မသိမသာမျှသာ ပြောင်းလဲသွားသည့် အခွန်အကောက်ဥပဒေကြောင့် အတက်/အကျမရှိဘဲ ငြိမ်သက်နေဦးမည့် ကားစျေးကွက်

1342

ပြီးခဲ့သည့် မတ် ၂ဝ ရက်က ပြည်ထောင်စုလွှတ်တော်တွင် လာမည့် ဘတ်ဂျက်နှစ်အတွက် အခွန်အကောက်ဥပဒေကို အတည်ပြုခဲ့ရာ အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီကြား လူစီးကားများကို အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံတော့မည် ဖြစ်သည်။ အထူးကုန်စည်ခွန်ကောက်ခံရာတွင် လုပ်ငန်းသုံးယာဉ်များနှင့် Double Cab 4 Doors Pick-up များမှလွဲပြီး  ဗန်ကားများ၊ ဆလွန်း၊ ဆီဒန်၊ ဝက်ဂန်(Estate Wagon) ကားများ၊ ကူပေး(Coupe) စသည့် လူစီးကားများမှ ၂ဝဝဝ စီစီအထက်ကားများကို လက်ရှိအတိုင်းကောက်ခံမည်ဖြစ်ပြီး ၁၅ဝ၁ စီစီနှင့် ၂ဝဝဝ စီစီကြားကားများကိုသာ ရာခိုင်နှုန်းတစ်ဝက်လျှော့လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ မော်တော်ယာဉ်များကို အထူးကုန်စည်ခွန်စည်းကြပ်ရာတွင် ဧပြီ ၁ ရက်မှစ၍ ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအတွင်းကားများကို ၁ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီအတွင်း ကားများကို ၃ဝ ရာခိုင်နှုန်းနှင့် ၄ဝဝဝ စီစီအထက်ကားများကို ၅ဝ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ ကားစျေးများကျဆင်းရန်အတွက် အများမျှော်လင့်ထားသည့်အတိုင်း ဝင်ငွေခွန်များကိုမူ ဥပဒေကြမ်းတွင်ပါရှိ သည့်အတိုင်းဖြစ်မလာဘဲ လက်ရှိ ဘတ်ဂျက်နှစ်အတိုင်းသာ ကောက်ခံမည် ဖြစ်ရာ ကျပ်သိန်းသုံးရာအောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃ဝ၁ သိန်းမှ ကျပ်သိန်းတစ်ထောင်အထိကို ၂ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အထက်ကို ၃ဝ ရာခိုင်နှုန်း ဆက်လက်ကောက်ခံမည် ဖြစ်သည်။

”ပြည်ထောင်စုလွှတ်တော်မှာ ဧပြီ ၁ ရက်ကနေစပြီး ကျင့်သုံးမယ့် အခွန်အကောက်ဥပဒေကို လွှတ်တော်ကိုယ်စားလှယ်တွေ မဲခွဲပြီး အပိုဒ်လိုက် အတည်ပြုဆုံးဖြတ်ခဲ့ရာမှာ အများမျှော်လင့်ထားတဲ့အတိုင်း ဝင်ငွေခွန်ကောက်ခံတဲ့နှုန်းထားတွေက ၃ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းကြား ဖြစ်မလာဘဲ လက်ရှိ ဘတ်ဂျက်နှစ်အတိုင်း ၁၅ ရာခိုင်နှုန်းကြား ဆက်ပြီးကောက်ခံဦးမှာဖြစ်ပါတယ်၊ အထူးကုန်စည်ခွန်ကတော့ ၁၅ဝ၁ စီစီကနေ ၂ဝဝဝ စီစီအထိကို ၁ဝ ရာခိုင်နှုန်း ဖြစ်သွားပါတယ်၊ ဒါကြောင့် ကားစျေးကွက်ကတော့ ကြီးကြီးမားမား ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ ကားစျေးကွက်အခြေအနေက အခွန်ပြောင်းလဲမှုအပေါ် မူတည်သလို ရန်ကုန်လိုင်စင် ပြန်ဖွင့်ပေးမယ့်ကိစ္စအပေါ်လည်း မူတည်ပါတယ်၊ ရန်ကုန်လိုင်စင်ပြန်ထုတ်ပေးဖို့ကိစ္စက ဆွေးနွေးနေဆဲဖြစ်လို့ ဇွန်၊ ဇူလိုင်လလောက်မှ ထွက်လာဖို့ရှိပါတယ်၊ ရန်ကုန်လိုင်စင် ခွင့်ပြုပေးဖို့ကိစ္စ ထွက်လာမှသာ ကားအရောင်းအဝယ်တွေ ပြန်ကောင်းလာဖို့ရှိပါတယ်၊ အခွန်သက်သာခွင့်ကို ရွှေ့ဆိုင်းပြီး လက်ရှိအတိုင်း ဆက်လက်ကောက်ခံမှာ ဖြစ်တဲ့အတွက် နိုင်ငံရဲ့စီးပွား အခြေအနေက ဒီထက်ပိုပြီး ကျဆင်းလာနိုင်ပါတယ်၊ ဘဏ်တိုးနှုန်းတွေ၊ အခွန်အခတွေ လျှော့ချလိုက်ရင်တော့ တုံ့ဆိုင်းနေတဲ့ စီးပွားရေးအခြေအနေ က ပြန်ကောင်းလာနိုင်ပါတယ်”ဟု ‘မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ် ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း’ ဥက္ကဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

