မုံရွာ-ယာကြီး-ကလေး၀လမ်းနှင့် မင်းကင်းမြို့နယ် ပိက္ခယား၊ ကျောက်တန်း၊ ကြာပင် စသော ကျေးရွာများရှိ ကိုယ်ထူကိုယ်ထလမ်းများအား အဆင့်မြှင့်တင်မှုများပြုလုပ်

95

 

က​လေး၊ ဇွန် ၂၆

အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော မုံရွာ-ယာကြီး-ကလေး၀လမ်းနှင့် ဆက်သွယ်ပေးမည့် မင်းကင်းမြို့နယ် ပိက္ခယား၊ ကျောက်တန်း၊ ကြာပင် စသော ကျေးရွာများရှိ ကိုယ်ထူကိုယ်ထလမ်းများအား ပိုမိုကောင်းမွန်စေရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

“ပိက္ခယားရွာနဲ့ မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းမကြီးဆီ ဆက်သွယ်တဲ့လမ်းက အရင်က ကိုယ်ထူကိုယ်ထ ဖောက်ထားရတာ၊ မြေသားလမ်းပေါ့၊ ဒါနဲ့ အဲဒီမြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးပါဆိုပြီး ဆောက်လုပ်ရေး ဒု၀န်ကြီးဆီ တင်ပြတဲ့အခါမှာ သိပ်မကြာဘူး အခု စလုပ်ပေးနေပြီ၊ အဲဒီလိုပဲ ကျောက်တန်းရွာဘက်နဲ့ ကြာပင်ကြိုးတံတားထိပ်လည်း ကွန်ကရစ်ခင်းပေးတော့မယ်လို့ သိရတယ်” ဟု လမ်းဖြစ်မြောက်ရေးကော်မတီတွင်ပါ၀င်သူ မင်းကင်းမြို့နယ် ပိက္ခယားကျေးရွာမှ ကိုအောင်ထွန်းလွင်က ပြောကြားသည်။

ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ပိက္ခယားအုပ်စု၊ ပိက္ခယားကျေးရွာသည် မုံရွာ-ယာကြီး-မြို့မ-ကလေး၀ ကားလမ်းမကြီး၏ အနောက်ဘက် တစ်မိုင် သုံးဖာလုံခန့်အကွာတွင် တည်ရှိကာ ကျေးလက်ဆေးပေးခန်း၊ အခြေခံပညာအလယ်တန်းကျောင်းနှင့် အိမ်ထောင်စု ၁၅၁ စုရှိပြီး ပိက္ခယားအုပ်စုကျေးရွာခွဲများဖြစ်သည့် မင်းဘူးကျေးရွာသည်လည်း အဆိုပါလမ်းမှ ကားလမ်းမကြီးဆီသို့ သွားလာရကြောင်း၊ သို့သော် ကိုယ်ထူကိုယ်ထ မြေသားလမ်းဖြစ်သဖြင့် မိုးရာသီကာလရောက်တိုင်း လမ်းပျက်စီးမှုများ ဖြစ်ပေါ်လေ့ရှိ​သော​ကြောင့် မိုးရွာသီကာလတွင် ကျောက်ချောလမ်းအဖြစ် တည်ရှိနေပါက သွားလာရလွယ်ကူနိုင်မည်ဖြစ်သဖြင့် ဆောက်လုပ်ရေး၀န်ကြီးဌာန ဒု၀န်ကြီး ဒေါက်တာကျော်လင်းထံ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ဒေသခံများက လက်မှတ်ရေးထိုး၍ ဇွန် ၁၁ ရက်က စာဖြင့်ဝိုင်း၀န်းတင်ပြခဲ့ကြောင်း သိရသည်။

“ပိက္ခယားကျေးရွာနဲ့ မုံရွာ-ယာကြီး-မြို့မ-ကလေး၀ ကားလမ်းမကြီးဆီ ဆက်သွယ်ပေးတဲ့လမ်းကိုတော့ အခုယာကြီးလမ်းပိုင်း လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ အိန္ဒိယကုမ္ပဏီက စလုပ်ပေးနေပြီ၊ အဓိကကတော့ ကျွန်တော်တို့က ဒု၀န်ကြီးဆီ တင်ပြတဲ့အချိန်မှာ ဒု၀န်ကြီးက အိန္ဒိယကုမ္ပဏီဆီ အကူအညီတောင်းတာနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လုပ်ဆောင်ပေးမယ်လို့ သိရတယ်၊ အိန္ဒိယကုမ္ပဏီကလည်း သူတို့မှာ အလုပ်နားရက်က တနင်္ဂနွေပေါ့၊ အဲဒီအလုပ်နားရက်မှာ မနားဘဲ ပိက္ခယားရွာအတွက် ကျောက်ချောလမ်းရအောင် လုပ်ဆောင်ပေးမယ်ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ကျေးလက်ဒေသအတွက် လုပ်ဆောင်ပေးလို့ တကယ်ပဲ ၀မ်းသာမိတယ်” ဟု မင်းကင်းမြို့နယ် ပိက္ခယားကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

မင်းကင်းမြို့နယ် ကျောက်တန်းကျေးရွာမှ ကြာပင်ကြိုးတံတားထိပ်အထိကိုလည်း မုံရွာ-ယာကြီး-ကလေး၀ လမ်းပိုင်း လုပ်ကိုင်ခွင့်ရထားသည့် အိန္ဒိယကုမ္ပဏီမှ သဲခင်း၍ သဲအပေါ်မှ ကျောက်စရစ်ခင်းခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကာ ဆောက်လုပ်ရေး၀န်ကြီးဌာနမှ ကွန်ကရစ်လမ်း ခင်းပေးသွားမည်ဖြစ်ပြီး ကြာပင်ကျေးရွာတွင်းလမ်း နှစ်ဖာလုံကိုလည်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် တောင်တွင်းဒေသ ၁၅ အုပ်စု၏ ကျန်းမာရေးအတွက် အထူးအရေးပါသည့်လမ်းဖြစ်သည့်အပြင် ကြာပင်-ကျောက်တန်းလမ်း ဆိုသော်ငြား တောင်တွင်းဒေသတစ်ခုလုံး၏ အရေးပါသောလမ်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မုံရွာ-ယာကြီး-မြို့မ-ကလေး၀ ကားလမ်းမကြီးနှင့် ပိက္ခယားကျေးရွာသို့ ဆက်သွယ်ပေးထားသော မြေသားလမ်းအား အဆင့်မြှင့်တင်မှုများ စတင်ပြုလုပ်နေသည်ကို တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here