မုံရွာ-ရေဦး-ကလေးဝလမ်းမကြီးရှိ တံတားကိုးစင်းကို သံကူကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့်တင်မည်

122

 

မုံရွာ၊ ဒီဇင်ဘာ ၂
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်း မကြီး၏ အစိတ်အပိုင်းဖြစ်သော မုံရွာ-ရေဦး-ကလေးဝ လမ်းမကြီးရှိ တံတား ကိုးစင်းကို လာမည့် ၂၀၂၁ ခုနှစ်ထဲတွင် သံကူကွန်ကရစ် တံတားများအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကလေးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။

“မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးမပြီးခင်မှာ မုံရွာ-ရေဦး- ကလေးဝလမ်းပိုင်းက တံတား ကိုးစင်းကို သံကူကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင်သွားမယ်၊ အခု တင်ဒါစခေါ်ဖို့ လုပ်နေပြီဖြစ်တဲ့အတွက် လာမယ့်နှစ်ထဲမှာ လုပ် ငန်းတွေ စတင်နိုင်မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ တံတား ကိုးစင်းအနက် ရှစ်စင်းကို ကုမ္ပဏီများသို့ တင်ဒါပစ်မည်ဖြစ်ပြီး ချောင်းဆုံတံ တားတစ်စင်းသာ တံတားအထူး ၂ မှ အဆင့်မြှင့်တင်သွားမည်ဖြစ်ကာ ပြည်ထောင်စု ဘတ်ဂျက်ငွေ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်ငွေတို့ဖြင့် စုပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တံတားကိုးစင်းမှာ ကလေးဝနားက ချောင်းဆုံတံတားတစ် စင်းပဲ တံတားအထူး ၂ က တည်ဆောက်မယ်၊ ကျန်တဲ့တံတား ရှစ်စင်းက တင်ဒါပစ်မှာပါ”ဟု ၎င်း က ဆက်လက်ပြောဆိုသည်။

အဆိုပါ တံတားကိုးစင်းကို သံကူကွန်ကရစ် တံတားများအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့်အတူ မုံရွာ-ရေဦး-ကလေးဝလမ်းပိုင်းရှိ မယ်တော်ကြီးနန်း အတက်အဆင်း ကွန်ကရစ်လမ်းလေးမိုင်နှင့် ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ် ဆက်စပ်နေသော မဟာမြိုင်ဒေသအတွင်းရှိ ကျန်ရှိနေသည့် ကျောက် ချောလမ်းလေးမိုင်ကို ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်မှုပါ တစ် ပြိုင်နက် လုပ်ဆောင်သွားမည်ဖြစ်သည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းမကြီး၏ အဓိကကုန်သွယ်ရေး လမ်းပိုင်းဖြစ်သော မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကိုမူ အိန္ဒိယနိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာနိုင်ရန် အဆင့်မြှင့်တင်လျက်ရှိပြီး လာမည့် ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here