မုံရွာတွင် Curfew အမိန့် ဆက်လက်တည်ရှိနေဆဲဖြစ်သောကြောင့် ကလေး-မန္တလေး ခရီးသွားယာဉ်များ မုံရွာအဝင်တွင် ညအိပ်စောင့်ဆိုင်းပြီးမှ သွားလာနေရ

180

ကလေး၊ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း တာဝန်ရှိသူ၏ ခွင့်ပြုချက်၊ သို့မဟုတ် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပြင်ပသို့သွားလာခွင့်မပေးသည့် Curfew အမိန့် ဆက်လက်တည်မြဲနေဆဲဖြစ်သောကြောင့် ကလေး-မန္တလေး ခရီးသွားယာဉ်များမှာ မုံရွာအဝင်တွင် ညအိပ်စောင့်ဆိုင်းပြီးမှ သွားလာနေရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူများထံမှ သိရသည်။

“ကလေးမြို့ကနေ မန္တလေးကို အလုပ်ကိစ္စနဲ့သွားဖို့ရှိတော့ ညနေ ၅ နာရီ ကလေးကနေ စထွက်တာ၊ မုံရွာအဝင်ကို ည ၁၂ နာရီမခွဲခင် ရောက်သွားတာပေါ့နော်၊ အဲဒီအချိန်ရောက်သွားတော့ Curfew အမိန့်က ရှိနေသေးလို့ ကျွန်တော်တို့ကားရော၊ တခြားလိုင်းကားတွေရော၊ ဆိုင်ကယ်တွေရော၊ မုံရွာအဝင်မှာ ညအိပ်စောင့်ကြရတယ်၊ မုံရွာမြို့ထဲ ဈေးသွားရောင်းမယ့် ဆိုင်ကယ်ဈေးသည်တွေဆိုလည်း နေ့စဉ် ညအိပ်စောင့်ကြရတယ်ပြောတယ်၊ ညအိပ်စောင့်ရတဲ့အတွက် ခရီးလမ်းကြောင်း ကြန့်ကြာသွားတာပေါ့”ဟု ကိုယ်တွေ့ကြုံခဲ့ရသူ ကလေးမြို့ခံ ကိုဝေရှိုင်းက ပြောကြားသည်။

မုံရွာမြို့တွင် Curfew အမိန့် ဆက်လက်တည်ရှိနေဆဲဖြစ်သောကြောင့် ကလေး-မန္တလေးခရီးသွားယာဉ်များအနေဖြင့် ခရီးစဉ်အနည်းငယ် နှောင့်နှေးကြန့်ကြာမှုရှိသော်လည်း ကလေးမြို့မှ မန္တလေးသို့ ထွက်ခွာချိန်၊ မန္တလေးမှ ကလေးသို့ ထွက်ခွာချိန်များ ပြောင်းလဲမှုမရှိကြောင်း ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများထံမှ စုံစမ်းသိရသည်။

“Curfew အမိန့်ရှိနေသေးတော့ မုံရွာကို ၁၂ နာရီအမီမောင်းရတယ်၊ မမီတဲ့အခါဆိုရင်တော့ ညအိပ်စောင့်ရတာပေါ့၊ ကလေးမြို့ကနေ ကားထွက်ချိန်တော့ အပြောင်းအလဲမရှိဘူး၊ ပုံမှန်အတိုင်းပဲ” ဟု ကလေး-မန္တလေးပြေးဆွဲနေသည့် ရွှေလွင်ပြင်ယာဉ်လိုင်းမှ ဂိတ်ပိုင် ကိုစောမင်းလတ်က ဆိုသည်။

Covid-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၃၇ မြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် ဇွန် ၂ ရက်မှ ဇွန် ၁၅ ရက်အထိ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရသည့် Curfew အမိန့် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here