အခွန်အကောက်ဥပဒေအပြောင်းအလဲအရ ၁၅ဝ၁ စီစီနှင့် ၂ဝဝဝ စီစီ ကြားကားများသာ အထူးကုန်စည်ခွန် သက်သာခွင့်ရသွား၍ ကားစျေးကွက်က သိသိသာသာ ပြောင်းသွားမည် မဟုတ်ပေ။ လက်ရှိနှစ်၏ ကားတင်သွင်းခွင့်မိုဒယ်သတ်မှတ်ချက်အရလည်း ဘယ်မောင်းကားသစ်များသာ တင်သွင်းခွင့်ရသောကြောင့် ကားတန်ဖိုးနှင့် အခွန်ပေးဆောင်ရသည့် နှုန်းထားများ များပြားနေရာ မြန်မာပြည်ကားစျေးကွက်နှင့် ကိုက်ညီမှု မရှိသေးပေ။ ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့် တင်သွင်းထားသည့် Toyota Premio ၊ Toyota Allion စသည့်ကားများကိုလည်း စျေးကွက်အခြေအနေအပေါ်မူတည်ပြီး ထိန်းရောင်းကြတော့မည်ဖြစ်၍ ကားစျေးများက ကျဆင်းသွားမည် မဟုတ်ပေ။

”အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီနဲ့ ၂ဝဝဝ စီစီကြား လူစီးကားတွေ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်း လျှော့ချလိုက်တာကို တချို့က ဝင်ငွေခွန် လျှော့ချလိုက်တယ်လို့ ထင်နေကြတယ်၊ အထူးကုန်စည်ခွန် ၁ဝ ရာခိုင် နှုန်း လျှော့လိုက်တဲ့အတွက် Toyota Allion ဆို ၁ဝ သိန်းဝန်းကျင်လောက် လျော့သွားပေမဲ့ အများကြီးအကျိုးသက်ရောက်မှုတော့မရှိဘူး၊ ယန်းစျေး၊ ဒေါ်လာစျေး၊ စလစ်စျေးနဲ့ မူဝါဒအပြောင်းအလဲအပေါ်မူတည်ပြီး ကားစျေး က အတက်/အကျဖြစ်တာပါ၊ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်း လျှော့လိုက်ပေမဲ့ ကားစျေးက အများကြီးကျဖို့ မရှိပါဘူး၊ ညာမောင်းကား တင်သွင်းလို့မရတဲ့အခါမှာ ရှိပြီးသားကားတွေက အထူးကုန်စည်ခွန်လျော့တာ နဲ့ ဘယ်သူမှ စျေးတွေချရောင်းမှာ မဟုတ်ဘူး၊ အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီ ကနေ ၂ဝဝဝ စီစီအထိကားတွေကို အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်း ကောက်တဲ့အပေါ်မှာ ၁၃ဝဝ စီစီ ကားတွေကို အကျိုးသက်ရောက်မှု မရှိပါဘူး၊ ၁၃ဝဝ စီစီ ကားတစ်စီးကို ကျပ်သိန်းသုံးရာအောက်မှာ ရောင်းလို့ရပေမဲ့ ၁၈ဝဝ စီစီ၊ ၂ဝဝဝ စီစီ ကားတွေကတော့ အနည်းဆုံးသိန်းလေးရာ အထက်မှာပဲ ရှိပါတယ်၊ အနီးကပ်ဆုံး ရောင်းလို့ရတဲ့ ၁၅ဝဝ စီစီ Axio လို ကားမျိုးတောင် သိန်း ၃၄ဝ ဝန်းကျင် ပေါက်စျေးရှိတဲ့အတွက် ၁၃ဝဝ စီစီ ကားတွေရဲ့ စျေးကွက်က ထူးခြားမှု မရှိပါဘူး”ဟု ‘MMM ကား အရောင်းစင်တာ’ မန်နေဂျင်း ဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

အင်ဂျင်ပါဝါ ၁၅ဝ၁ စီစီနှင့် ၂ဝဝဝ စီစီကြား ကားများထဲတွင် ဥရောပ မှ တင်သွင်း၍ရသည့် Volkswagen New Bettle ၊ Volkswagen Passat ၊ Mazda 6 ၊ Peugeot 5008 ၊ Peugeot 508 စသည့် ကားများရှိသော်လည်း မူရင်းကားတန်ဖိုးမြင့်မားခြင်းနှင့် Invoice အပေါ် ပေးဆောင်ရသည့်အခွန် မြင့်မားသောကြောင့် ယင်းကားများတင်သွင်းရန်မှာလည်း မလွယ်ကူပေ။

