မိုးရာသီမှာ သင့်ကားတာယာကို ဂရုစိုက်ပါ

124

 

မိုးသည်းထန်စွာ ရွာသွန်းနေသော လမ်းပေါ်တွင် တာယာစလစ်ဖြစ်ပြီး လမ်းချော်ပါက ယာဉ်တိမ်းမှောက်သည်အထိ အန္တရာယ်ကြီးမားပါသည်။တာယာဘီးများ၏ ချွတ်ယွင်းအားနည်းချက်နှင့် အတွေ့အကြုံနည်းပါးသော ယာဉ်မောင်းတို့ ပေါင်းစပ်မိပါက အမြန်လမ်းမကြီး(Highway) ပေါ်တွင် အရှိန်ပြင်းမောင်းနှင်နေသော မော်တော်ယာဉ်များသည် အန္တရာယ်ဆိုးနှင့် ရင်ဆိုင်ရန် အလားအလာများစွာ ရှိနေပါသည်။ တာယာကြောင့်ဖြစ်ပွားရ သော ယာဉ်မတော်တဆမှုများသည် ရှောင်လွဲ၍ရသောကိစ္စ ဖြစ်သည်။ သို့သော်လည်း တာယာကြောင့် Accident ဖြစ်စဉ် များပါသည်။ အမြန် လမ်းပေါ်တွင် နေ့စဉ်နီးပါးဖြစ်ပွားနေသည်။
ယခုနှစ် မုတ်သုန်လေ အားကောင်းသဖြင့် မိုးရွာသွန်းမှုများပြီး ကား လမ်းများ ရေကြီးရေလျှံလေ့ ရှိသည်။ လမ်းမျက်နှာပြင်တွင် ရေတင်နေပါ က အရှိန်ပြင်းမောင်းနှင်လာသော ကားတစ်စီးသည် ရေလွာလှေျာစီး သကဲ့သို့ဖြစ်ပြီး ဦးတည်ရာလမ်းကြောင်း ပြောင်းလဲကာ လည်ထွက်သွား နိုင်သည်။ တာယာပန်းသားကုန်နေသော ကားများသည် ထိုအခြေအနေ မျိုးတွင် တာယာဘီးများ စလစ်ဖြစ်ရန် ပို၍ အခွင့်အလမ်းများသည်။
ပန်းကုန်နေသာ တာယာများသည် လမ်းမျက်နှာပြင်နှင့် ထိတွေ့မှု ကုပ်အား(Traction)ပို၍နည်းသည်။ ရေစိုနေသော လမ်းမျက်နှာပြင်ပေါ်တွင် စက်ဆီချောဆီများ၊ ရွံ့နွံ့များနှင့် အခြားအညစ်အကြေးများ ရှိနေ၍ တာ ယာဘီးနှင့် လမ်းမျက်နှာပြင်ကြား၌ ဖြစ်ပေါ်နေသော ပွတ်မှုအား(Friction)သည် ခြောက်သွေ့သည့်နွေရာသီတွင်ရှိသော ပွတ်မှုအားထက် နည်း ပါးသည်။ ပွတ်မှုအား လျော့နည်းနေခြင်းကြောင့် မိုးရာသီတွင် ကားတာ ယာဘီးများ စလစ်ဖြစ် လမ်းချော်ရသည်။ မိုးများသောဒေသများ၌ မော် တော်ယာဉ်များ ဖြစ်လေ့ရှိသော ပြသနာများမှာ လမ်းချော်၍ စလစ် ဖြစ်ခြင်း၊ တာယာပွန်းစားမှု လျင်မြန်ခြင်း၊ Hydroplane ခေါ် လမ်းမျက်နှာပြင်ပေါ်ရှိ ရေလွာထုကြောင့် ယာဉ်လမ်းကြောင်း ဘေးချော်ပြီး တိမ်းမှောက် တတ်ခြင်းတို့ ဖြစ်သည်။
တာယာထုတ်လုပ်သူများသည် တာယာအမျိုးအစား ဒီဇိုင်းမျိုးစုံကို သုံးစွဲမှုထိရောက်စေရန် ပုံစံအမျိုးအစားများစွာ ခွဲခြား၍ထုတ်လုပ်သည်။ မောင်းနှင်ရသော လမ်းမျက်နှာပြင် အနေအထား၊ ရာသီဥတုပတ်ဝန်း ကျင် အခြေအနေများအပေါ် အခြေခံ၍ တာယာဘီးဒီဇိုင်းမျိုးစုံကို ထုတ် လုပ်သည်။
တာယာသုံးစွဲသူများမှ မိမိမော်တော်ယာဉ်အခြေအနေနှင့် လမ်း အခြေအနေ ကိုက်ညီမှုရှိသော တာယာအမျိုးအစားကို ရွေးချယ်သုံးစွဲ ရသည်။ ဆီးနှင်းနှင့် ရွံ့နွံ့ ထူထပ်သောလမ်းတွင် သုံးရန် Mud and Snow Tires ၊ လမ်းကြမ်း/တောလမ်းခရီးသုံး Off-road Tires ၊ ခရီးရှည် လှည့်လည်သွားလာရာတွင်သုံးသော Touring Tires ၊ အဆင့်မြင့် စွမ်း ဆောင်နိုင်မှုရှိသော High Performance Tire ၊ရာသီမရွေးသုံးစွဲနိုင်သော All-season Tires ၊ ဆောင်းရာသီသုံး Winter Tires ဟူ၍ ပင်ကို အရည် အသွေးကွဲပြားသော တာယာများကို တာယာပန်းသား ဒီဇိုင်းအမျိုးမျိုးဖြင့် ထုတ်လုပ်သည်။

