မီးခလုတ်သီးသန့်မပါသည့် ဆိုင်ကယ်များ ရှေ့မီးကြီးအမြဲဖွင့်စီးပါက သုံးစွဲနိုင်မှုသက်တမ်း  လျော့ကျစေနိုင်ဟု  ဆို

968

၂ဝ၁၆ နှင့် ၂ဝ၁၇ မိုဒယ် ထိုင်း Honda Click ဆိုင်ကယ်များအပါ အဝင် နာမည်ရ Brand အချို့တွင် ရှေ့မီးကြီး အဖွင့်/အပိတ်ခလုတ် မပါရှိသဖြင့် ရှေ့မီးကြီးမှာ ဆိုင်ကယ် မောင်းတိုင်းနေ့ရာညပါ လင်းနေသည့်အတွက် အဆိုပါရှေ့မီးကြီးအား အမြဲဖွင့်စီးပါက ရှေ့မီးကြီးသုံးစွဲနိုင်မှု သက်တမ်းကြာချိန်နှင့် ဘက်ထရီသက်တမ်းတို့ လျော့နည်းစေ နိုင်ကြောင်း မန္တလေးမြို့ခံ ဝါရင့်ကျွမ်းကျင် ဝပ်ရှော့ဆရာများက အကြံပြုကြသည်။

 

”များသောအားဖြင့် မိုဒယ် မြင့် Honda ဆိုင်ကယ်တွေမှာ မီးခလုတ် သီးသန့်မပါတဲ့အတွက် ဆိုင်ကယ်သော့ဖွင့်လိုက်တာနဲ့ နေ့ရော ညပါ မီးလင်းနေမယ်၊ အဲဒီလိုအချိန်ပြည့် မီးဖွင့်မောင်းတာက လမ်းအန္တရာယ်အတွက် အထောက်အကူပြုနိုင်ပေမဲ့ ကြာရင် မီးသီးကျွမ်းနိုင်တယ်၊ ဥပမာ ငါးနှစ်သုံးရရင် သုံးနှစ်လောက်ပဲခံမယ်ပေါ့၊ မီးသီးကြာချိန်သက်တမ်း လျော့နည်းသွားနိုင်သလို ဘက်ထရီသက်တမ်းလည်း လျော့နည်းစေနိုင်တယ်”ဟုမန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာတစ်ဦးက အကြံပြုပြောကြားသည်။

 

ထိုင်းနိုင်ငံအပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံအချို့တွင်  မည်သည့်ဆိုင်ကယ်မဆို နေ့ရောညပါ ရှေ့မီးကြီးဖွင့်စီးရ မည်ဟု ဥပဒေထုတ်ပြန်ထားသည့်အတွက် ဆိုင်ကယ်စက်ရုံများမှ ဆိုင်ကယ် စတင်ထုတ်လုပ်သည်နှင့် ရှေ့မီးကြီး အဖွင့်/အပိတ်ခလုတ်ကို သီးသန့်မထည့်တော့ဘဲ ဘက်ထရီ၊ သော့ System နှင့် ရှေ့မီးကြီး စသော ဝါယာရင်းစနစ်များကို ပူးတွဲထားကြောင်း၊ ထို့ကြောင့် ဆိုင်ကယ်ရှေ့မီးများမှာ သော့ဖွင့်လိုက်တိုင်း အမြဲလင်းနေသည့်အတွက်ရှေ့မီးကြီးနှင့် ဘက်ထရီသက်တမ်း သုံးစွဲနိုင်မှုကို လျော့ကျစေနိုင်ကြောင်း မန္တလေးမြို့ခံဝါရင့်ဝပ်ရှော့ ဆရာများက အကြံပြုသည်။

 

”အဲဒီ ရှေ့မီးကြီးတစ်လုံး ကျွမ်းသွားလို့ အသစ်လဲရရင် တစ်သိန်းကျော်တယ်၊ မီးအမြဲဖွင့်စီးရင် ခဏလေးနဲ့ပျက်မှာတော့ မဟုတ်ဘူး၊ စက်ရုံက သတ်မှတ်ထားတဲ့ သက်တမ်းကြာချိန်လောက် အသုံးမခံဘူးပေါ့၊ ပြီးရင် တစ်ခါလဲရရင် စျေးကအများကြီးလေ၊ ပြီးတော့ မီးခလုတ်တပ်မယ်ဆိုလည်း တကယ့်ကို ဝါယာရင်း အထူးကျွမ်းကျင်တဲ့ ဝပ်ရှော့တွေမှာပဲ လုပ်သင့်တယ်၊ ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇ မိုဒယ် Honda  Click ဆိုင်ကယ်တွေမှာက ရှေ့မီးကြီးဆိုလည်း ဆော့ကတ်ပြားနဲ့ တစ်ခါတည်းတွဲထားတဲ့အတွက် ဝါယာကြိုးတစ်ကြိုး မှားတပ်တာနဲ့ ရှေ့မီးကြီးအုံလိုက် တစ်ခုလုံး လောင်သွားနိုင်တယ်၊ ဒါကြောင့် ကျွမ်းကျင်တဲ့ ဝါယာရင်းဝပ်ရှော့မှာ ပဲ မီးခလုတ်ကို တပ်စေချင်တယ်၊ ထိုင်းမှာတော့ ဥပဒေအရ မီးမဖွင့်မနေရ ပြဌာန်းထားပေမဲ့ မြန်မာနိုင်ငံမှာ အဲဒီလိုပြဌာန်းထားတာမရှိတာ့ နေ့ခင်းမှာ မီးမဖွင့်ထားလို့လည်း ဘာပြဿနာမှ မရှိဘူးလေ၊ ကိုယ့် ဆိုင်ကယ်ရဲ့ရှေ့မီးကြီးနဲ့ ဘက်ထရီ သက်တမ်းကြာချိန်ပဲ လျော့ကျစေ မှာ”ဟု မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ ဆရာတစ်ဦးက ဆိုသည်။

 

ထို့ကြောင့် မီးခလုတ်မပါရှိသော ဆိုင်ကယ်များအနေဖြင့် မိမိဆိုင်ကယ်၏ ရှေ့မီးကြီးနှင့် ဘက်ထရီ သက်တမ်းကြာရှည်ခံစေရန် ကျွမ်းကျင်သော ဝါယာရင်းဝပ်ရှော့များတွင် မီးခလုတ် တပ်ဆင်သင့်ကြောင်း မန္တလေးမြို့ခံ ဝါရင့်ဝပ် ရှော့ဆရာများထံမှ သိရသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here