မုတ်သုံရာသီ မုန်တိုင်းအန္တရာယ်ရှိ၍  အဝေးပြေးယာဉ်လိုင်းများ သတိဖြင့် မောင်းနှင်ရေး၊  ယာဉ်မောင်းများ အရက်သေစာ သောက်စားမှုရှိမရှိနှင့် ခရီးသည်များ ထိုင်ခုံခါးပတ်ပတ်၍ စီးနင်းကြရန် ကြပ်မတ်နေဟုဆို

421

မန္တလေး၊ မေ

ပြီးခဲ့သည့် ၂၈ ရက်နေ့မှစ၍ မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြား၌ မိုးသည်းထန်စွာရွာသွန်းကာ မုတ်သုံရာသီ မုန်တိုင်း အန္တရာယ်ရှိကြောင်း သတိပေးထားသည့်အတွက် အဝေးပြေးယာဉ်လိုင်းများကို သတိဖြင့် မောင်းနှင်ရေး၊ ယာဉ်မောင်းများ အရက်သေစာ သောက်စားမှုရှိမရှိနှင့် ခရီးသည်များ ထိုင်ခုံခါးပတ်ပတ်၍  စီးနင်းကြရန် ပညာပေး ကြပ်မတ်မှုများ လုပ်ဆောင်နေကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရုံးမှ သိရသည်။

”အထူးသဖြင့် အမြန်လမ်းသွားတဲ့ယာဉ်တွေကို ဒီရက်ပိုင်း မိုးဆက်တိုက်ရွာတာရော မုန်တိုင်းရှိတဲ့အတွက် သတိနဲ့ ဖြည်းဖြည်း မောင်းနှင်ကြဖို့ သတိပေးမှုတွေလုပ်ဖြစ်တယ်၊ ပြီးတော့ အရက်သေစာ သောက်စားထားခြင်း ရှိ၊ မရှိပါ ယာဉ်မောင်းတွေကို Alcohol Tester နဲ့ ရှောင်တခင်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်၊ ခရီးသည်တွေကိုပါ ထိုင်ခုံခါးပတ်ပတ်ပြီး စီးကြဖို့ ပညာပေးတာအပြင် ကိုယ်တိုင်ကိုယ်ကျပတ်တဲ့အထိ သေချာစောင့်ကြပ်ပြီး အသိပေးမှုတွေ တောက်လျှောက်လုပ်နေတယ်”  ဟု မန္တလေးတိုင်း အမှတ်(၁၄) ယာဉ် ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မုတ်သုံရာသီ မုန်တိုင်းအန္တရာယ်ရှိ၍ ခရီးသည်တင်ယာဉ်လိုင်းများ သတိဖြင့်မောင်းနှင်ရေး ပညာပေးပြုလုပ်ရာတွင် သက်ဆိုင်ရာမြို့အလိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှောင်တခင်စစ်ဆေးကာ ပညာပေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မလိုက်နာသောယာဉ်များကို ထိထိရောက်ရောက် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယခုရက်ပိုင်းအမြန်လမ်းမကြီး အပါအဝင် အဝေးပြေးလမ်းမအချို့၌ မိုးအဆက်မပြတ်ရွာသွန်းကာ လမ်းချော်မှုကြောင့် ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်နေသည့်အပြင် မေ ၃ဝ ရက် နံနက်ပိုင်းကလည်း မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ထုံးဖိုဖြတ်လမ်း မန်းကျည်းချိုရွာအနီး မဂင်္လာတံတားအကွေ့တွင် Express ကားတစ်စီး လမ်းချော်၍ တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

”ဒီနေ့ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းမှာ Express ကားတစ်စီး မနက် ၆ နာရီ မထိုးခင်အချိန်မှာ လမ်းချော်ပြီး တိမ်းမှောက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်၊ ကံကောင်းချင်တော့ အရှိန်လည်းနည်းလို့ ခရီးသည် အသေအပျောက်မရှိဘူး၊ အဲဒီလိုတိမ်းမှောက်မှုဖြစ်ရင် ခရီးသည်တွေမှာလည်း ထိုင်ခုံခါးပတ်ပတ်ထားမှ အသက်အန္တရာယ် စိတ်ချရနိုင်တယ်၊ ကာကွယ်နိုင်မယ်၊ ဒါကြောင့် ဒီရက်ပိုင်းကို အမြန်လမ်း အဝေးပြေးလမ်းမကြီးတွေမှာ ရှောင်တခင်စစ်ဆေးပြီး အရှိန်နည်းနည်း သတိနဲ့မောင်းကြဖို့ ပညာပေးမှုတွေ တောက်လျှောက်လုပ်နေရတာ” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦး က မေ ၃ဝ ရက်တွင် ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here