မူဝါဒထွက်ပေါ်လာပြီးပါက စျေးများမြင့်တက်ဖွယ်ရှိသောကြောင့် အရောင်းအဝယ်ထိန်းပြီး စျေးကစားနေသည့် ရန်ကုန်ကားစျေးကွက်

1691

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များတွင် ဘယ်မောင်းကားတစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပေးရန် သေချာနေပြီး ဖရီးပါမစ်ကားများကို ၂ဝ၁၆ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်၊ စလစ်ကပ်ကားများကို ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၅ မိုဒယ်၊ လုပ်ငန်းသုံးကားများကို ၂ဝ၁၄ မိုဒယ်မှ ၂ဝ၁၈ မိုဒယ်၊ Brand New ကားများကို ၂ဝ၁၇ မိုဒယ်မှ ၂ဝ၁၈ မိုဒယ် စသည်ဖြင့် တင်သွင်းခွင့်ပေးရန် သေချာသလောက် ရှိနေသည့်အတွက် ကားစျေးကွက်အခြေအနေမှာ အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။ လာမည့်နှစ်တွင် ကားစျေးကွက်မှာ စျေးအတက်ဘက်သို့ ဦးတည်သွားရန်မှာလည်း သေချာသလောက်ရှိသည့်အတွက် မူဝါဒထွက် ပေါ်လာပြီးပါက စျေးများမြင့်တက်ဖွယ်ရှိသောကြောင့် အရောင်းအဝယ်ထိန်းပြီး စျေးကစားနေကြကြောင်း သိရသည်။

 

”ဒီရက်ပိုင်းမှာ စလစ်ကပ်ကားတွေကို မှာယူတင်သွင်းတဲ့သူတွေများလာသလို ဖရီးပါမစ်ကားတွေကိုလည်း ပါမစ်တွေကြိုလျှောက်နေကြပါတယ်၊ စတိနံပါတ်နဲ့ အမည်ပေါက်ကားတွေကတော့ နောက်နှစ်လ၊ သုံးလလောက်ဆိုရင် တော်တော်လေး အရောင်းအဝယ် ကောင်းလာနိုင်တယ်၊ လာမယ့်နှစ်မှာ ဘယ်မောင်းကားတွေပဲ ပေးသွင်းဖို့ သေချာနေတယ်ဆိုပေမဲ့ တရားဝင်မထွက်သေးတော့ ဘာမှလုပ်လို့မရသေးဘူး၊ တစ်နှစ်လုံးလုံး စောင့်လာပြီးမှတော့ ထွက်ပေါ်လာမယ့် မူဝါဒကိုပဲ ဆက်စောင့်ရမှာပါ၊ ဖရီးပါမစ်ကားလေးတွေကတော့ လေလံစျေးတက်တဲ့ အချိန်မှာ ရောင်းစျေးနဲ့ ပြန်ဝယ်လို့မရတဲ့အတွက် ထိန်းပြီးရောင်းနေကြပါတယ်။နောက်ပိုင်းမှာ ကားပွဲစားတန်းတွေဆိုရင်လည်း ကားသစ်တွေ တင်သွင်းမှာ မဟုတ်တော့လို့ ကားဟောင်းစျေးကွက်သီးသန့်ပဲ ဖြစ်သွားမှာပါ”ဟု RIXS Group မန်နေဂျင်းဒါရိုက်တာ ကိုအောင်မျိုးသူက ဆိုသည်။

 

မိုဒယ်သတ်မှတ်ချက်များ တရားဝင် မထုတ်ပြန်သေးသောကြောင့် အရောင်းအဝယ်များအေးနေကာ ဝယ်ရောင်း အချင်းချင်း လက်ပြောင်းလက် လွှဲပုံစံမျိုးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြသည်။ နယ်ဝယ်လက်များလည်း အဆင်းနည်းသွားပြီး အရောင်းအဝယ်ပြုလုပ်ရန်အတွက် နယ်ဝယ်/ရောင်းအချို့သာ ဆင်းကြောင်း သိရသည်။ လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ ဦးစားပေးတင်သွင်းခွင့်ရဖွယ်ရှိသည့်အတွက် ကားစျေးများ ထပ်မံမြင့်တက်ဦးမည်ဆိုသည့် အထင်ဖြင့် ကားပိုင်ရှင်များမှာ ကားများကို ထုတ်ရောင်းရန် တွေဝေနေ၍ ရောင်းကားများ သိသိသာသာ နည်းပါးသွားခဲ့သည်။

