မုဒိတာ အဘိဇ္ဈာ

513

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်ကို ကျော်လွန်ခဲ့လေပြီ။ ၁၃၈ဝ ပြည့်နှစ်သို့ ရောက်ခဲ့ပြီတည်း။ မြန်မာသက္ကရာဇ် ၁၃၇၉ မှ ၁၃၈ဝ ပြည့်နှစ်သို့ ပြောင်းလဲနိုင်ရေး၊ ကူးပြောင်းနိုင်ရေးအတွက် ပိတောက်၊ ကံ့ကော်၊ ငုဝါ တို့က ဝါဝါထိန်ထိန် ပွင့်ပေးရ၏။

ဥသြငှက်တို့က မရပ်မနား တွန်ကျူးပေးရ၏။ ထစ်ချုန်းမိုးတို့က ပြိုမယောင်ယောင် ပြပြီး အမှောင်မသမ်းဘဲ မိုးဖြူပွင့် တို့ ဖွဲချည်တစ်ခါ သည်းချည်တစ်လှည့် ကနွဲ့ကလျ ရွာပေးရပြန်၏။

ပိတောက်၊ ကံ့ကော်၊ ငုဝါတွေကြား၊ ဥသြငှက်၏ တေးသီသံကြား၊ ဖွဲဖွဲတစ်ခါ သည်းသည်းတစ်လှည့် မိုးရေစက်တွေကြား သကြင်္န်ရိပ်တစ်ခု ပေါ်ထွက်လာပြန်သည်။

နှစ်ဟောင်းက အညစ်အကြေးတွေ ကို ဆေးကြောပေးသည့် သကြင်္န်၊ အေးစေ ကြည်စေ သာယာစေဖို့ ရေကိုသား အကြားမထင်ခဲ့သည့်သကြင်္န်၊ ပူပြင်းသည့် နွေအရှိန်ကို ထိန်းကွပ်ပေးသည့်သကြင်္န်၊ စည်တိုဒိုးသံများ ပျံ့လွင့်ခဲ့သည့် သကြင်္န်၊ ယိမ်းအဖွဲ့များ၏ ခေါင်းခါးခြေလက် လိပ်ပြာလေးများ ပျံဝဲနေသည့်သကြင်္န်၊ ခေတ်ပေါ် ဂီတရေစီးကြောင်းနှင့် မျောပါရင်း ခုန်ပေါက် ဆော့ကစားနေသည့်သကြင်္န်၊ အမျိုးမျိုးသော သရုပ်ခွဲထားများနှင့် ဂိမာန်အလှကို တန်ဆာဆင်နေသော သကြင်္န်။

အကြို၊ အကျ၊ အကြတ်၊ အတက် ဟူ၍ လေးရက်ရှိနေပြန်၏။

သကြင်္န် လေးရက်။

တစ်ချိန်က အဲဒီ လေးရက်ကို မျှော်ခဲ့ဖူးသည်၊ ပျော်ခဲ့ဖူးသည်၊ တမ်းတဖူးခဲ့သည်၊ တစ်ရှိုက်မတ်မတ် စွဲမက်ခဲ့ဖူးသည်။ ပိတောက်၊ ကံ့ကော်၊ ငုဝါတို့ကို ချစ်ခဲ့ဖူးသည်၊ ဥသြတေးသံ ချစ်ခဲ့ဖူးသည်၊ မိုးပွင့်မိုးစက်များကို ချစ်ခဲ့ဖူးသည်။

ယခု ‘ဖူးသည်’ ဟူသော ‘ဖူးသည်’ များသည် အတိတ်နှင့်အတူ လွင့်ပျံ့ကုန်၏။ ‘ဖူးသည်’တို့သည် ပစ္စုပ္ပန်ကို ပါမလာခဲ့တော့။ ‘ဖူးသည်’ အားလုံး ‘ဖူးသည်’ အဆင့်နှင့်ပင် အတိတ်ကမ္ပည်းတွင် ကျန်ရစ်ခဲ့ပြီတည်း။

ပြောရလျှင် ယခုကျရောက်နေသော သကြင်္န်လေးရက်သည် ကျွန်တော်နှင့် လားလားမျှ မဆိုင်တော့ပါလားဟု ထင်မိနေ၏။ သကြင်္န် လေးရက်သည် ကျွန်တော့်အတွက် မပတ်သက်သောနေ့ရက်များအဖြစ် တွေးထင်မိသည်။

