မူဝါဒအသစ်ကို လိုက်မီအောင် ကြိုးစားရင်း အရောင်းအဝယ်ငြိမ်သက်နေသည့် နှစ်အစ ရန်ကုန်ကားစျေးကွက်

1329

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလကတည်းက အေးစက်နေသော ကားစျေးကွက်သည် နှစ်သစ် ၂ဝ၁၈ ခုနှစ်ရောက်သည့်တိုင်အောင် ငြိမ်သက်လျက်ရှိနေသည်။ အရောင်းအဝယ်များ ဆက်တိုက်အေးစက်နေပြီး ဝယ်/ရောင်းများမှာလည်း ဝယ်လက်ကိုသာ မျှော်နေရကြောင်း သိရသည်။ ကားဝယ်စီးသူအများစုမှာ ကျပ်သိန်း ၁၅ဝ နှင့် သိန်းနှစ်ရာဝန်းကျင် ဖရီးပါမစ်ကားလေးများကိုသာ အဝယ်များပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် လည်း အသစ်တင်သွင်းလာသည့်ကားများထက် နံပါတ်နိမ့် ကားဟောင်းများသာ ပို၍အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ စလစ်ကပ်ကားများ စျေးများမြင့်တက်ချိန်တွင် ဝယ်လိုအားကျဆင်းနေပြီး မရှိမဖြစ်လိုအပ်သူများသာ ဝယ်ယူမှုရှိတော့သည်။ကားလုပ်ငန်းရှင်၊ကားဝယ်/ရောင်းအများစုနှင့်ကားဝယ်ယူအသုံးပြုကြမည့်သူများကလည်း နှစ်အစစျေးကွက်အပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်ကဆက်လက်အေးစက်နေခြင်း ဖြစ်သည်။ တစ်ဦးချင်းတင်သွင်းသူများကလည်း ဘယ်မောင်းကားများနှင့် အကျွမ်းမဝင်သေးသည့်အတွက် ကားသစ်များဝင်ရောက်မှုက နည်းနေဦးမည် ဖြစ်သည်။

 

”ကားစျေးကွက်က အရောင်းအဝယ်ပါးပြီး ခေါ်စျေးပဲရှိတယ်၊ စျေးကလည်း မကျဘူး၊ ရန်ကုန်အဝယ်လည်း မလာသလို နည်းအဝယ်လည်း မဆင်းဘူး၊ အရင်က အဝယ်လိုက်တဲ့ GK3 ဆိုရင် သိန်းသုံးရာကျော် သွားတဲ့အတွက် မေးတဲ့သူတောင် မရှိတော့ဘူး၊ အခုအချိန်က ပွင့်လင်းရာသီရောက်လာတဲ့အတွက် အရောင်းအဝယ် ပြန်ကောင်းလာရမယ့်အချိန် ဖြစ်ပေမဲ့ ရောင်းကားတွေများပြီး အဝယ်မရှိဘူးဖြစ်နေတယ်၊ အရောင်းအဝယ်အေးတဲ့အချိန်မှာ ဝယ်/ရောင်းတွေကလည်း လက်ထဲမှာကိုင်ထားတဲ့ ကားတွေ မရောင်းရတဲ့အခါ ငွေလည်ပတ်မှုမရှိတော့လို့ နောက်ကားတွေကို ထပ်မကောက်ကြတော့ဘူး၊ နှစ်ကုန်မူဝါဒအပြောင်းအလဲက စျေးကွက်ကို တော်တော်ရိုက်ခတ်သွားတဲ့အတွက် တည်ငြိမ်လာမယ့်အခြေအနေကို  အချိန်ယူပြီးစောင့်ရမှာ ဖြစ်ပါတယ်၊ စျေးကွက်အေးတဲ့အချိန်မှာ စတိကား တွေတင်မက နံပါတ်ထွက်ပြီးသားကားတွေလည်း အရောင်းအဝယ်ဖြစ်တာ နည်းသွားပါတယ်”ဟု ကားဝယ်/ရောင်း ဦးချက်ကြီးက ဆိုသည်။

