သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ မှ ဇိမ်ခံကားများ ပြုပြင်သူတစ်ဦးသည် ၎င်း၏ မိတ်ဆွေအရင်းအချာ အပ်နှံထားသည့် တန်ဖိုးကြီး ခေတ်ဟောင်း Ferrari ကားကြီးအား ပိုင်ရှင်မရှိခိုက် ရောင်းချမိသည်ဟု ဝန်ခံလိုက် ကြောင်း Daily Mail သတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။
အသက် ၄၈ နှစ်ရှိ Sandro Terzini ဆိုသူသည် အနှစ် နှစ်ဆယ်ကြာ ခင်မင်ရင်းနှီးခဲ့သောမိတ်ဆွေအား အသိမပေးဘဲ ၎င်း၏ ၁၉၇ဝ မိုဒယ် Ferrari Daytona Coupe ကားကြီးအား ၂ဝ၁၃ ခုနှစ်က ခိုးရောင်းခဲ့ခြင်း ဖြစ်သည်။ Terzini သည် ၎င်း၏ Terzini လုပ်ငန်းတွင် ပြိုင်ကားများကို ပြုပြင်မွမ်းမံပေးခြင်းနှင့် ရောင်း ဝယ်ခြင်းများ လုပ်ကိုင်နေသူဖြစ်ပြီး Terzini ၏ မိတ်ဆွေ ကားပိုင်ရှင်က ၎င်း၏ ကားကြီးအား သိမ်းဆည်းထားရန် အပ်နှံခဲ့စဉ် ကားပိုင်ရှင် ပြည်ပသို့ ရောက်ရှိနေခိုက် ပိုင်ရှင်အား အသိမပေးဘဲ အဆိုပါ Ferrari ကားကြီးအား ဒေါ်လာ လေးသိန်းခွဲဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။ ကားအာမခံကြေး ပေးဆောင်နေဆဲ ကားပိုင်ရှင်သည် ၁၆ လ ကြာမှ ၎င်း၏ကားခိုးရောင်းခံရခြင်းကို သိခဲ့ရသည်။ ကားပိုင်ရှင်သည် Ferrari Daytona Coupe ကားကြီးကို ဗြိတိန်မှ ပေါင်တစ်သိန်းခွဲဖြင့် ဝယ်ယူခဲ့ပြီး နောက်ယခင်ကားများ ဝယ်ယူခဲ့စဉ်ကအတိုင်း Terzini ထံတွင် အပ်ထားခဲ့ကြောင်း၊ လေးနှစ်အကြာတွင် Terzini အား ဝယ်လက် ရှာခိုင်းဖူးကြောင်း၊ မကြာမီက ကားပိုင်ရှင် စိတ်ပြောင်းသွားပြီး ၎င်းကားကို မရောင်းလိုတော့ဟု အကြောင်းကြားခဲ့သော်လည်း ပိုင်ရှင်ထံခွင့်ပြုချက် မတောင်းခံဘဲ ထိုကားကြီးကို Terzini က ဒေါ်လာ လေးသိန်းခွဲဖြင့် ရောင်းလိုက်ပြီး ဒေါ်လာလေးသိန်းအား ၎င်း၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲ ထည့်ထားခဲ့ကြောင်း သိရသည်။ အဆိုပါကားကြီးသည် ပိုင်ရှင်လေးဦးလက်ထဲ အဆင့်ဆင့်ကူးပြောင်းခဲ့ပြီး ယခုအခါ ဗြိတိန်သို့ ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း သိရကာ Terzini အနေဖြင့် မိတ်ဆွေဖြစ်သူကို အသိမပေးဘဲ ရောင်းချခဲ့သဖြင့် ပြစ်မှုကျူးလွန်သည်မှာ ထင်ရှားကြောင်း ရှေ့နေ Jonathan Manning က ဆိုသည်။
တရားခံ၏ရှေ့နေဖြစ်သူ Samuel Tovey က ၎င်း၏ အမှုသည်မှာ ဘဝအခြေအနေ နိမ့်ပါးနေပြီး ကြွေးမြီး ထူပြောမှု၊ အိမ်ထောင်ရေးပြိုကွဲမှုနှင့် ကိုကင်း အလွန်အကျွံသုံးစွဲမှုများ ရှိနေကြောင်း၊ လောဘဇော သက်သက်ဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းမဟုတ်ကြောင်း ခုခံထွက် ဆိုခဲ့သော်လည်း တရားသူကြီး Rachelle Lewitan ကမူ ယင်းအမှုမှာ ယုံကြည်မှုကို အလွဲသုံးစားလုပ်သည့် ပြစ်မှုသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ Terzini ၏ စီးပွားရေးလုပ်ငန်းမှာ ၂ဝ၁၅ ခုနှစ်၊ မေ ၅ ရက်ကတည်းက ဒေဝါလီခံခဲ့ရပြီးနောက် ၎င်းပိုင်ဆိုင်သည့် အိပ်ခန်း ခြောက်ခန်းနှင့် ကားရှစ်စီးဆံ့ ဂိုဒေါင်ပါ Red Hill ဒေသရှိ အိမ်ကြီးအား ရောင်းထုတ်ခဲ့ရသည်။ Terzini ကို ပြစ်ဒဏ် ချမှတ်မည့်နေ့ရက်အား တရားရုံးက ဆုံးဖြတ်သွားမည်ဖြစ်သည်။
Ref: Daily Mail