မိုးကြိုးပစ်တဲ့အခါ အပိုင်း (၂)

445

ကောင်းကင်မြေစိုက်ကြိုးသည် မိုးကြိုးအန္တရာယ်မှ ကာကွယ်ရန်အတွက် အသုံး၀င်ရုံမျှမက၊ လျှပ်စစ်ဓာတ်လိုက်ခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်သည်။ အဆောက်အဦးများသို့ ဓာတ်အားသယ်ဆောင်သော၀ါယာများ သွယ်တန်းရာတွင် ယင်းကြိုးများကို သယ်မထားသော ၀န်ထမ်းကြိုး (Bearer Cable) ကို ကောင်းကင်မြေစိုက်ကြိုးနှင့် ဆက်သွယ်ပေးထားခြင်းဖြင့် အကယ်၍ ဓာတ်အားသယ်ဆောင်သော ၀ါယာကြိုးများပေါက်ပြဲချွတ်ယွင်းပြီး ၀န်ထမ်းကြိုးအတွင်းသို့ လျှပ်စစ်ဓာတ်အား ၀င်ရောက်စီးဆင်းလာမည်ဆိုပါက ပထ၀ီ မြေဓာတ်နှင့် တွေ့ထိပြီး ဒဏ်ခံကြိုးကို ပြတ်တောက်သွားစေမည်ဖြစ်သည်။

ပထ၀ီမြေဓာတ်ကို ကောင်းစွာရရှိနေသော ကောင်းကင်မြေစိုက်ကြိုးကို အဆောက်အဦးအတွင်းရှိ လျှပ်စစ်သုံးပစ္စည်းများ၊ လျှပ်စစ်မီတာ၊ လျှပ်စစ်မီတာအိမ် စသည်တို့နှင့် ဆက်သွယ်ပေးထားခြင်းအားဖြင့်လည်း အဆိုပါပစ္စည်းများအတွင်း၌ တစ်စုံတစ်ရာ ချွတ်ယွင်းမှုဖြစ်ပြီး ပစ္စည်း၏ ကိုယ်ထည်အတွင်းသို့ လျှပ်စစ်ဓာတ်အား စီးဆင်း၀င်ရောက်ခဲ့ပါက ပထ၀ီမြေဓာတ် နှင့် ထိတွေ့ပြီး ဒဏ်ခံကြိုးအား ပြတ်တောက်သွားစေမည်ဖြစ်သည်။

 

မိုးကြိုးလွှဲ တပ်ဆင်ခြင်း

လျှပ်စစ်ဓာတ်အား လိုင်းကြိုးကြီးများအတွင်းသို့ မိုးကြိုးကြောင့်ဖြစ်ပေါ်လာသည့် အလွန်မြင့်မားသော လျှပ်စစ်ဖိအား ၀င်ရောက်လာသောအခါ အဆိုပါ လျှပ်စစ်ဖိအားကို ပထ၀ီမြေကြီးအတွင်းသို့ လွယ်ကူလျင်မြန်စွာ စီးဆင်း၀င်ရောက်သွားစေရေးအတွက် လမ်းကြောင်းလွှဲပြောင်းပေးသည့်ပစ္စည်းကို မိုးကြိုးလွှဲ (Lightning Arrester) ဟုခေါ်သည်။ မိုးကြိုးလွှဲသည် ဓာတ်အားလိုင်းကြိုးများအတွင်း၌ ပုံမှန်ပို့လွှတ်ထားသော လျှပ်စစ်ဖိအားကို ပထ၀ီမြေကြီးအတွင်းသို့ စီးဆင်း၀င်ရောက်သွားခြင်းအား ခွင့်မပြုဘဲ၊ မိုးကြိုးကြောင့်ဖြစ်ပေါ်သည့် အန္တရာယ်ကြီးမားသော လျှပ်စစ်ဖိအားများကိုသာ မြေကြီးအတွင်းသို့ စီးဆင်းသွားစေရန် လုပ်ဆောင်ပေးသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနေဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးရာ၌ မိုးကြိုးကြောင့် ဖြစ်ပေါ်လာနိုင်သော လျှပ်စစ်အန္တရာယ်မှ ကာကွယ်နိုင်ရန် အလို့ငှာ မိုးကြိုးလွှဲများကို အောက်ပါအတိုင်း တပ်ဆင်ထားကြရမည်ဖြစ်သည်။

 

(က) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၂၃၀/၄၀၀ ဗို့ဖြစ်ပြီး ထိုဗို့အား အဆင့်ဖြင့်ပင် ပေးပို့ဖြန့်ဖြူးပါက စက်ရုံမှထွက်သည့် ဖီဒါလိုင်း အသီးသီးအပေါ်တွင် အနိမ့်စားဖိအား မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

(ခ) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၂၃၀/၄၀၀ ဗို့ ဖြစ်သော်လည်း စက်ရုံမှထွက်လျှင်ထွက်ချင်း ဗို့အားမြင့် ထရန်စဖော်မာကို အသုံးပြု၍ ၆၆၀၀ ဗို့၊ ၁၁၀၀၀ ဗို့၊ ၆၆၀၀၀ ဗို့ စသည် ဖြင့် ဗို့အားမြှင့်ပြီးမှ ပေးပို့ဖြန့်ဖြူးပါက စက်ရုံရှိဗို့အားမြှင့် ထရန်စဖော်မာအတွက် ဖီဒါလိုင်းအသီးသီးပေါ်တွင် အမြင့်စားဖိအားမိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

(ဂ) လျှပ်စစ်ဓာတ်အားစက်ရုံက ထုတ်လုပ်သော လျှပ်စစ်ဖိအားသည် ၁၁၀၀၀ ဗို့ကဲ့ သို့သော ဗို့အားမြင့်လျှပ်စစ်ဖြစ်ပြီး ထုတ်လုပ်အားအတိုင်း တိုက်ရိုက်ပို့လွှတ်သည်ဖြစ်စေ၊ ဗို့အားမြှင့်ထရန်စဖော်မာကို အသုံးပြု၍ ထပ်မံဗို့အားမြှင့်ပြီးမှ ပို့လွှတ်သည်ဖြစ်စေ၊ စက်ရုံမှထုတ်သော ဖီဒါလိုင်းအသီးသီးပေါ် တွင် အမြင့်စားဖိအား မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

(ဃ) ကောင်းကင်ဓာတ်အားလိုင်းကြိုးကြီးများသည် အလွန်ရှည်လျားပြီး လူနေအိမ်ခြေ၊ အဆောက်အဦးများနှင့် ေ၀းကွာသော ကွင်းပြင်များကို ဖြတ်ကျော်တည်ဆောက်ထားခြင်းမျိုးဖြစ်ပါက ဓာတ်အားလိုင်း မျှော်စင်ကြီးများနှင့် ဓာတ်တိုင်များအပေါ်တွင် မိုးကြိုးလွှဲများကို တပ်ဆင်ပေးထားရမည် ဖြစ်သည်။

(င) ဗို့အားနှိမ့် ထရန်စဖော်မာများ တပ်ဆင်ထားသည့် နေရာများ၌မူ လျှပ်စစ်ဓာတ်အား အ၀င်ဘက်ရှိ ဗို့အားမြင့်လိုင်းပေါ်တွင် မိုးကြိုးလွှဲကို တပ်ဆင်ရမည်ဖြစ်သည်။

သိပ္ပံစာရေးဆရာကိုကိုအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here