကို ထွက်ခွာသွားပြီလို့ ယူဆရသည်။
အဲဒီညသန်းခေါင်ယံ အချိန်လောက်မှာတော့ ကျွန်တော့် ကို အိမ်ရှေ့တံခါးခေါက်ပြီး တစ်စုံတစ်ယောက်က အော်ခေါ်နှိုး နေသံကြားရသည်။ ကိုအောင်ထွန်းရဲ့အသံကို မှတ်မိလို့ မီးဖွင့်ပြီး တံခါးဖွင့်ပေးလိုက်သည်။ ကိုအောင်ထွန်းသည် အတော်သောက်ထားပုံရသည်။ မျက်နှာမှာ ချွေးပြန် နေသည်။ စကားပြောတာ အသံတုန်နေသည်။
“ကိုစိုးလှိုင်၊ ပြဿနာတက်ပြီဗျ၊ ဟိုကောင်မ ကျွန်တော်ဝယ်ပေး ထားတဲ့ မော်တော်ကားကိုရောင်းစားပြီး လင်နောက်လိုက်သွားပြီ၊ ကားက သူ့နာမည်နဲ့ ဝယ်ပေးထားမိတယ်၊ သူ့အစ်ကိုဝမ်းကွဲလို့ပြောတဲ့အကောင် နဲ့ တရားဝင် လက်ထပ်လိုက်ကြပြီ၊ နှစ်ယောက်စလုံးတွေ့အောင်လိုက်ရှာ ပြီး သတ်မယ်”
ညအမှောင်ထဲမှာ ကျွန်တော့်နောက်ကရပ်ပြီး နားထောင်နေသည့် မဖြူတုတ်က ရယ်ချင်လို့ဖြစ်မည်။ ပါးစပ်ပိတ်ပြီး အိပ်ခန်းထဲဝင်သွားသည်။
“အဲဒီတော့ မအေးရီနဲ့ ချုပ်ထားတဲ့စာချုပ်ကို ဘာလုပ်မလဲ”
“ဆွဲဆုတ်ပစ်မှာပေါ့ဗျ”
ကျွန်တော်လည်း စိတ်ထဲက ပြုံးလိုက်မိသည်။ စာချုပ်က မင်တောင် မခြောက်သေး။ မအေးရီက သဘောမတူလျှင် သူဘာမျှလုပ်မရဖြစ်နေသည်။ သူပြောစရာရှိတာပြောပြီး သူ့အိမ်ဘက်ကို ကူးသွားလေတော့ သည်။ သမီးအကြီးမကို အော်ခေါ်နှိုးသံကို ကြားနေရသည်။ မဖြူတုတ် ကတော့ အိပ်ခန်းထဲမှာ တခွီခွီနဲ့ ရယ်နေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here