မိုးရာသီသုံး Rain Groove တာယာ
မိုးသည်းထန်သော အခြေအနေ၌ လမ်းပေါ်တွင် ရေများတင်ရှိနေ တတ်သည်။ တာယာနှင့် လမ်းမျက်နှာပြင်ကြား၌ ရေလွာပြင်တစ်ခု (Hydroplane) ရှိနေ၍ ထိုရေလွာထုသည် တာယာပန်းသားများ ကုပ် အား(Traction) ကို အနှောင့်အယှက်ဖြစ်စေသည်။ တာယာဘီးတစ်ခုလုံး မျက်နှာပြင်ပေါ်တွင် လိမ့်လာပါက ရေလွာထုကို ခွဲထုတ်နိုင်ရန် တာယာ ပန်းဒီဇိုင်းတွင် ရေများ ဖယ်ရှားထုတ်ပေးနိုင်သော အသားမြောင်းများ ပါရှိရသည်။ ထိုကဲ့သို့ လမ်းမျက်နှာပြင်နှင့် တာယာကြားတွင်ရှိသော ရေလွာများ လွတ်လပ်စွာ ထွက်သွားနိုင်ရန် တာယာပန်းဒီဇိုင်းတွင် Rain Groove များ ထည့်သွင်းတည်ဆောက်ထားသည်။
တာယာဘီးလိမ့်စဉ် လမ်းနှင့် တာယာကြားမှ ရေများ ဘေးနှစ်ဖက် စလုံးသို့ ခွဲထွက်သွားနိုင်ရန် Rain Groove များကို ဒီဂရီတစ်ခုစောင်း၍ တည်ဆောက်ပေးထားသည်။ Rain Groove ကြောင့် လမ်းပေါ်မှရေများကို တာယာပန်းသားများက ဖယ်ရှားနိုင်သဖြင့် လမ်းမျက်နှာပြင်နှင့် တာယာ ပန်းသား ထိတွေ့နိုင်မှု ပို၍ကောင်းလာစေသည်။ တာယာပန်းသားကုန်၍ ကတုံးဖြစ်နေသော တာယာများ၊ Rain Groove မပါသော တာယာများသည် လမ်းပေါ်တွင် အရှိန်ပြင်းစွာ လှိမ့်ပါက Hydroplane ကြောင့် ရေလွာ လျှောစီးသလိုဖြစ်ပြီး တာယာကုပ်အား(Traction)ကို လျော့နည်းကျဆင်း စေသည်။

