မူလလက်ဟောင်းပုံစံမှာ ခေတ်မီနည်းပညာတွေပေါင်းစပ်ထားတဲ့ 2018 Kawasaki Z900RS

674
Z900RS

ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်း Kawasaki Heavy Industries Ltd လက်အောက်က ဆိုင်ကယ်အပါအဝင် ခရီးသွားယာဉ်အမျိုးမျိုး ထုတ်လုပ်ပေးနေတဲ့ Kawasaki Heavy Industries Motorcycle & Engine ဌာနခွဲဟာ ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန် Cruiser ၊ Dual Purpose ၊ Off-Road ၊ Streetbikes ဆိုင်ကယ် အမျိုးအစားတွေ ဖြန့်ချိပေးနေတာပါ။ Kawasaki ဆိုင်ကယ်တွေထဲမှာ ၁၉၇၂ ခုနှစ်က စထုတ်တဲ့ Z1 မိုဒယ်က အချိန်အကြာကြီး တောက်လျှောက်မောင်းနိုင်တဲ့ ကမ္ဘာ့စံချိန်သစ် တင်ခဲ့သလို သုံးနှစ်တာကာလအတွင်း အစီးရေ ရှစ်သောင်းခွဲလောက် ရောင်းချရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Z1 မိုဒယ်ကို Z900 အမည်နဲ့ အစားထိုးမှည့်ခေါ် ခဲ့တာ လက်ရှိအချိန်အထိပါပဲ။ အလေးချိန်ပေါ့ပါးပြီး သက်သောင့်သက်သာစီးနိုင်ဖို့ထက် လျင်လျင်မြန်မြန်မောင်းနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ Café Race ဆိုင်ကယ်အမျိုးအစားထဲပါတဲ့ Kawasaki Z900 မိုဒယ် ကို ၂ဝ၁၈ ခုနှစ်အတွက် စတိုင်လ်ပိုကျတဲ့ မိုဒယ်ကွဲတစ်ခု ထပ်မံထုတ်လုပ်ထားပြီး ၂ဝ၁၈ Kawasaki Z900RS လို့ အမည်ပေးထားပါတယ်။ ရှေးဟောင်းဖက်ရှင်စတိုင်လ်(Retro-Style)စကားလုံး အတိုကောက်ဖြစ်တဲ့ RS ထပ်မံပေါင်းထည့်ထားတဲ့အတိုင်း 2018 Kawasaki Z900RS ဟာ မူလလက်ဟောင်း Z1 ပုံစံကို ပြန်လည်မှီငြမ်းထားပေမဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေနဲ့ နည်းပညာပိုင်းတွေကတော့ နောက်ဆုံးပေါ်တွေပဲ အသုံးပြုထားတာပါ။

2018 Kawasaki Z900RS မှာ တပ်ဆင်ပေးထားတာက Displacement 948 CC ရှိတဲ့ ဆလင်ဒါလေးလုံးထိုး DOHC အင်ဂျင် ဖြစ်ပါတယ်။ အအေးပေးစနစ်အတွက် Liquid-Cooled သုံးထားသလို Compression Ratio က 10.8 : 1 ပဲရှိလို့ တစ်မိနစ် အင်ဂျင်လည်ပတ်နှုန်း (Rpm) ခုနစ်ထောင်အောက်မှာ စွမ်းအင် ပိုထုတ်ပေးနိုင်ပါတယ်။ Bore နဲ့ Stroke အချိုးက 73.4 x 56.0 mm ဖြစ်ပြီး လောင်စာဆီပို့လွှတ်မှု အတွက် DFI with Keihin 36mm Throttle Bodies ကို သုံးထားပါတယ်။ Final Drive က Sealed Chain ပါ။ ဂီယာခြောက်ချက်စနစ်ကို အသုံးပြုထားပါတယ်။ အိပ်ဇောကို စက်စနှိုးပြီးမောင်းတာနဲ့ အသံဆူညံမှု မဖြစ်စေအောင် အထူးဖန်တီးထားပြီး 4-into-1 Stainless Steel Design ရှိတဲ့ Tuned Exhaust Note ကို ပထမဆုံးတပ်ပေးထားတာပါ။ Silencer ထဲမှာ Glass Wool Fibers ထည့်သွင်းထားသလို အိပ်ဇောပိုက်အရှည်၊ ကွေးညွှတ်မှုဒီဇိုင်းတို့ကြောင့် အရှိန်နှုန်းနည်းရင်ပဲ ဖြစ်ဖြစ်၊ များရင်ပဲ ဖြစ်ဖြစ် အိပ်ဇောသံက ကျယ်လောင်ခြင်း မရှိပါဘူး။ အိပ်ဇောကထွက်တဲ့ အပူက နောက်ဆိုင်းထိန်းအပေါ် ဆိုးကျိုးမသက်ရောက်အောင်လည်း လိုအပ်တဲ့ အကွာအဝေးအတိုင်း တပ်ဆင်ထားတာပါ။