ဆယ်စုခေတ် ခြောက်ခေတ် ကျော်လာပြီးဖြစ်သော ‘အရွယ်’က ကျွန်တော် နှင့် သကြင်္န်ကို ကန့်လန့်ခြားပေးလိုက်ခြင်းသာတည်း။

အသက်ခြောက်ဆယ် မတိုင်မီကတည်းက သကြင်္န်နှင့် ကင်းနေခဲ့သည်။ သကြင်္န်တွင် ရေကစားချင်စိတ်လည်းမရှိ၊ ခံစားချင်စိတ်လည်းမရှိ။

ဒီတော့ သကြင်္န်မတိုင်မီ ဖတ်လိုသော စာအုပ်များကို ရှာဖွေစုစည်းထားသည်။ သကြင်္န်ရောက်သည်နှင့် အိမ်တွင်း မှ အိမ်ပြင်မထွက်ဘဲ တစ်နှစ်လုံး ဖတ်ရန် အားခဲထားသော စာအုပ်များကို အတိုးချဖတ်တော့၏။ စာမူများရေးရန်ရှိလျှင် ရေးသည်။

သကြင်္န်ကို ထိုပုံစံအတိုင်း ဖြတ်သန်းလာခဲ့သည်မှာ ကျွန်တော့်အတွက် အသားကျနေခဲ့ချေပြီ။

”ဆရာချစ်”

”ဘာလဲ”

”အပြင်မသွားဘူးလား”

”ဘာသွားလုပ်ရမှာလဲ”

”သကြင်္န်လည်ဖို့၊ ပက်ဖို့ လေ”

”တော်စမ်းပါကွာ၊ မကြီးမငယ်နဲ့ လည်တာ၊ ပတ်တာ မလုပ်ချင်ပါဘူး”

”ဒါဆိုရင်လည်း ဘုရားသွားကြမယ်”

”သကြင်္န်တွင်းတော့ မသွားချင်ဘူးကွာ၊ ရေတွေ စိုစိုစွတ်စွတ်နဲ့၊ သွားချင်ရင် နှစ်ဆန်းတစ်ရက်နေ့မှ သွားမယ်၊ အဲဒီနေ့ဆိုရင် ရေမစိုတော့ဘူး”

သကြင်္န်ရောက်တိုင်း အိမ်ကို ချွန်ရှုပ်ရောက်လာတတ်သည်။ ရောက်လာတိုင်း အပြင်ထွက်ဖို့ခေါ်၏။ သူခေါ်တိုင်း ကျွန်တော်ငြင်းဆိုခဲ့သည်။ ကျွန်တော် အမြဲ ငြင်းလေ့ရှိသဖြင့် ပြီးခဲ့သည့်နှစ်မှစ၍ ကျွန်တော့်ဆီ ချွန်ရှုပ် ရောက်မလာတော့။ သကြင်္န်အတွင်း ကျွန်တော့်ကိုခေါ်၍ မရမှန်း သူကောင်းစွာ နားလည်ထားသည်။

ဒီနှစ်လည်း ချွန်ရှုပ် ကျွန်တော့်ဆီ ရောက်လာလိမ့်မည် မဟုတ်။ ချွန်ရှုပ်ကို မျှော်နေ၍ ရမည်မဟုတ်။ ဒီတော့ ချွန်ရှုပ် ကို ဖုန်းဆက်ခေါ်ရသည်။

ကျွန်တော် ဖုန်းဆက်ခေါ်သဖြင့် ချွန်ရှုပ် ရောက်လာသည်။ ရေကစားထား၍ လား၊ ရေလောင်းခံထား၍လားတော့ မသိ။ တစ်ကိုယ်လုံး ရေတွေ စိုရွှဲနေသည်။

”ဆရာချစ်၊ ကျွန်တော့်ကို ဖုန်းဆက်ခေါ်တာ ဘာဖြစ်လို့လဲ”

”ငါ အပြင်သွားမလို့”

”ဗျာ …”

”မဗျာနဲ့၊ ငါ အပြင်သွားမလို့၊ မင်း ကို လှမ်းခေါ်တာ”

”မနောက်ပါနဲ့ ဆရာချစ်ရာ၊ ဆရာချစ်က သကြင်္န်အတွင်း ဘယ်တုန်းက အပြင်ထွက်ဖူးလို့လဲ၊ အိမ်ထဲမှာပဲ စာရေး၊ စာဖတ်နဲ့ အချိန်ကုန်နေတာ”

