မန္တလေး၊ဧပြီ
မန္တလေးမြို့တော်တွင် ဆိုင်ကယ် Taxi ကုမ္ပဏီတစ်ခုအနေဖြင့်ပထမဦးဆုံး မီနီအိုးဝေသုံးဘီး Taxi အမည်ဖြင့် ပြေးဆွဲခဲ့သော Oway Ride ကုမ္ပဏီမှ သုံးဘီးဆိုင်ကယ် Taxi ယာဉ်မောင်းများအား ခရီးသည်များ လိုရာခရီးပို့ဆောင်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ Defensive Driving Training ကို နှစ်လတစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
”မီနီအိုးဝေ သုံးဘီးဆိုင်ကယ်Taxi ကို ငှားရမ်းစီးနင်းကြတဲ့ ခရီးသည်တွေ အန္တရာယ်ကင်းဖို့၊ လုံခြုံစွာသွားလာနိုင်ဖို့အတွက် သုံးဘီးယာဉ်မောင်းတွေအကုန်လုံးကို နှစ်လတစ်ကြိမ် Defensive Driving Training သင်တန်း ပုံမှန် ပို့ချပေးသွားမယ်၊ ပထမအကြိမ်အဖြစ် သကြင်္န်မတိုင်ခင်လေးတင် ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ပေါင်းပြီး အဲဒီ သင်တန်းကို စလုပ်ဖြစ်တယ်၊ နောက်ပိုင်း နှစ်လတစ်ကြိမ် ပုံမှန် လုပ်သွားမယ်”ဟု မီနီအိုးဝေသုံးဘီး Taxiများ ပြေးဆွဲပေးနေသော Oway Ride ကုမ္ပဏီမှ General Manager ကိုနိုင်ဟိန်းက ပြောကြားသည်။
မီနီအိုးဝေသုံးဘီးဆိုင်ကယ် Taxi များကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မန္တလေးမြို့ အတွင်း အစီး ၅ဝ ဖြင့်တရားဝင် စတင်ပြေးဆွဲခဲ့ပြီး ယခုအခါ အစီး ၁၇ဝ အထိတိုးချဲ့ပြေးဆွဲလာခြင်းကြောင့် ယာဉ်မောင်းများအားယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတကျ မောင်းနှင်နိုင်ရန်နှင့် ခရီးသည်များကို လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနိုင်ရန် ယင်းသို့ Defensive Driving Training များကို စီစဉ်ရခြင်းဖြစ်ကြောင်း Oway Ride ကုမ္ပဏီမှ သိရသည်။
”မီနီအိုးဝေသုံးဘီးဆိုင်ကယ် တွေအကုန်လုံးကို အာမခံလုပ်ဆောင်ထားပေမယ့်ယာဉ်မောင်း ကျွမ်းကျင်မှုမရှိတာပဲဖြစ်ဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတကျမမောင်းလို့ပဲဖြစ်ဖြစ် ခရီးသည်တစ်ခုခုဖြစ်သွားရင် တစ်ဖက်လူအတွက်လည်း မကောင်းသလိုကုမ္ပဏီအတွက်လည်း မကောင်းဘူး၊ ဒါကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ပေါင်းပြီး အသိပညာပေးဟောပြောမှုတွေ Activity တွေကိုနှစ်လတစ်ကြိမ် လုပ်သွားဖို့ စီစဉ်ထားတယ်”ဟု Oway Ride ကုမ္ပဏီမှ ကိုနိုင်ဟိန်း က ထပ်မံဆိုသည်။
အဆိုပါ မီနီအိုးဝေသုံးဘီးဆိုင်ကယ် Taxi တစ်စီးလျှင် လူကြီးနှစ်ဦး၊ ကလေးတစ်ဦးဖြင့် စုစုပေါင်း ခရီးသည် ၃ ဦးလိုက်ပါစီးနင်းနိုင်မည် ဖြစ်ကာ Oway Ride သည်မန္တလေးမြို့တော်တွင်သုံးဘီးဆိုင်ကယ် အသုံးပြု၍ ပထမဦးဆုံး ပြေးဆွဲသောခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခုလည်းဖြစ်သည့် အပြင် ကျသင့်ငွေနှုန်းထားများကို မီတာဖြင့် ကောက်ခံခြင်းဖြစ်သည်။
ကျော်ကျော်အောင်(ကလေး)