မူလလမ်းကြောင်းတွင် တက္ကစီ Service အဖြစ် ပြေးဆွဲခွင့်ရရန် အောင်မဟာယာဉ်လိုင်းက YRTA ထံဒုတိယအကြိမ် အသနားခံစာ တင်မည်

492

မူလလမ်းကြောင်းတွင် တက္ကစီ Service အဖြစ်ပြေးဆွဲခွင့်ရရန် အောင်မဟာယာဉ်လိုင်းက YRTA ထံ ဒုတိယအကြိမ် အသနားခံစာတင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၅ ရက်မှစ၍ ပြေးဆွဲခွင့် ရပ်ဆိုင်းခံခဲ့ရသော အောင်မဟာယာဉ်လိုင်းမှ မူလပြေး ဆွဲခဲ့သည့် လမ်းကြောင်းများတွင် ပြန်လည်ပြေးဆွဲခွင့်ပြုရန် YRTA ထံ တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးသည့်အတွက် ဒုတိယအကြိမ် အသနားခံစာတင်သွားမည် ဖြစ်သည်။ ယင်းအသနားခံစာတွင် အောင်မဟာယာဉ်လိုင်းကို YRTA လက်အောက်ရှိ YBS ယာဉ်လိုင်း တစ်ခုအဖြစ် မူလပြေးဆွဲခဲ့သည့် လမ်းကြောင်းများအတိုင်း ပြန်လည် ပြေးဆွဲခွင့်ပြုရန်နှင့် ထိုကဲ့သို့ပြေးဆွဲခြင်းကို လက်ခံဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက တက္ကစီ Service တစ်ခုအနေဖြင့် ပြေးဆွဲခွင့်ပြုပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း အောင်မဟာယာဉ်လိုင်းပိုင်ရှင်များအသင်းမှ သိရသည်။

”အောင်မဟာ ယာဉ်လိုင်းကို ပြန်လည်ပြေးဆွဲခွင့် ရဖို့အတွက် ပထမအကြိမ် တင်ပြထားပြီးပါပြီ၊ အခုထိတော့ အကြောင်းပြန်တာ မရှိသေးပါဘူး၊ ဒီရက်ပိုင်းထူးခြားမယ်လို့တော့ ထင်ပါတယ်၊ တကယ်လို့ ထူခြားမှုမရှိဘူးဆိုရင်တော့ အသနားခံစာတင်ဖို့ စီစဉ်ထားပါတယ်၊ နောက်ထပ်တင်မယ့် အသနားခံစာ မှာ YBS ယာဉ်လိုင်းထဲမှာ ပြေးဆွဲ ခွင့်ပြုဖို့ အဆင်မပြေနိုင်ဘူးဆိုရင် တက္ကစီ Service တစ်ခုအနေနဲ့ ပြေးဆွဲခွင့် ပြုပေးဖို့ဆိုတဲ့ အချက်ကို ဖြည့်ပြီးတင်ပြသွားမယ်၊ ယာဉ်လိုင်းပိုင်ရှင်တွေ၊ ယာဉ်လုပ်သားတွေရဲ့ ရပ်တည်မှုအရ အသနားခံစာတင်တာပါ”ဟု အောင်မဟာယာဉ်လိုင်းပိုင် ရှင်များအသင်းမှ အသင်းဝင်ဖြစ်သူ ဦးဝင်းနိုင်က ပြောသည်။

ခရီးသည်တင် ယာဉ်လိုင်းများကို မထသမှ တာဝန်ယူပြေးဆွဲခဲ့စဉ်ကာလတွင် အောင်မဟာ(Taxi Cab) သီးသန့်ယာဉ်လိုင်းအဖြစ် ဆူးလေမှ မြောက်ဥက္ကလာ(အောင်မဂင်္လာအဝေးပြေး)၊ ဆူးလေမှ ရွှေပေါက်ကံမြို့သစ်၊ ဆူးလေမှ တပ်ရင်း-၉ စသည့် ခရီးစဉ်လမ်း ကြောင်းသုံးခု ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၅ ရက်မှ စတင်ကာ မထသ လက်အောက်တွင် ပြေးဆွဲနေသော ယာဉ်လိုင်းအားလုံးကို ပြေးဆွဲခွင့်ဖျက်သိမ်းလိုက်သော်လည်း အောင်မဟာ(Taxi Cab) သီးသန့်ယာဉ်လိုင်းများမှာ ပြေးဆွဲနေဆဲဖြစ်သည့်အတွက် မေ ၁၇ ရက်တွင် အောင်မဟာယာဉ်လိုင်းကိုလည်း ဖျက်သိမ်းရန် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့မှ အကြောင်းကြားခဲ့သည်။ ယင်းကဲ့သို့ ယာဉ်လိုင်း ဖျက်သိမ်းခံခဲ့ရသည့်အတွက် အောင်မဟာယာဉ်လိုင်းပိုင်ရှင်များ က မူလလမ်းကြောင်းများတွင် ပြန်လည်ပြေးဆွဲခွင့်ပေးရန်ဖြစ်စေ၊ တက္ကစီ Service အဖြစ်ပြေးဆွဲ ခွင့်ပြုရန်ဖြစ်စေ YRTA ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here