 

”လာမယ့်နှစ်မှာ ဘယ်မောင်းကားပဲ တင်သွင်းခွင့်ပေးဖို့များတယ် ဆိုတာ လူတိုင်းသိနေတဲ့အတွက် လက်ထဲက ကားကို တော်ရုံချမရောင်းကြတော့ဘူး၊ သွင်းရမယ့်မိုဒယ်တွေကလည်း အမြင့်တွေပဲသွင်းရမယ်၊ မိုဒယ်နိမ့်ကားတွေ သွင်းလို့မရတော့ အဟောင်းတွေ ပြန်ဝယ်ပြီး ရောင်းတယ်၊ အဟောင်းဝယ်လို့ရတဲ့ နေရာမှာလည်း ဝယ်လို့ရတဲ့ကားတွေက ကားအစုတ်တွေများတယ်၊ ကားကောင်းဆိုဝယ်လို့မရဘူး၊ ကားကောင်းဆို စျေးအရမ်းများနေတယ်၊ အရင်တုန်းက ဝယ်လိုက်ရောင်းလိုက်နဲ့ အဆင်ပြေတယ်၊ အခုက အရင်ပေါက်စျေးထက်များနေတယ်၊ ဝယ်/ရောင်းသမားကလည်း ပေါက်စျေးထက်ပိုရောင်းတယ်၊ ဝယ်တဲ့သူကလည်း စျေးများတယ်လို့အော်ပြီး မဝယ်တာများတယ်၊ အဝယ်တော့ရှိတယ်၊ အရောင်းမရှိဖြစ်နေတာ၊ အခုအချိန်မှာ ကားစျေးကွက်က လုပ်ရကိုင်ရခက်တဲ့ အချိန်ဖြစ်နေပါတယ်”ဟု ကားဝယ်/ရောင်း ကိုသောမတ်ကိုကိုက ဆိုသည်။

 

ကားစျေးများ မြင့်တက်နေမှုကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် နံပါတ်ထွက်ပြီးသားကားများကိုသာ အရောင်းအဝယ် ပြုလုပ်နေရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အက္ခရာတက္ကစီများကို နံပါတ်အနက်သို့ ပြောင်းလဲရန် စီစဉ်နေပြီး ယင်းသို့ အကောင်အထည် ဖော်လုပ်ဆောင်ပါက စျေးကွက်အတွင်းသို့ ရန်ကုန်လိုင်စင်ကားဟောင်းများ ဝင်လာနိုင်သည့်အတွက် စျေးကွက်အပြောင်းအလဲလည်း ဖြစ်သွားနိုင်ကြောင်း ကားတင်သွင်းသူများက ဆိုသည်။ ယင်းသို့ အက္ခရာတက္ကစီကားများကို နံပါတ်အနက်သို့ ပြန်ပြောင်းရမည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် အတွက် ကားစျေးကွက်အတွင်း ရာသက်ပန်တက္ကစီများကို ရွေးချယ်ဝယ်ယူ လာခဲ့ပြီး တက္ကစီစလစ်များလည်း စျေးမြင့်တက်သွားဖွယ်ရှိကြောင်း သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယခုနှစ်အတွက် ကားပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာလ ဒုတိယပတ် နောက်ဆုံးထား သတ်မှတ်လိုက်ပြီးနောက် ကျန်ရှိတော့သည့်ရက်ပိုင်းအတွင်း ပါမစ်လျှောက်ထားမှု များလာမည်ဖြစ်သောကြောင့် စလစ်စျေး မြင့်တက်သွားဖွယ်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here