တာယာကုပ်အား (Tire Traction)
တာယာဘီးကုပ်အား(Traction)သည် တာယာတစ်ခုလုံး၏ စွမ်း ဆောင်မှု(Performance) ကိုတိုင်းတာသော အရည်အသွေးဆိုင်ရာအချက် များထဲမှ တစ်မျိုးဖြစ်သည်။ တာယာသုံးစွဲသူ ယာဉ်ပိုင်ရှင်အများစုသည် တာယာအားလုံး၏ ဘီးကုပ်အား(Traction)သည် တူညီကြသည်ဟု မှတ် ယူကြသည်။ တူညီသောအခြေအနေများ၌ပင် တာယာများသည် Traction ကွဲပြားခြားနားသည်။ မြေပြင်အနေအထား၊ မောင်းနှင်ရသော ပတ်ဝန်းကျင်အခြေအနေ၊ ရာသီဥတုအခြအနေများအပေါ် မူတည်၍ Traction ဖြစ်ပေါ်မှု မတူညီနိုင်ပါ။
ထို့ပြင် တာယာတည်ဆောက်ထားသော ရော်ဘာကွန်ပေါင်းသား အရည်အသွေးနှင့် တာယာပန်းဒီဇိုင်းပုံစံများကလည်း တာယာ Traction ကို အမျိုးမျိုးကွဲပြားခြားနားစေသည်။ မိုးရာသီသုံးတာယာများသည် Wet Traction တာယာများဖြစ်သည်။ ရေခွဲအားကောင်းစေရန် ပန်းဒီဇိုင်းပုံစံတွင် ရေခွဲမြောင်း (Rain Groove) များပါရှိပြီး နက်ရှိုင်းသော မြောင်းစင်းများ ဖြစ်ရသည်။ Wet Traction တာယာတစ်လုံးသည် လမ်းမျက်နှာပြင် ပေါ်တွင်ရှိသော Hydroplane ခေါ် ရေပြင်အလွာကို ဖယ်ရှားပြီး Rolling ဖြစ်မှသာ အကောင်းဆုံးတာယာကုပ်အား(Traction)ကို ရရှိပါမည်။
Wet Traction အပြင် ခြောက်သွေ့နေသော လမ်းအခြေအနေ၌ လမ်းမျက်နှာပြင်နှင့် တာယာပန်းသား ဘီးကုပ်အားကို Dry Traction ဟုခေါ်သည်။ ကားတစ်စီး၏ ဘရိတ်ဖမ်းနိုင်သော အကွာအဝေး (Braking Distance)နှင့် အရှိန်မြင့်တင်မှု(Acceleration)ကို တိုင်းတာနိုင်ရန် Dry Traction Testes ကို အသုံးပြုရသည်။