အလေးချိန်ပေါ့ပါးတဲ့ Trellis ဖရိမ်က Tubular ၊ Diamond အမျိုးအစားဖြစ်ပြီး တပ်ထားတဲ့အင်ဂျင်နဲ့ ဟန်ချက်ညီတဲ့ဒီဇိုင်း ဖြစ်ပါတယ်။ ဆိုင်ကယ်အလျား ၈၃ ဒသမ ၁ လက်မ၊ ဗြက် ၃၄ ဒသမ ၁ လက်မ၊ အမြင့် ၄၆ ဒသမ ၅ လက်မရှိပြီး မြေပြင်ကင်းလွတ်အမြင့်(Ground Clearance)က ၅ ဒသမ ၃ လက်မပါ။ ရှေ့ဝင်ရိုးနဲ့ နောက်ဝင်ရိုးအကြား အကွာအဝေး(Wheelbase)က ၅၈ ဒသမ ၁ လက်မရှိပြီး မြေပြင်ကနေ ထိုင်ခုံအမြင့်(Seat Height)က ၃၁ ဒသမ ၅ လက်မ ဖြစ်ပါတယ်။ ရှေ့ ဆိုင်းထိန်းအတွက် 41mm Inverted Telescopic Fork ၊ နောက်ဆိုင်း ထိန်းအတွက် Horinzontal Back-Link Shock ကို တပ်ထားပါတယ်။ ရှေ့ဘရိတ်မှာ ပစ္စတင်လေးလုံးတပ် Calipers နဲ့ Dual Discs ၊ နောက် ဘရိတ်အတွက် ပစ္စတင်တစ်လုံးတပ် Caliper နဲ့ Single Discတွေ အသုံးပြုထားပါတယ်။ ဘရိတ်တိုင်းမှာ Nissin ABS စနစ် ထည့်ပေးထားပါတယ်။ ရှေ့Fork ထက်/အောက်ကစားနိုင်တဲ့ ပမာဏ ၄ ဒသမ ၇ လက်မရှိပြီး Compression 10-way နဲ့ Rebound 12-way ပါဝင်သလို Stepless Rebound Damping ပါတဲ့ နောက် Shock ရဲ့ထက်/ အောက်ကစားနိုင်တဲ့ ပမာဏက ငါးလက်မခွဲပါ။ Rake ၂၅ ဒသမ ၄ ဒီဂရီနဲ့ Trail သုံးလက်မခွဲရှိတဲ့ ဆိုင်ကယ်မှာ လေးဂါလန်ခွဲဆံ့ ဆီတိုင်ကီ တပ်ထားပြီး အသားတင်အလေးချိန် (Curb Weight)က ၄၇၁ ဒသမ ၉ ပေါင် ရှိပါတယ်။