 

နှစ်အစတွင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း စျေးကွက်အေးစက်နေပြီး ဖေဖော်ဝါရီလကျော်မှသာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ထားကြသည်။ ယခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့သည့် နိုဝင်ဘာလကုန်မှစ၍ ဆက်တိုက်မြင့်တက်ခဲ့သော ကားစျေးများမှာ အရောင်းအဝယ်အေးစက်မှုကြောင့် တက်စျေးဖြင့်ရပ်တန့် သွားခဲ့သည်။ ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ကားအရောင်းအဝယ်အေးနေပြီး ပြည်ပမှ တင်သွင်းလာသည့် ကားသစ်များထက် စျေးကွက်အတွင်းရှိ နံပါတ်နိမ့်ကားဟောင်းလေးများကိုသာ အရောင်းအဝယ် ပြုလုပ်နေကြရသည်။ ဖရီးပါမစ်ကားများ အရောင်းအဝယ်အနည်းငယ်ဖြစ်သော်လည်း စလစ်ကပ်ကားများမှာ အဝယ်မရှိသလောက်ဖြစ်နေကြောင်း သိရသည်။ နှစ်ကူးကာလ ခရီးသွားလာသူ များပြားသောကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ရောင်းသူဝယ်သူနည်းပါးပြီး ခြောက်ကပ်နေကြောင်း သိရသည်။

 

”နှစ်ကူးကာလမှာ ခရီးသွားကြသူတွေများတဲ့အတွက် ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ ရောင်းသူဝယ်သူ နည်းပါးပြီး စျေးကွက်အေးစက်နေပါတယ်၊ တစ်ဦးတလေရောင်းရပြီး အများမရောင်းရဘူးဆိုတော့ စျေးကွက်တစ်ခုလုံးကို ခြုံကြည့်ရင် အရောင်းအဝယ်ကောင်းတယ်ပြောလို့ မရဘူး၊ မူဝါဒအသစ်နဲ့ အရောင်းအဝယ်ပြုလုပ်ရမှာဖြစ်တဲ့အတွက်  စျေးကွက်က ဘယ်လိုဖြစ်လာမလဲဆိုတာ သေချာပြောလို့ မရသေးဘူး၊ တစ်လ၊ နှစ်လလောက်စောင့်ကြည့်ပြီးမှပဲ  စျေးကွက်ဘယ်လိုဖြစ်မလဲဆိုတာ ပြောလို့ရမယ်၊ ဒီရက်ပိုင်းမှာတော့ ဘာကားမှ အရောင်းအဝယ်ဖြစ်တာ မတွေ့သေးပါဘူး၊ အရောင်းအဝယ်ဖြစ်တယ်ဆိုရင်တောင် စျေးတန်းမာမာ နဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်”ဟု ကားဝယ်/ရောင်း ကိုနိုင်လင်းက ဆိုသည်။

 

နှစ်အစတွင် ညာမောင်းကားတင်သွင်းမှု ရပ်တန့်သွားပြီး မူဝါဒအသစ်ဖြင့် ဘယ်မောင်းကားများသာ တင်သွင်းရမည်ဖြစ်သောကြောင့် စလစ်စျေးများလည်း ပြန်လည်ကျဆင်းသွားကာ ယခုရက်ပိုင်းအတွင်း သက်တမ်း နှစ်နှစ်ဆယ် စလစ်တစ်စောင်လျှင် ကျပ် ၁၁၂ သိန်းဝန်းကျင်သာ ပေါက်စျေးရှိတော့ကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်ကုန်ကာလများက ဂျပန်တစ်ပတ်ရစ်ညာမောင်းကားများ တင်သွင်းရန် ပါမစ်လျှောက်မှု များသောကြောင့် စလစ်စျေးများ မြင့်တက်သွားခဲ့သော်လည်း နှစ်အစပိုင်းမှစ၍ ပြန်လည်ကျဆင်းသွားခဲ့ပြီး ကျပ်သိန်းတစ်ရာဝန်းကျင်အထိ ပြန်လည် ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here