ဒူဘိုင်းအခြေစိုက် စူပါကားထုတ်လုပ်ရေးကုမ္ပဏီသစ် W Motors ဟာ ၂ဝ၁၂ ခုနှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံးထုတ်လုပ်မှုမိုဒယ် ဒီဇိုင်းဆန်း Lykan HyperSport စူပါပြိုင်ကားနဲ့ ကမ္ဘာ့ကားလောကတစ်ခုလုံးကို အံ့သြတကြီးဖြစ်စေခဲ့ဖူးပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ဒုတိယမြောက် စူပါပြိုင်ကား Fenyr SuperSport ရဲ့ Concept မိုဒယ် ကို ပထမဆုံးအကြိမ် ပွဲထုတ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှာတော့ ဒူဘိုင်းက W Motors ဆိုင်ဖွင့်ပွဲနဲ့ အတူ အပြောင်းအလဲများစွာနဲ့ Fenyr Super Sport ရဲ့ ထုတ်လုပ်မှုဗားရှင်းကိုပါ ပွဲထုတ်ပြသခဲ့ပါတယ်။ ဒါ့ပြင် W Motors Fenyr Super Sport ပြိုင်ကား မိုဒယ်သစ်ကို ၂ဝ၁၈ ခုနှစ်ရဲ့ ဂျီနီဗာကားပြပွဲကြီးမှာလည်း ထုတ်လုပ်မှုမိုဒယ်အဖြစ် တရားဝင်ပွဲထုတ်ခဲ့ပါတယ်။ Fenyr ဆို တဲ့အမည်ဟာ ဒ@ာရီလာ မိစ္ဆာဝံပုလွေကြီး Fenrir ကို အစွဲပြုမှည့်ခေါ်ထားတာပါ။ အရင် မိုဒယ်နဲ့ ဒီဇိုင်းပုံစံကွဲပြားပြီး စွမ်းအားလည်း ပိုပြည့်ဝတဲ့ ၂ဝ၁၈ မိုဒယ် W Motors Fenyr SuperSport ပြိုင်ကားသစ်ရဲ့ စျေးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅ သန်းနဲ့ အထက် ဖြစ်တာကြောင့် အရင်က Lykan Hyper Sport မိုဒယ်ထက်စာရင် အတော်လေး စျေးပိုသက်သာပါတယ်။ Lykan မိုဒယ်တုန်းက ခုနစ်စီးပဲ ထုတ်လုပ်ခဲ့ပေမဲ့ အခုကားသစ်ကိုတော့ တစ်နှစ်မှာ ၂၅ စီး ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာကြောင့် Fenyr SuperSport ပြိုင်ကားသစ်ဟာ W Motors အတွက်တော့ ပထမဆုံးအကြိမ် အရေအတွက် များများထုတ်လုပ်မယ့် မိုဒယ်အဖြစ် ခြေလှမ်းကြီးတစ်ခု စလှမ်းလိုက်တာပါပဲ။ ဒါ့ပြင် SuperSport ရဲ့ အောင်မြင်မှု အတိုင်းအတာဟာ ကုမ္ပဏီရဲ့ ရှေ့ဆက်မယ့်အနာဂတ်ကိုလည်း ပုံဖော်ပေးသွားမှာဖြစ်ပါတယ်။
Concept ကားတုန်းကနဲ့မတူဘဲ အပြောင်းအလဲများများ မွမ်းမံထားတဲ့ ထုတ်လုပ်မှုမိုဒယ်စူပါပြိုင်ကားသစ် Fenyr SuperSport ရဲ့ ကိုယ်ထည်ကို ကျည်ကာကားတစ်စီးလို အလွှာအထပ်ထပ် မျက်နှာပြင်ဒီဇိုင်းအဖြစ် ဖန်တီးတည်ဆောက်ထားပါတယ်။ ပေါ့ပါးကြံ့ခိုင်တဲ့ အလူမီနီယမ် အောက်ခံထည်ကို အသုံးပြုထားပြီး ကားကိုယ်ထည်တစ်ခုလုံးကို ကာဗွန်ဖိုင်ဘာသားတွေနဲ့ ဖန်တီးထားတာကြောင့် ကားဟာ အတော်လေး ပေါ့ပါးပါတယ်။ ဒါ့ပြင် စွမ်းဆောင်ရည်ကောင်းမွန်စေဖို့ ကားကိုယ်ထည်တစ်ခုလုံးကို အချိုးအစားညီမျှပြီး လေခွင်းအားကောင်းကောင်းရရှိအောင်လည်း အထူးမွမ်းမံထားပါတယ်။ ကားရဲ့ရှေ့မျက်နှာစာဟာ LED ကားရှေ့မီး