မန္တလေး၊ မေ
မန္တလေးမြို့တွင် ပထမဦးဆုံး တရားဝင် သုံးဘီးဆိုင်ကယ်အသင်းဖြစ်သော မီနီအိုးဝေ သုံးဘီးဆိုင်ကယ် Taxi အသင်းမှ လက်ရှိတွင် အမျိုးသားယာဉ်မောင်းများသာရှိသည့်အတွက် မကြာမီကာလအတွင်း အမျိုးသမီးယာဉ်မောင်းများ စတင်ခန့်အပ်သွားမည်ဖြစ်ကြောင်း Oway Ride ကုမ္ပဏီမှ သိရသည်။
”စဆွဲခါစက သုံးဘီးအစီးငါးဆယ်စလုံးမှာ အမျိုးသားယာဉ်မောင်းတွေချည်းနဲ့ စခဲ့တယ်၊ အခုတော့ သုံးဘီးဆိုင်ကယ်အစီး ၁၇ဝ ကျော်နဲ့ ပြေးဆွဲပေးနေတယ်၊ အဲဒီ အစီး ၁၇ဝ ကျော်မှာလည်း အမျိုးသားယာဉ်မောင်းတွေချည်းပါပဲ၊ တချို့က အမျိုးသမီးခရီးသွားတွေ ပိုယုံကြည်မှုရှိစေဖို့ အမျိုးသမီးယာဉ်မောင်းတွေပါ ခန့်ဖို့ အကြံပေးကြတာတွေကြောင့် မကြာမီကာလအတွင်း အမျိုးသမီးယာဉ်မောင်း တွေ စခန့်အပ်သွားမယ်”ဟု မီနီ အိုးဝေ သုံးဘီးဆိုင်ကယ် Taxi များ ပြေးဆွဲလျက်ရှိသော ‘Oway Ride ကုမ္ပဏီ’ General Manager ကိုနိုင်ဟိန်းက ပြောသည်။
မန္တလေးမြို့အတွင်း လက်ရှိ ပြေးဆွဲနေသော သုံးဘီးဆိုင်ကယ် Taxi အစီး ၁၇ဝ ကျော်မှ အစီး နှစ်ရာကျော်အထိ ထပ်မံတိုးချဲ့ရန် ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် လိုအပ်မှုအရ အမျိုးသမီး သုံးဘီးဆိုင်ကယ်ယာဉ်မောင်းများ ခေါ်ယူရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ယင်းသို့ ခန့်အပ်ရာတွင် လစာနှင့် ခန့်အပ်ခြင်းမျိုးမဟုတ်ဘဲ ယာဉ်မောင်းသူထံ သုံးဘီးဆိုင်ကယ်ပေးအပ်ထားပြီး နေ့စဉ် ထောင်ဂဏန်း မျှသာ ပေးသွင်းစေကာ ကျန်ရှိသည့် အမြတ်ငွေကို ခံစားခွင့်ပေးထားကြောင်း Oway Ride ကုမ္ပဏီ မှ သိရသည်။
”လာလျှောက်တဲ့ သုံးဘီးယာဉ်မောင်းတွေကို စိစစ်ရွေးချယ်ပြီး ကိုက်ညီတယ်ဆိုရင် သုံးဘီးဆိုင်ကယ်ပေးထားတယ်၊ နေ့စဉ်ရငွေထဲက ထောင်ဂဏန်း အနည်းငယ်လောက်ပဲ ကျွန်တော်တို့ကုမ္ပဏီကို ပုံမှန်သွင်းသွားရုံပဲ၊ သတ်မှတ်တဲ့ Amount သွင်းပြီးရင် ကျန်တဲ့ငွေကို ခံစားခွင့်ပေးထားတယ်၊ အဲဒီလို သုံးနှစ် ပုံမှန်သွင်းသွားပြီး သုံးနှစ် လက်တွဲလုပ်ကိုင်တယ်ဆိုရင် အဲဒီ သုံးဘီးဆိုင်ကယ်ကို အပိုင်ပေးသွားမှာ”ဟု Oway Ride ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ မီနီအိုးဝေသုံးဘီးဆိုင်ကယ် Taxi တစ်စီးလျှင် လူကြီးနှစ်ဦး၊ ကလေးတစ်ဦးဖြင့် စုစုပေါင်း ခရီးသည်သုံးဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကာ ခရီးတစ်ကြောင်းလျှင် မီတာနှင့် တွက်ချက်ကောက်ခံပြီး ပထမဆုံး တစ်ကီလိုမီတာကို ကျပ်တစ်ထောင်ကောက်ခံ၍ ထပ်တိုးကီလိုများကို တစ်ကီလိုမီတာတိုးတိုင်း ကျပ် ၂၅ဝ စီသာ တိုးမြှင့်ကောက်ခံကြောင်း Oway Ride ကုမ္ပဏီမှ ထပ်မံသိရသည်။
”မန္တလေးမြို့တွင်းကနေ လေယာဉ်ကွင်းအထိကို တစ်သောင်းကျပ် သတ်မှတ်ထားသလို နေ့တစ်ဝက်ငှားရင် တစ်သောင်းခွဲ၊ တစ်နေကုန် အပြတ်ငှားရင် နှစ်သောင်းခွဲ သတ်မှတ်ထားတယ်၊ ပြီးတော့ အလုံးစုံအာမခံရော GPS စနစ်ပါ တပ်ဆင်ထားတဲ့အတွက် ခရီးသည် တွေ လုံခြုံမှုရှိရှိ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ပါမယ်”ဟု Oway Ride ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)