မိုးတွင်းကာလ ကလေး-ကလေးဝခရီးသွားများ သတိပြု၍ သွားလာရန်လိုအပ်

158

 

ကလေး၊ ဇွန် ၁၂

ယခုမိုးတွင်းကာလတွင် ကလေး-ကလေးဝလမ်းပိုင်း၌ မိုးများသည့်ရက်များတွင် တောင်ပြိုမှုများဖြစ်ပေါ်နေသည့်အတွက် ခရီးသွားများအနေဖြင့် သတိပြု၍ သွားလာရန်လိုအပ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ကလည်း ညနေ ၆ နာရီကျော်လောက် ကလေးဝနဲ့ သစ်ချောက်ကြားမှာ ကျောက်တောင်ပြိုလို့ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးအပေါ် ပိကျတယ်၊ စီးလာတာကတော့ နှစ်ယောက်၊ နှစ်ယောက်မှာ ရှေ့ကမောင်းတဲ့သူက ဒဏ်ရာရတာ နည်းတယ်၊ နောက်ကစီးတဲ့သူက ဒဏ်ရာတော်တော်ပြင်းတာ၊ ပိကျတော့ စဖြစ်ဖြစ်ချင်း လမ်းကပိတ်သွားတယ်၊ လမ်းပိတ်တဲ့နေရာကို တာဝန်ရှိသူတွေစုပေါင်းပြီး အချိန်မီလမ်းပွင့်အောင် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ လူနာကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးဆီ သွားပို့နေဆဲလမ်းမှာပဲ အဲဒီအမျိုးသမီးက လမ်းမှာတင်ပဲ ဆုံးသွားတယ်၊ အထူးသဖြင့် ကလေးဝနဲ့ သစ်ချောက်ကြားက ဟိုးအရင်ကတည်းက ပြတ်ရွေ့ကြောရှိတဲ့အတွက် မိုးတွင်းကာလမှာ ကားနဲ့ပဲဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် ခရီးသွားတဲ့သူတိုင်း သတိပြုသွားစေချင်တယ်” ဟု ကလေးဝမြို့ခံတစ်ဦးက ပြောကြားသည်။

အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော ကလေး-ကလေးဝလမ်းပိုင်းရှိ သစ်ချောက်နှင့် ကလေးဝကြား သော့ကျင်တောင်အနီးတစ်ဝိုက်တွင် ယခင်က မြေများပြိုကျလေ့ရှိသော်လည်း ကျောက်တောင်များပြိုကျမှုမှာ နည်းပါးကြောင်း၊ ထို့ပြင် တောင်ပြိုမှုများဖြစ်ပေါ်လေ့ရှိသော်လည်း လူပေါ်ပိကျမှုမှာ ယခုဖြစ်စဉ်သည် ပထမဦးဆုံးဖြစ်ကြောင်း ကလေးဝမြို့ခံများထံမှ စုံစမ်းသိရသည်။

“မနေ့က ကျောက်တောင်ပြိုလို့ လူပေါ်ပိတာက ပထမဦးဆုံးလို့ပြောလို့ရတယ်၊ အရင်တုန်းက တောင်ပြိုတာတွေရှိပေမဲ့ ဆိုင်ကယ်တွေ၊ ကားတွေဖြတ်သွားနေတုန်းနဲ့ တိုက်ရိုက်ကြုံတာမရှိခဲ့ဘူး၊ နောက်ပိုင်း ဘယ်သူမဆို မိုးရွာနေရင် ကလေး-ကလေးဝခရီးသွားတွေအားလုံး သေချာကို ဂရုတစိုက်နဲ့သွားမှဖြစ်မယ်၊ ကျောက်တောင်ပြိုတာနဲ့ တိုက်ရိုက်ကြုံရင် ကားဆိုလည်း မလွယ်ဘူး၊ တောင်ပေါ်က လိမ့်ဆင်းလာတဲ့ ဝိတ်အားနဲ့ လူတွေတော်တော်ထိကုန်နိုင်တယ်လေ” ဟု ကလေး-ကလေးဝခရီးသွားတစ်ဦးက ဆိုသည်။

ကလေး-ကလေးဝလမ်းပိုင်းသည် မြစ်သာမြစ်ဘေးတစ်လျှောက် တောင်နံရံဘေး ကပ်ဖောက်ထားခြင်းဖြစ်ပြီး အထက်ချင်းတွင်းဒေသ၏ အဓိကကျသော လမ်းမကြီးလည်းဖြစ်သည်။ ယခုကာလတွင် လျှပ်စီးလက်၍ မိုးထစ်ချုန်းရွာနေပါက အနီးပတ်ဝန်းကျင်ရှိ လုံခြုံစိတ်ချရသည့် အဆောက်အအုံအတွင်းသို့ ချက်ချင်းဝင်ရောက်ရန်လိုအပ်ပြီး အကယ်၍ နီးစပ်ရာတွင် လုံခြုံစိတ်ချရသည့် အဆောက်အအုံမရှိပါက မြေပြင်ပေါ်သို့ လှဲချခြင်း၊ အပင်မြင့်အောက်တွင်နေခြင်း၊ မြင့်မားသော အဆောက်အအုံ၏ အုတ်နံရံကိုမှီခြင်း၊ ရေကူးကန်များနှင့် ရေကန်များအနီး နေထိုင်ခြင်းစသည်တို့မပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း တိုက်တွန်းထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here