မီးသတ်ယာဉ်များ ဥသြသံဖွင့်၍ မောင်းနှင်လာပါက ဆိုင်ကယ် အပါအဝင် မော်တော်ယာဉ်များအားလုံး လမ်းဘေးသို့ကပ်၍ရပ်ပေးစေလိုဟုဆို

814

မန္တလေး၊ဧပြီ

ယခုအခါ နွေရာသီသို့စတင်ရောက်ရှိလာပြီဖြစ်၍  မန္တလေးမြို့တော်အတွင်း လျှပ်စစ်မီးနှင့်ပေါ့ဆမီးကြောင့် မီးလောင်မှုများလည်း မကြာခဏ ဖြစ်ပွားလျက်ရှိရာ မီးလောင်မှုဖြစ်ပွားရာသို့ အလျင်အမြန်သွားရောက်နေသည့် မီးငြိမ်းသတ်ယာဉ်များမှ ဥသြသံဖွင့်၍ မောင်းနှင်နေပါက ဆိုင်ကယ်များအပါအဝင် မော်တော်ယာဉ်အားလုံး လမ်းဘေးသို့ကပ်၍ ရပ်ပေးစေလိုကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အကြံပြုပြောကြားသည်။

”မီးလောင်မှုဖြစ်ရင် မီးလောင်တဲ့နေရာကို မီးသတ်ကားရော၊လူနာတင်ယာဉ်ရော ပုဂ္ဂလိက ယာဉ်တွေရောသွားကြတယ်၊ အဲဒီသွားတဲ့ယာဉ်တွေမှာ မီးသတ်ကားက အဓိကမီးငြိမ်းသတ်ပေးမှာဖြစ်လို့မီးသတ်ကားဥသြသံဖွင့်ပြီးလာရင် လမ်းဘေးကို ခဏလေးကပ်ရပ်စေချင်တယ်၊ အချို့ကဥသြဆွဲသံဖွင့်ထားလျက်နဲ့ကို မဖယ်ကြတာတွေရှိနေတော့ အချိန်နှောင့်နှေးကြန့်ကြာတာတွေရှိတယ်”ဟု မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တော်တွင်နှစ်စဉ် နွေရာသီကာလရောက်တိုင်း  မီးလောင်မှုများနေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည့်အတွက် မီးသတ်ယာဉ်များနှင့်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း အချိန်နှင့်တစ်ပြေးညီသွားလာနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ အမြဲပြုလုပ်ထားကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

”ရဲပွိုင့်ကားတွေတောင် မီးသတ်ကားဥသြဆွဲပြီးလာရင် လမ်းဘေးကပ်ရပ်ပေးလိုက်တယ်၊ မီးသတ်ကားလာတိုင်း မီးပွိုင့်ကယာဉ်ထိန်းရဲက လမ်းရှင်းပေးသလို မီးသတ်ကားသွားမယ့်လမ်းကြောင်း က လမ်းဆုံတွေမှာလည်း နယ်မြေရဲရော၊ ယာဉ်ထိန်းရဲရောပေါင်းပြီး လမ်းရှင်းပေးပေမယ့် တစ်ချို့တွေက လမ်းကိုသိပ်မဖယ်ကြဘူး၊ နွေရာသီလိုမျိုးမှာ အပူရှိန်ပြင်းပြီး လောင်လွယ်တော့ မီးလောင်တဲ့နေရာ မီးသတ်ကားအရင်ရောက်ဖို့အရေးကြီးပါတယ်”ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မီးလောင်မှုဖြစ်ပွားရာတွင်အချို့သောမော်တော်ယာဉ်နှင့်ဆိုင်ကယ်များက သွားရောက်ငြိမ်းသတ်ကူရန်နှင့်အသိမိတ်ဆွေအိမ်များပါရှိမရှိ သွားရောက်ကြည့်ရှုကြခြင်း ဖြစ်ကာ အချို့သောယာဉ်များမှ၎င်းသွားလိုသည့်ခရီးတွင်ရေးသာဦးစားပေးနေသည့်အတွက် မီးသတ်ကားဥသြဆွဲသံကြားပါက လမ်းဘေးကပ်ရပ်ရမည့်အသိအားနည်းနေကြောင်း ယာဉ်ထိန်း ရဲအရာရှိများက ဆိုသည်။ ”အခုဟာက တစ်ချို့ မီးလောင်မှုတွေမှာဆို မီးသတ်ကားတွေရှေ့ ဖြတ်ကူးသွားလာနေတဲ့ ယာဉ်တွေကြောင့် မီးသတ်ကားတွေ မြန်မြန် မသွားနိုင်တာတွေ့ခဲ့ရတယ်၊ မီးသတ်ကား ဥသြဆွဲသံကြားရင် လမ်းဘေးချရပ်စေချင်တယ်”ဟု ချမ်းမြသာစည် မြို့နယ်တွင်နေထိုင်သူ မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးကလည်း ဆိုသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာ န၏ ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေများတွင် ပုဒ်မ ၁၅၂ (င)၌ အချက်ပေးသံဖြင့်လာနေသော လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်ယာဉ်နှင့်အခြား အရေးကြီးယာဉ်များလာသည်ကိုကြား သိလျှင် ထိုယာဉ်ကို ဦးစားပေးလျက် မိမိယာဉ်ကိုလမ်းနံဘေးသို့ ကပ်၍ ရပ်ထားရမည်ဟု ပြဌာန်းထားကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here