တာယာထိန်းသိမ်းခြင်း
တာယာအန္တရာယ် ကင်းဝေးစေရန် ပုံမှန်ထိန်းသိမ်းခြင်း ဆောင်ရွက် ပေးရသည်။ တာယာပန်းသားများ ပွန်းစားမှု အထူအပါး အခြေအနေ စစ်ဆေးခြင်း၊ တာယာဘေးသားများ ကွဲအက်မှု၊ နှုတ်ခမ်းလိုင်နာများ အခြေအနေ စစ်ဆေးခြင်းများကို အချိန်မှန် ဆောင်ရွက်ပေးရသည်။ တာယာတစ်လုံး၏ ခွန်အားနှင့် စွမ်းဆောင်နိုင်မှုတို့သည် လေပေါင်ဖိအား မှန်ကန်စွာရှိနေရေးဆိုသော အချက်ပေါ်တွင် အဓိကကျသည်။
လေပေါင်မှန်ကန်စွာရှိနေစေရန် အမြဲဂရုစိုက်သင့်သည်။ သတ်မှတ် လေဖိအားအတွင်းသာရှိသော တာယာသည် အကောင်းဆုံး Performance ကို ပေးစွမ်းနိုင်ပြီး သက်တမ်းရှည်သည်။ လေဖိအားများလွန်းခြင်း၊ လေဖိအားနည်းလွန်းခြင်းသည် တာယာပန်းသားပွန်းစားမှုကို မညီမညာ ဖြစ်စေသည်။ သတ်မှတ်လေပေါင်အတိုင်းသာ ထိုးပါ။ တာယာများကို Over Load မထမ်းခိုင်းပါနှင့်။ တာယာများကို ခရီးမိုင် ငါးထောင်၊ ခြောက် ထောင်ခန့်မောင်းပြီးတိုင်း လှည့်လည်တပ်ဆင်ပါ။ ဘီးအလိုင်းမန့် ပုံမှန် ချိန်ပါ။
တာယာများကို ပန်းသား လုံးဝကုန်သည်အထိ အတွင်းကြိုးသား များ ပေါ်လာသည်အထိ အသုံးမပြုပါနှင့်။ တာယာတစ်လုံးသည် သက် တမ်းကာလ အကန့်အသတ်ရှိသောပစ္စည်း ဖြစ်သည်။ သက်တမ်း ခြောက် နှစ်ကျော်သော တာယာများသည် ပွင့်ထွက်၊ ကွဲထွက်တတ်သည်။ တိုက် ဆွေးတာယာများကို စျေးပေါပေါနှင့်ရရှိလျှင်လည်း မသုံးပါနှင့်။

သတိပြုသင့်သောအချက်များ
– မိုးရာသီတွင် Hydroplane ကြောင့် တာယာစလစ်ဖြစ်နိုင်၍ အရှိန် ပြင်းစွာ မမောင်းပါနှင့်။
– Rain Groove မြောင်းများပါသော မိုးရာသီသုံးတာယာကို သုံးပါ။
– လမ်းအချိုးအကွေ့များတွင် အမြန်နှုန်း 40 kmph ထက် ပို၍ မမောင်းပါနှင့်။
– လမ်းပေါ်တွင် ရေများလွမ်းမိုးနေပါက လမ်းအခြေအနေကို မသိနိုင်၍ ဖြည်းဖြည်းမောင်းပါ။
– အမြန်လမ်းတွင် မိုးသဲကြီးမဲကြီး ရွာပြီးပါက တောင်ကျရေနှင့် အတူ ကျောက်စရစ်ခဲများ၊ သဲများ၊ ရွံ့နွံများ မျောပါလာပြီး လမ်းပေါ်ရောက် နေတတ်သည်။ ထိုအရာများကို ရုတ်တရက် ဘွားခနဲမြင်တွေ့လိုက် ရပါက ကားအရှိန်ပြင်းလျှင် ဒုက္ခရောက်နိုင်သည်။
– မိုးများပါက ကားအမြန်နှုန်း Speed ကို လျှော့ချ၍ မောင်းပါ။
– လမ်းကြောင်းမကျွမ်းကျင်သော ဒေသစိမ်းမှ လမ်းအခြေအနေများ ကိုမသိဘဲ ကားကို အရှိန်ပြင်း မမောင်းပါနှင့်။
– ကားဘရိတ်ကောင်းတိုင်း ဘရိတ်ကြမ်းကြမ်းနင်းပါက ချက်ချင်း ရပ်မသွားပါ။ မိုးရာသီတွင် Braking Distance ပိုပြီး လိုအပ်၍ မိမိရှေ့မှ ကားနှင့်အနည်းဆုံး ကားသုံးစီးစာ ခွာ၍ မောင်းပါ။
– Spare Tire ကို အသင့်အနေထားဖြစ်နေစေရန် အမြဲစစ်ဆေးထားပါ။
– တာယာဘီးများ လေပေါင်ကြာကြာခံရန် နိုက်ထရိုဂျင်ထိုးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here