”ဟိုတုန်းကတော့ မထွက်ဘူး၊ ဒီနေ့ အတက်နေ့ မထွက်လို့ မဖြစ်တော့ဘူး၊ အပြင်ထွက်ကို ထွက်ရတော့မယ်”

”အကြောင်းက …”

”အကြောင်းက ဒီလိုကွာ၊ မန္တလေး က ရဲမာန်သီဟ သန်လျင်ကို ရောက်နေတယ်၊ သန်လျင်ကို သကြင်္န်မတိုင်ခင်ကတည်းက ရောက်နေတာ၊ ငါက သူအေးအေးဆေးဆေး သကြင်္န်ပြီးမှ ပြန်မယ်ထင်နေတာ၊ သူက ငါထင်သလို မဟုတ်ဘူး၊ မနက်ဖြန်ပြန်မယ်ဆိုတော့ ဒီနေ့သွားတွေ့ရမယ့် အခြေအနေဖြစ်နေပြီ၊ သူက မနက်စောစောပြန်သွားလို့ ငါသွားမတွေ့ရင် မကောင်းဘူး၊ မန္တလေးကို ငါတို့သွားတုန်းက သူက ဧည့်ဝတ်ကျေထားတာ၊ ကိုယ့်ဆီ လာကာမှ တွေ့တောင်မတွေ့သွားရဘူးဆိုရင် သူလည်း စိတ်ကောင်းမှာမဟုတ်ဘူး၊ ငါလည်း တစ်သက်လုံး မျက်နှာပူနေရမယ်”

”ဒါတော့ ဟုတ်တယ်လေ၊ မဖြစ်မနေ သွားတွေ့သင့်တယ်”

”အဲဒါ မင်းလည်း ငါနဲ့လိုက်ခဲ့ကွာ”

”လိုက်ခဲ့ပါမယ်၊ ဒါနဲ့ ဒီနေ့အတက်နေ့ဆိုတော့ ဆရာချစ် ရေစိုကုန်မှာပေါ့”

”စိုလည်း မတတ်နိုင်ဘူးကွာ၊ သွားသင့်တာတော့ သွားရတော့မှာပဲ”

ကြည့်မြင်တိုင်မှ သန်လျင်ကို ကား နှစ်ဆင့် စီးရပေမည်။ ကြည့်မြင် တိုင်မှ ဆူးလေ ကို စီးပြီး ဆူးလေမှ သန်လျင်သို့ စီးရမည်၊ သို့တည်းမဟုတ် ကြည့်မြင်တိုင်မှ တာမွေကိုစီးပြီး တာမွေမှ သန်လျင်ကို စီးရသည်။

ကြည့်မြင်တိုင်မှ ဆူးလေကို စီးလျှင်  သခင်မြပန်းခြံမှာ ပြောင်းစီးရသည်။

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှ ထွက်သော အမှတ် ၈၉ ယာဉ်လိုင်း ကားစီးရင်တော့ အဆင်ပြေသည်။ အဲဒီကားက ဆူးလေတင်မဟုတ် သာကေတအဝိုင်းအထိ ရောက်သည်။ စီးရသည်မှာလည်း သက်သောင့်သက်သာရှိ၏။ ခရီးစဉ် အစ/အဆုံး ငွေကျပ်နှစ်ရာပဲပေးရသဖြင့် ငွေကုန်ကြေးကျလည်း သက်သာသည်။

ကားပေါ်တွင် စပယ်ယာ မပါသဖြင့် နားပူခြင်းဘေးလည်း ကင်းဝေး၏။ ယာဉ် စီးခ နှစ်ရာကျပ်ကို ပုံးထဲထည့်ရန် ကား ပေါ် မတက်မီပင် လက်ထဲ အမြဲဆောင်ထား၏။

ယခုလည်း နှစ်ရာကျပ်တန် နှစ်ရွက်ကို လက်ထဲ အဆင်သင့်ဆောင်ထားသည်။ ကျွန်တော်နှင့် ချွန်ရှုပ်အတွက် ကားခအဖြစ် ပိုက်ဆံထည့်သည့်ပုံးထဲထည့်ရန် ဖြစ်၏။