အဝိုင်းပုံ ရှေ့မီးသီး၊ ဘဲဥ(Over)ပုံစံ နောက်မီးသီးအောက်က Trail Cowl ၊ ဝါယာစပုတ်တံပါ ဘီးခွေနဲ့ အချက်ပြဒိုင်ခွက်နှစ်ခုတို့က လက် ဟောင်းမိုဒယ် Z1 အတိုင်း အပြောင်းအလဲမရှိပါဘူး။ ဒါပေမဲ့ မီးသီးတိုင်းက LED ဖြစ်လာသလို ရှေ့မီးသီးမှာ အောက်မီး(Low Beam)ထိုးဖို့ 4 Chambers ၊ အပေါ်မီး(High Beam)ထိုးဖို့ 2 Chambers စုစုပေါင်း ၆ Chambers ပါပါတယ်။ အချက်ပြဒိုင်ခွက်နှစ်ခုနဲ့တွဲပြီး လုပ်ဆောင်ချက် အများအပြားပြုလုပ်နိုင်တဲ့ LCD Screen ကိုလည်း တပ်ပေးထားပါတယ်။ 2018 Kawasaki Z900RS ဒီဇိုင်းက အရင်ထက် ခေါင်းပိုင်းကိုမြှင့်ထားပြီး ဖင်ပိုင်းကိုနိမ့်ထားတာကြောင့် ခါးမတ်ပြီးစီးတဲ့ပုံစံ(Ergonomics) ဖြစ်လာပြီး မောင်းရတာ ပိုသက်သောင့်သက်သာရှိလာပါတယ်။ ဆိုင်ကယ်ထိုင်ခုံကို ခရီးဝေးထွက်တဲ့အခါ အဆင်ပြေပြေစီးနိုင်ဖို့နဲ့ ဆောင့်အားစုပ်ယူပေးတဲ့ပုံစံ ဖန်တီးပေးထားတာပါ။ မညီညာတဲ့လမ်းကြမ်းတွေကျရင် စွမ်းဆောင်ရည်ကောင်းတဲ့ ဆိုင်းထိန်းစနစ်ကြောင့် ဆိုင်ကယ်ဆောင့်တဲ့ဒဏ် သိပ်မခံရပါဘူး။ ဆိုင်ကယ်လက်ကိုင်ကို ဘယ်/ညာ ၃၅ ဒီဂရီ ချိုးနိုင်တာကလည်း အကွေ့အကောက်များတဲ့ လမ်းမှာမောင်းဖို့ အဆင်ပြေစေမှာပါ။ တစ်မိနစ် အင်ဂျင်လည်ပတ်နှုန်း(Rpm)၈၅ဝဝ မှာ မြင်းကောင် ရေအား ၁၁ဝ ၊ (Rpm)၆၅ဝဝ မှာ လိမ်လှည့်အား (Torque)၇၂.၆ lb-ft ထုတ်ပေးတဲ့ 201Ä Kawasaki Z900RS မှာ မောင်းနှင်မှုပုံစံ နှစ်မျိုးရှိပြီး ပုံမှန်မောင်းရင် Mode 1 ၊ မိုးရွာချိန်မှာမောင်းရင် Mode 2 ကို ရွေးချယ် အသုံးပြုနိုင်သလို မလိုအပ်ရင် အဲဒီစနစ်ကို ပိတ်ထားလို့ရပါတယ်။ မူလလက်ဟောင်းပုံစံမှာ ပြိုင်ဘီးတစ်စီးလို စွမ်းဆောင်ရည်မြင့်တဲ့ နည်းပညာနဲ့ အစိတ်အပိုင်းတွေ သုံးစွဲတည်ဆောက်ထားတဲ့ 2018 Kawasaki Z900RS ကို Black , Matte Green နဲ့ Brown/Orange အရောင်သုံးမျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး စက်ရုံထုတ်မူလစျေး(MSRP)က အမေရိကန်ဒေါ် လာ ၁ဝ,၉၉၉ ကနေ ၁၁,၁၉၉ ကြား စတင်ကျသင့်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here