ဒီဇိုင်းဆန်း၊ အရွယ်အစားကြီးမားတဲ့ လေစုပ်ပေါက်တွေ၊ လေစီးဆင်းမှု ချောမွေ့ကောင်းမွန်လှတဲ့ ဒီဇိုင်းဆန်း ကားရှေ့စက်ဖုံးနဲ့ ဘေးဘက်မှာ သိသိသာသာ ငေါ်ထွက်နေတဲ့ Side Skirt တွေကြောင့် ခံ့ညားလှပနေပါတယ်။ ဘေးဘက်က ခပ်ဆန်းဆန်း လေစုပ်ပေါက်တွေဟာ ပြေလျှောလျှောကားခေါင်မိုးဆီအထိ ဆန့်ထွက်နေပြီး Fenyr SuperSport ကို တောင်ပံမဲ့ တိုက်လေယာဉ် အသေးစားလေးနဲ့တောင် ဆင်တူသွားစေပါတယ်။ ကားအနောက်ဘက်မှာ အရွယ်အစားကြီးမားတဲ့ Diffuser ၊ ရှည်သွယ်တဲ့ကားနောက်မီးတွေနဲ့ အတော်လေးဆန်းပြားသစ်လွင်တဲ့ ကားအနောက်ဘက်လေပင့်အားထိန်းတောင်ပံတို့ ပါဝင်ပါတယ်။ အဲဒီလေပင့်အားထိန်းတောင်ပံကြီးမှာ အနောက်မျက်နှာစာအကျယ်အတိုင်းဖန်တီးထားတဲ့ အရွယ်အစားကြီးကြီး သမားရိုးကျဆန်ဆန် တောင်ပံတစ်ခုတင်မကဘဲ ကားနောက်ဘီးခုံးတွေမှာ ခပ်မြင့်မြင့်တပ်ဆင်ထားတဲ့ လေပင့်အားထိန်းတောင်ပံ အပိုတစ်စုံလည်းပါဝင်ပါတယ်။ ခေတ်သစ် စူပါပြိုင်ကား အတော်များများလိုပဲ ဒီကားမှာ လေပင့်အားထိန်း တောင်ပံအရှင် ပါဝင်ပြီး SuperSport ရဲ့ Triptych လို့ အမည်ပေးထားတဲ့ အဲဒီလေပင့်အားထိန်းတောင်ပံကို အပိုင်းသုံးပိုင်းခွဲခြားကာ Electro-Mechanical စနစ်ကို အသုံးပြုထားပါတယ်။ ဘေးဘက်က လေခွင်းသတ္တုပြားတွေဟာ တစ်နာရီ မိုင်ငါးဆယ်နှုန်းမှာ အလိုအလျောက် ဖြန့်ကားသွားမှာဖြစ်ပြီး အဓိကအလယ်ပိုင်းကတော့ တစ်နာရီ ၇၅ မိုင်နှုန်း မှာ စတင်သက်ဝင်လှုပ်ရှားမှာပါ။ ကားဘရိတ်အုပ်လိုက်ပြီဆိုရင်တော့ သုံးခုတွဲ လေပင့်အားထိန်းတောင်ပံဟာ ကားကိုယ်ထည်ဆီ သေသေသပ်သပ် ပြန်ခေါက်သွားမှာ ဖြစ်ပါတယ်။ ကားတံခါးတွေကိုတော့ Lykan မိုဒယ်လို ခပ်ဆန်းဆန်းမဟုတ်ဘဲ သမားရိုးကျပုံစံ Suicide Door ဒီဇိုင်းကိုပဲ အသုံးပြုထားပါတယ်။
အရင်ထက် ပိုထူးခြားလှပတဲ့ Fenyr SuperSport ပြိုင်ကားသစ်မှာ အထူးဖန်တီးထားတဲ့ 3.0 Liter Twin-Turbocharged Flat-6 အင်ဂျင်ကို တပ်ဆင်ထားပြီး မြင်းကောင်ရေရှစ်ရာအားအထိ ထုတ်လုပ်ပေးနိုင်တာကြောင့် Lykan မိုဒယ်ထက် စွမ်းအားပိုပြည့်ဝပါတယ်။ အင်ဂျင်ကထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Dual-Clutch ဂီယာ ခုနစ်ချက်ကနေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၂၄၅ မိုင်နှုန်းဖြစ်ပြီး အချိန် ၂ ဒသမ ၇ စက္ကန့်အတွင်း သုညမိုင်ကနေ တစ်နာရီ မိုင် ခြောက်ဆယ် နှုန်းရောက်အောင် အရှိန်မြှင့်တင်မောင်းနှင်နိုင်ပါတယ်။ နှစ်ယောက်စီး ကားအတွင်းခန်းကို ကာဗွန်ဖိုင်ဘာသား၊ Alcantara တိုနဲ့ အဆင့်မြင့်လှပစွာ ဖန်တီးထားပြီး ခေတ်သစ်နည်းပညာတွေလည်း ထည့်သွင်းထားပါတယ်။