မူဝါဒများ ထုတ်ပြန်ပေးရန် နီးကပ်လာသည်နှင့်အမျှ စျေးကွက်လှုပ်ခတ်မှု အားကောင်းလာသည့် ရန်ကုန်ကားစျေးကွက်

1686

၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ ထုတ် ပြန်ပေးရန် နီးကပ်လာသည့်နှင့်အမျှ ကားစျေးကွက်အခြေအနေမှာလည်း တဖြည်းဖြည်း ပို၍လှုပ်ခတ်လာသည်။ လာမည့်နှစ်တွင် ဘယ်မောင်းကား များကိုသာ ဦးစားပေးတင်သွင်းခွင့်ပြုမည့်အခြေအနေအရ ညာမောင်းကားများ၏စျေးမှာ မြင့်တက်ရန်သေချာနေရာ ဝယ်/ရောင်းများနှင့် ဝယ်စီးရောင်းများသာမက အပြင်ဝယ်လက်များကပါ ကားကောင်းလျှင် စျေးမကြည့်တော့ဘဲ ဝယ်ယူလာကြသဖြင့် စျေးကွက်လှုပ်ခတ်မှုမှာ အားကောင်းနေကြောင်း သိရသည်။ ရောက်ရှိပြီးသားကားများ အရောင်းအဝယ်ဖြစ်နေသလို ညာမောင်းကားတင်သွင်းမှုမှာလည်း များလာသဖြင့် စလစ်စျေးမှာ ကျပ်သိန်း ၁၂ဝ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။

 

”ဒီရက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်ပြီး စျေးတွေလည်းတက်ရိပ်ပြ နေပါတယ်၊ စလစ်စျေးဆိုရင်လည်း တစ်ပတ်အတွင်းမှာ ခုနစ်သိန်းလောက်မြင့်တက်သွားပါတယ်၊ ၁၃ဝဝ စီစီညာမောင်းကားတွေကို ရန်ကုန်လိုင်စင်နဲ့ တင်သွင်းလာကြတဲ့အတွက် တိုက်ကြေစလစ်ဆိုရင်လည်း ၁ဝ၉ သိန်းဝန်းကျင် စျေးမြင့်တက်သွားပါတယ်၊ ကားအရောင်းစင်တာတွေမှာလည်း နယ်လိုင်စင်နဲ့တင်သွင်းထားတဲ့ကားတွေက ပစ္စည်းပြတ်တဲ့အထိဖြစ်သွားလို့ အခုအချိန်မှာ စလစ်ကပ်ပြီးတင်သွင်းလာတဲ့အတွက် ဝယ်လိုအားများပြီး စလစ်စျေး မြင့်တက်သွားတာ ဖြစ်ပါတယ်၊ လာမယ့်နှစ်ရဲ့ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာမိုဒယ်သတ်မှတ်ချက်မှာ ညာမောင်း လုံးဝပေးမသွင်းတော့ဘူးဆိုရင် ဒီနှစ်မကုန်ခင်မှာ စလစ်စျေးက တစ်ချိန်ကလို သိန်း ၁၄ဝ ဝန်းကျင်လောက် အထိမြင့်တက်သွားဖို့ ရှိပါတယ်”ဟု ‘ Bagan Automotive ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုရန်မျိုးအောင်ကဆိုသည်။

 

ကားစျေးများ မြင့်တက်သည်ဆိုရာတွင် Toyota Land Cruiser ၊ Mark II(ရွှေငါး)၊ Honda Fit Shuttle ၊ Honda Fit GK 3 ၊ Honda Insight စသည့်ကားများမှာ စျေးအတက်ကြမ်းကြမ်းဖြင့် မြင့်တက်သွားသော်လည်း Toyota Vitz ၊ Toyota Belta ၊ Toyota Ractic ၊ Toyota bB တို့မှာ ပုံမှန်စျေးဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ ယခင်နှစ်များက တင်သွင်းမှုနှင့် ဝယ်လိုအားများခဲ့သော Toyota Vanguard မှာလည်း တက်ရိပ်ပြသည့်ကားထဲတွင်မပါဘဲ ပုံမှန်ပေါက်စျေးဖြင့်သာ အရောင်းအဝယ် ဖြစ်နေသည်။

 

