မူဆယ်မှ သပိတ်ကျင်းမြို့နယ်သို့  ခရီးဆက်မည့်  ခရီးသွား ခုနစ်ဦးထံမှ အုပ်စုဖွဲ့လုယက်၍  အဆမတန် ငွေတောင်းသူ  အယောင်ဆောင် ဆိုင်ကယ်  Taxi သမားတစ်ဦး  ဖမ်းမိ

966

မူဆယ်မှ မန္တလေးမြို့သို့ ဆိုက်ရောက်လာပြီး သပိတ်ကျင်းသို့ ဆက်လက် ခရီးထွက်ခွာကြမည့် ခရီးသည် ခုနစ်ဦးထံမှ အုပ်စုဖွဲ့ လုယက်၍ အဆမတန်ငွေတောင်းခံသူများထဲတွင် ပါဝင်သူ အယောင်ဆောင် ဆိုင်ကယ် Taxi သမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

”မူဆယ်မြို့ကနေ ခရီးသည် ခုနစ်ဦးက Winner Express နဲ့ မန္တလေးကို ရောက်ရှိလာတယ်၊ သပိတ်ကျင်းကို ခရီးဆက်ရမှာဆိုပြီး သီရိမန္တလာ ကားကွင်းကို ရောက်လာတယ်၊ အဲဒီမှာအယောင်ဆောင် ဆိုင်ကယ် Taxi သမားသုံးဦးက ကားလက်မှတ် ဖြတ်ပေးမယ်ဆိုပြီး Light Truck ကားနဲ့ ၇၇ လမ်း၊ ၃၁ လမ်းထောင့်နားကို ခေါ်သွားတယ်၊ အဲဒီရောက်တော့ ကားလက်မှတ်ဝယ်ခိုင်းတဲ့အပြင် Taxi ခ တစ်ယောက်ကို တစ်သောင်းခွဲ တောင်းတယ်၊ လာတာက ခုနစ် ယောက် တစ်ယောက် တစ်သောင်းခွဲဆိုရင် တစ်သိန်းကျော်ကြီး ကျမှာ၊ တစ်ယောက် တစ်သောင်းထားပါလို့ ပြောတော့ မင်းတို့က မိုက်ကယ်လားဆိုပြီး သူတို့ပါလာတဲ့ အိတ်တွေကို လုပြီး ငွေတွေ လုယူတော့တာပဲ၊ အဲဒီဖြစ်စဉ်ဖြစ်တဲ့အကြောင်း လာတိုင်လို့ မသကင်္ာတဲ့သူတွေကို လိုက်စစ်ရင်းနဲ့ တစ်ယောက်ကို ဖမ်းမိထားပါတယ်၊ အခု စည်ပင်ရဲ တပ်ဖွဲ့ကိုယ်တိုင် တရားလိုလုပ်ပြီး အမှတ်(၈) ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်မျိုးနိုင်က ပြောကြားသည်။

 

နိုဝင်ဘာ ၇ ရက်၊ နံနက် ၅ နာရီအချိန်၌ မူဆယ်မြို့မှ ခရီးသည် ခုနစ်ဦးသည် Winner Express ယာဉ်ဖြင့် မန္တလေးမြို့ ပြည်ကြီးမျက် ရှင်ကားကြီးကွင်းသို့ ဆိုက်ရောက်လာကြောင်း၊ ထိုမှတစ်ဆင့် သပိတ်ကျင်း မြို့နယ်၊ တွင်းငယ်ရွာသို့ ဆက်လက်ထွက်ခွာရန် သီရိမန္တလာကား ကြီးကွင်းသို့ လာရောက်စဉ် ယင်းသို့ အုပ်စုဖွဲ့လုယက်၍ အဆမတန် ငွေတောင်းခံရခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရဲ တပ်ဖွဲ့မှ သိရသည်။

 

”ကျွန်တော်တို့အဖွဲ့ ခုနစ်ယောက်က သီရိမန္တလာကားကွင်းလည်းရောက်တော့ လက်မှတ်ဖြတ် ပေးမယ်ဆိုပြီး Light Truck ကားနဲ့ တင်ခေါ်သွားတယ်၊ လက်မှတ်ဖြတ် တဲ့ဆီရောက်တော့ သူတို့ တောင်းတဲ့ ပိုက်ဆံမပေးလို့ဆိုပြီး မိုက် ကယ်တွေလားလို့ ခြိမ်းခြောက်ပြီး သူတို့လူတွေကို ဖုန်းဆက်ခေါ်တယ်၊ အရင်ရှိတာက Taxi သမား သုံးယောက်၊ ဖုန်းဆက်ခေါ်လို့ ရောက်လာတာက အယောက်သုံးဆယ်နီးပါးလောက်ရှိတယ်၊ ကျွန်တော်တို့ အဖွဲ့က ခုနစ်ယောက်၊ သူတို့က လူအများကြီးဖြစ်နေတော့ လူအင်အားမမျှဘူးပေါ့၊ ပြီးတော့ ကျွန်တော်တို့အိတ်တွေ လုပြီး ငွေတွေ လုတာနဲ့ တောင်းတဲ့နှုန်းပေးပါ့မယ် ပြောတော့ အသွားတစ်သောင်း၊ အပြန်တစ်သောင်းပေးရမယ် ဖြစ်သွားတယ်၊ ဒါနဲ့ စျေးထပ်ဆစ်ပြီး ခုနစ်ယောက်စာ ၁၈ဝ,ဝဝဝ ပေး လိုက်ရတယ်”ဟု ခြိမ်းခြောက်၍ ငွေလုအခံရသူ ကိုအောင်ကျော်မိုး က ဆိုသည်။

 

အုပ်စုဖွဲ့ လုယက်ခံလိုက်ရသော အဆိုပါခရီးသည် ခုနစ်ဦးသည် ထိုသို့ငွေများ အဆမတန်ပေးလိုက်ရခြင်းကြောင့် မန္တလေးမြို့မှ ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦးကို ဖုန်းဆက်ခေါ်ပြီး ထိုသူရောက်ရှိ လာရာမှ စည်ပင်သာယာရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ပြီး မသကင်္ာတဲ့သူများကို လိုက်လံစုံစမ်းစဉ် လုယက်မှုတွင် ပါဝင်သူတစ်ဦးအား ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

”မိတဲ့တစ်ယောက်ကို အခု နယ်မြေရဲစခန်းမှာ အမှုဖွင့်ပြီး စစ်ဆေးနေတယ်၊ ကျန်တဲ့သူတွေပါ မိအောင် ကွင်းဆက်လိုက်ဖမ်းနေပါ တယ်၊ အဲဒီ လုယက်မှုကငါးယောက် ထက်ကျော်ရင် ဓားပြမှုနဲ့တောင် အရေးယူလို့ရပါတယ်”ဟု ရဲအုပ် ကျော်မျိုးနိုင်က ထပ်မံဆိုသည်။

 

မန္တလေးမြို့ သီရိမန္တလာကား ကြီးကွင်းဝန်းကျင်တွင် ဆိုင်ကယ် Taxi အယောင်ဆောင်လုယက်မှုများနှင့် အုပ်စုဖွဲ့ငွေတောင်းခံမှုများကြောင့် အောက်တိုဘာလကုန်ပိုင်းမှစ၍ စည်ပင်သာယာရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် အဆိုပါကား ကွင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ တို့ပူးပေါင်းပြီး ညစဉ် နံနက် ၂ နာ ရီမှ နံနက် ၆ နာရီအထိ ကားကွင်းဝန်းကျင် လုံခြုံရေးကြပ်မတ်နေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here