ရန်ကုန်၊ မတ်
မိုဒယ်နိမ့်ကားဟောင်းများ နယ်ဝင်လိပ်စာ ပြောင်းလာနိုင်ခြင်းကြောင့် YVQC စနစ်တွင် နယ်ဝင်မည့် ကားများကို ရန်ကုန်လိုင်စင်ခွင့်ပြုရာ၌ Brand New ကားများကိုသာ ခွဲတမ်းတစ်ခုဖြင့် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ရန်ကုန်လိုင်စင်မော်တော်ယာဉ်တင်သွင်းခွင့်ကြီးကြပ်ထုတ်ပေးရေးအဖွဲ့မှ သိရသည်။
YVQC စနစ်အတွက် Final Draft ရေးဆွဲထားရာတွင် နယ်ဝင်လိပ်စာပြောင်းမည့် ကားများကို ယခုနှစ်အတွင်း ခွင့်ပြုပေးမည်မဟုတ်ကြောင်း ထည့်သွင်းရေးဆွဲထားသည်။ ထိုသို့ ရေးဆွဲထားခြင်းသည် နယ်များမှ မိုဒယ်နိမ့် ကားဟောင်းများမှာ YVQC စနစ်ဖြင့် ရန်ကုန်လိပ်စာ ပြောင်းလဲနိုင်ခြင်းကြောင့် Brand New ကားများကိုသာ ခွဲတမ်းတစ်ခုဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
” YVQC စနစ်နဲ့ ရန်ကုန်လိပ်စာပြောင်းချင်တဲ့ ကားတွေကို ခွင့်ပြုလိုက်ရင် ထိန်းမရဘဲ နယ်ဘက်တွေက မိုဒယ်နိမ့်ကားတွေ ရန်ကုန်ဝင်လာနိုင်တဲ့အတွက် လတ်တလောမှာ ခွင့်ပြုပေးဖို့ မရှိပါဘူး၊ ရန်ကုန်လိပ်စာ ပြောင်းချင်တဲ့ ကားတွေကို YVQC စနစ်နဲ့ ခွင့်ပြုခဲ့ရင်တောင် Brand New ကားတွေနဲ့ ရန်ကုန်မှာအလုပ်လုပ်ပြီး ရန်ကုန်သန်းခေါင်စာရင်းဝင် ဖြစ်တဲ့သူတွေ ပိုင်ဆိုင်တဲ့ ကားတွေအတွက်ပဲ စဉ်းစားပေးဖို့ ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်လိပ်စာပြောင်းမည့် နယ်လိုင်စင်ကားများကို ယခုနှစ်အတွင်း YVQC စနစ်ဖြင့် လိပ်စာပြောင်းခွင့် ပြုပေးဖွယ်မရှိဘဲ လာမည့်နှစ်မှသာ အင်ဂျင်ပါဝါအပေါ်မူတည်၍ အခွန်ကောက်ခံပြီး ခွင့်ပြုပေးရန် စီစဉ်ထား ကြောင်း သိရသည်။
ဆန်းသစ်အောင်