”အရောင်းအဝယ်တွေကောင်းနေတဲ့အချိန်မှာ  သဘောၤကပ်တဲ့ရက်နဲ့ ၁ဝ ရက်လောက် ဟသွားတဲ့အတွက် ကားအရောင်းစင်တာတွေမှာရှိတဲ့ ကားတွေလည်း အပြင်လူလက်ထဲရောက်သွားပါတယ်၊ ဒီရက်ပိုင်းမှာ ဝယ်/ ရောင်းတွေတင်မက ဝယ်စီးရောင်းတွေပါ ကားတွေကို ကြိုးစားပမ်းစားနဲ့ လိုက်ဝယ်နေကြတဲ့အတွက် ကားရှာရတာတောင် ခက်နေပါတယ်၊ ပြီးခဲ့တဲ့ လတွေက စျေးကွက်အေးနေတဲ့အချိန်မှာ ဝယ်စီးရောင်းတွေက ငြိမ်နေပေမဲ့ ဒီရက်ပိုင်းမှာ စျေးကွက်လှုပ်ခတ်လာတဲ့အတွက် အပြင်ဝယ်လက်တွေကပါ ဝယ်လာကြတယ်၊ အမြင့်ကားတွေ စျေးတက်သွားပြီး Toyota Land Cruiser ၂ဝဝ၈ မိုဒယ်(၂ဝ၁၄ ရုပ်ပြောင်း) AXG Selection ‘N’ အက္ခရာတန်းဆိုရင် သိန်း ၁,၄၅ဝ လောက် ခေါ်ရောင်းလာကြတယ်၊ ၁၃ဝဝ စီစီ ကားထဲမှာဆိုရင် Honda Fit Shuttle နဲ့ Honda Fit GK3 က ရောင်းအားအရမ်းကောင်းတဲ့အတွက် အတက်ကြမ်းတဲ့ကားထဲမှာ ပါသွားပတယ် ၊  Toyota ၁၃ဝဝ စီစီ ကားတွေထက် Shuttle တို့၊ GK3 တို့က အမြင်ပိုဆန်းတဲ့အတွက် လူကြိုက်များကြတယ်၊ Honda Fit Shuttle Premium ဂရိတ်နဲ့ ရန်ကုန်လိုင်စင် နံပါတ်အသစ်ဆိုရင် ၂၈၅ သိန်းလောက်အထိ ခေါ်ရောင်းကြတယ်၊ နယ်လိုင်စင်ဆိုရင် ၂၄၅ သိန်းလောက် ရောင်းကြတယ်၊ ကားစျေးတွေတက်မယ်ဆိုပြီး သတင်းတွေထွက်လာတဲ့အချိန်မှာ အပြင်အဝယ်တွေကပါဝယ်လာကြပြီး ဝယ်/ရောင်းတွေကလည်း တစ်စီးလောက်ရောင်းပြီးရင် နှစ်စီးလောက်ပြန်ဝယ်လာကြတယ်၊ ကားအရောင်းစင်တာ တွေကလည်း နံပါတ်အသစ်ကားတွေကိုရောင်းပြီးရင် နံပါတ်အဟောင်းကားတွေကိုပြန်ကောက်ပြီး ဝယ်လာကြပါတယ်”ဟု ကားဝယ်/ ရောင်း ကိုနေလင်းက ဆိုသည်။

 

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် သတ်မှတ်ချက်များကို အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်မည်ဟု သိရပြီး ယင်းရက်မှစ၍ နှစ်ကုန်အထိ သွင်းကုန်ပါမစ် လျှောက်ရာတွင်လည်း ၂ဝ၁၈ ခုနှစ်မိုဒယ် သတ်မှတ်ချက်အတိုင်းသာ ခွင့်ပြုပေးမည်ဟု သတင်းများထွက်ပေါ်နေရာ စျေးကွက်အပြောင်းအလဲသည်လည်း ကြီးမားသွားမည် ဖြစ်သည်။ နှစ်မကုန်မီ ကားစျေးကွက်အခြေအနေသည် လာမည့်နှစ်အတွက် မိုဒယ် သတ်မှတ်ချက်နှင့် ပါမစ်လျှောက်ခွင့်ပြုမည့် နောက်ဆုံးရက်အပေါ်တို့တွင် မူတည်နေရာ အောက်တိုဘာ ၁ ရက် မှစ၍ တင်သွင်းခွင့်ပါမစ်များကို ၂ဝ၁၈ ခုနှစ်မူအတိုင်း ဆောင်ရွက်ရမည်ဆိုပါက ညာမောင်းကားများ၏ စျေးမှာ အတက်ကြမ်းကြမ်းဖြင့် မြင့်တက်သွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here