ကားထွက်ရန် ပြင်နေပြီဖြစ်တာကြောင့် နှစ်ယောက်သား ကားပေါ် အပြေးအလွှား တက်ခဲ့သည်။ ကားပေါ်ရောက်တော့ လက်ထဲတွင် အသင့်ကိုင်ထားသော နှစ်ရာတန် နှစ်ရွက်ကို ပုံးထဲထည့်တော့မည့် စဲစဲ။

”မထည့်နဲ့ မထည့်နဲ့”

”ကားခ ပုံးထဲ မထည့်နဲ့”

”ကားခထည့်ဖို့ မလိုဘူး”

ကားအတွင်းရှိ ထိုင်ခုံအသီးသီးတွင် ထိုင်နေကြသော ခရီးသည်များက လှမ်းအော်ပြောသည်။

သူတို့ ဘာကြောင့် အော်ပြောသည်ကို ကျွန်တော် မသိ။ ကား စထွက်ရန် ပြင်နေသော ယာဉ်မောင်းကို လှည့်ကြည့်မိသည်။

”ကားခထည့်ဖို့ မလို ပါဘူး၊ ဘယ်သူမဆို အခမဲ့ စီးနိုင်ပါတယ်၊ သကြင်္န်တွင်းမှာ ခရီးသည်တွေ သွားရေးလာရေး အဆင်ပြေအောင် ကုသိုလ်ယူပြီး အခမဲ့ပြေးဆွဲပေးနေတာပါ”

ယာဉ်မောင်းက ရှင်းပြသည်။ ကျွန်တော်တို့ ကျေးဇူးစကားပြောရင်း လွတ်နေသော ခုံများတွင် ဝင်ထိုင်လိုက်ကြ၏။

”ကုသိုလ်ယူပြီး အခမဲ့ ပြေးဆွဲနေတာပါ” ဆိုသည့် ယာဉ်မောင်းစကားက ကျွန်တော့်နားမှတစ်ဆင့် အသွေးအသားထဲအထိ စီးဝင်သွားခဲ့သည်။

ယခင်နှစ်တွေမှာ သကြင်္န်ကာလအတွင်း လိုင်းကားမျိုးစုံ၊ အောက်ဆိုက်ကား မျိုးစုံ စီးခဲ့ဖူးသည်။ အဲဒီတုန်းက သကြင်္န် ရောက်သည်နှင့် ကားခစျေးများ နှစ်ဆ၊ သုံးဆ မြင့်တက်ကုန်၏။

နှစ်ဆ၊ သုံးဆမျှမက ၁ဝ ဆမျှအထိ မြင့်တက်ဖူးသော ကားခ အခြေအနေများလည်း ကြုံခဲ့ဖူးသည်။ ပုံမှန် နှစ်ရာကျပ် လမ်းကို ဆီစျေးများ တက်သည်၊ ဆီဝယ်ရ ခက်သည်ဟု ဆိုကာ ၁,၅ဝဝ၊ နှစ်ထောင် တောင်းသည့် ကားများပင် ရှိခဲ့ဖူးသည်။

သကြင်္န်အတွင်း ကားခ စျေးပိုတောင်းလျှင် အရေးယူမည်ဟု သက်ဆိုင်ရာက ကြေညာထားသော်လည်း ကားသမားများ စျေးပိုတောင်းမှုက လျော့မသွားခဲ့။ ပို၍ ပို၍ပင် ဆိုးလာခဲ့သည်။

အခြေအနေများ တစ်စတစ်စ ပြောင်းလဲလာပြီဟု ပြောရတော့မည်လား မပြောတတ်။ ယခုကားစီးရသည်မှာ အလွန်စိတ်ချမ်းသာသည်။ သကြင်္န်တွင်း ကားခပိုတောင်းဖို့ နေနေသာသာ သတ်မှတ်နှုန်းပင် မတောင်းဘဲ အခမဲ့ပင် ယာဉ်စီးခ ဒါနပြုနေပြန်သည်။

ပီတိကျေနပ်ဖြစ်မိသည်မို့ အကြိမ်ကြိမ် သာဓုခေါ်ခဲ့မိ၏။ သာဓုခေါ်ရင်း သာကေတအဝိုင်း မှတ်တိုင်တွင် ဆင်းခဲ့၏။ သာကေတအဝိုင်း မှတ်တိုင်မှ သန်လျင်ကို ကားပြောင်းစီးရပေဦးမည်။

”ကျောက်တန်းကို ကျောက်တန်း … သန်လျင်၊ ဘုရားကုန်း”

ကျောက်တန်းသို့သွားမည့် ကားတစ်စီး မှတ်တိုင်သို့ ဝင်လာသည်။ ကားပေါ်တွင် စပယ်ယာပါ၏။ စပယ်ယာက ကားဂိတ် တွင် ကားမရပ်မီကတည်းက လက်ညိုးတစ်ချောင်းထောင်ပြီး ခရီးသည်ခေါ်သည်။

မှတ်တိုင်တွင် ကားရပ်သည်နှင့် ကျွန် တော်နှင့် ချွန်ရှုပ် ကားပေါ် အမြန်တက်လိုက်သည်။ ကျွန်တော်တို့နည်းတူ အခြား ခရီးသည်များလည်း တိုးဝှေ့လုယက်တက်ကြ၏။ ကားပေါ်တွင် လူပြည့်နေသည်မို့ ထိုင်စရာနေရာမရ။ မတ်တတ်ရပ် လိုက်ရ သည်။

”ကားခလေးတွေ လှမ်းထားမယ်”

”ဘယ်လောက်လဲ”

”တစ်ယောက်တစ်ထောင်၊ ဘယ်စီး စီး တစ်ထောင်”

”မများဘူးလား”

စပယ်ယာက တစ်ယောက်တစ်ထောင် တောင်းနေသဖြင့် ခရီးသည်အသံများ ထွက်လာသည်။

”များတယ်ထင်ရင် တခြားကားပြောင်းစီး၊ သကြင်္န်ရက်လေး ရတုန်းရခိုက် စီးပွားရှာရတာ၊ ကားပြေးဆွဲနေတာ အလှူလုပ်နေတာ မဟုတ်ဘူး”

စပယ်ယာအသံက နည်းနည်းမာသည်။ မျက်နှာထားကလည်း တင်းနေ၏။ လူကြားထဲ အတင်းတိုးဝှေ့၍ ပိုက်ဆံကောက်သည်။

”မင်းတို့ သကြင်္န်အတွင်း ပိုက်ဆံပိုကောက်တာ တိုင်လို့ရတယ်”

ခရီးသည် အမျိုးသားတစ်ယောက်က စပယ်ယာကို သတိပေးသည်။

”တိုင်ချင်လည်း တိုင်ဗျာ၊ ကိုယ့်စီးပွား ကိုယ်ရှာနေတာ၊ ဘယ်သူ့ပစ္စည်းမှ ခိုးနေတာ မဟုတ်ဘူး၊ ရတုန်းရှာရတာ၊ ကားဆွဲမကောင်းရင် ဘယ်သူကမှ ပိုက်ဆံစိုက်ပေးတာ မဟုတ်ဘူး”

စပယ်ယာက ဗျစ်တောက်ဗျစ်တောက် ပြောရင်း ကားခ တစ်ယောက် တစ်ထောင် ရအောင် တောင်းသည်။

ချွန်ရှုပ်က မဟုတ်မခံ ဝင်ပါမည်စိုးသဖြင့် ဟန့်တားထားရသည်။ တစ်ထောင် ကျပ်တန်နှစ်ရွက် စပယ်ယာကို လှမ်းပေးလိုက်၏။

”ကျန်တဲ့သူတွေ လက်တို့မတောင်းချင်ဘူး၊ ကားခတွေ လှမ်းပေးပါ၊ ဘယ်စီး စီး တစ်ယောက်တစ်ထောင် လက်ဆင့်ကမ်းထား”

စပယ်ယာအသံက ကားပေါ်တွင် ကျယ်လောင်နေသည်။

စောစောက အခမဲ့ကားစီးရသဖြင့် မုဒိတာပွားပြီး သာဓုခေါ်ခဲ့ရသည်။ ယခု အဘိဇ္စျာ ပွားရတော့မည်လား။

စိတ်ထဲမှာ အောင့်သက်သက်ဖြစ်နေခဲ့ရသည်။

သကြင်္န်ကာလအတွင်း လှူသူက လှူသည်၊ ယူသူက ယူသည်။

ကျွန်တော်အ

မုဒိတာ … အဘိဇ္စျာ …

ခေါင်းထဲ ချာချာလည်နေခဲ့ပြီတည်း။

 

 

x x x x

ချစ်နွေမိုး

 

LEAVE A REPLY

Please enter your comment!
Please enter your name here