”ဒီနှစ်မှာ ပြည်ပကနေ ကားတင်သွင်းမယ်ဆိုရင် ၂ဝ၁၄ မိုဒယ်နဲ့ အထက် ဘယ်မောင်းကားပဲ တင်သွင်းရမှာဖြစ်လို့ ကားကောင်းတွေကို လိုချင်တယ်ဆိုရင် အမေရိကန်နဲ့ ဥရောပဘက်က ကားတွေကို ရွေးချယ်ရမှာ ဖြစ်ပါတယ်၊ ဒီကားတွေက သိန်းငါးရာကနေ သိန်းသုံးထောင်အထိ တန်ဖိုးရှိပါတယ်၊ ၁၅ဝ၁ စီစီကနေ ၂ဝဝဝ စီစီကြား ကားတွေကို အထူးကုန်စည်ခွန် လျှော့ပေးလိုက်တဲ့အတွက် ဒီအင်ဂျင်ပါဝါအတွင်းမှာရှိတဲ့ ကားတွေကတော့ အခွန်လျော့သွားမှာ ဖြစ်ပါတယ်၊ ဒေါ်လာတစ်သောင်းခွဲ တန်ကားဆိုရင် ၃၃ သိန်းလောက် စျေးသက်သာမယ်၊ ဒေါ်လာသုံးသောင်းတန်ကားဆိုရင် ၆၅ သိန်းလောက် စျေးသက်သာသွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် အသစ်တင်သွင်းမယ့်ကားတွေအပေါ်မှာပဲ လှုပ်ခတ်မှုရှိမှာပါ၊ ကားစျေးအတက်၊ အကျက အခွန်ကုန်စည်ခွန်တစ်ခုတည်းအပေါ်မှာ မူမတည်ဘဲ တင်သွင်းခွင့်ရမယ့်မူဝါဒ၊ အခွန်အတက်/အကျနဲ့ ပေါ်လစီအပြောင်းအလဲပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်”ဟု ‘Distinct Trading’ မန်နေဂျင်းဒါရိုက်တာ ကိုထွဋ်ထိပ်က ဆိုသည်။

တင်သွင်းရန် မိုဒယ်မြင့်မားခြင်း၊ တင်သွင်းရန် ကားရှားပါးခြင်း၊ အခွန်နှုန်းထားများ မြင့်မားစွာပေးဆောင်နေရခြင်းတို့ကြောင့် ကားစျေးကွက်အခြေအနေမှာ နှစ်မကုန်မီအထိ ဂျပန်ညာမောင်းကားများသာ ဦးဆောင်နေဦးမည်ဖြစ်သည်။ လက်ရှိအချိန်တွင်လည်း ကျပ်သိန်းနှစ်ရာ အောက် ၁၃ဝဝ စီစီကားများသာ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဝင်ငွေခွန်များ ပြောင်းလဲမှုမရှိ၍ ထိုကားများ၏ စျေးမှာလည်း ကျဆင်းနိုင်စရာ မရှိပေ။

”၁၃ဝဝ စီစီကားတွေကတော့ အစကတည်းက အခွန်ကင်းလွတ်ခွင့်ရထားတဲ့အတွက် စျေးကွက်ပြောင်းလဲမှုရှိလာနိုင်မှာမဟုတ်ဘူး၊ ဘယ်မောင်းကားတွေကလည်း တင်သွင်းတဲ့ အရေအတွက်နည်းတဲ့အတွက် အထူးကုန်စည်ခွန် လျှော့ချပေးလိုက်ပေမဲ့ ကားစျေးကွက်က ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာဖို့မရှိပါဘူး”ဟု ‘Bagan Automotive ကားအရောင်းစင်တာ’ မန်နေဂျင်းဒါရိုက်တာ ကိုရန်မျိုးအောင်က ဆိုသည်။

Brand New ကားများနှင့် အမြင့်ကားများ၏ စျေးကွက်အခြေအနေသည်လည်း ရန်ကုန်လိုင်စင် ပြန်ထုတ်ပေးမည့်ကိစ္စနှင့် သက်ဆိုင်နေရာ စျေးကွက်အခြေအနေက အေးစက်နေဦးမည် ဖြစ်သည်။ YVQC စနစ်ကို ဖော်ဆောင်ရန်အတွက် ဆွေးနွေးနေဆဲသာဖြစ်ရာ မူဝါဒများထွက်ပေါ်လာရန် အနည်းဆုံး သုံးလ၊ လေးလကြာမြင့်ဦးမည် ဖြစ်သည်။ ထူးခြားစွာ ပြောင်းလဲမှုမရှိသည့် အခွန်အကောက်ဥပဒေကြောင့် ကားစျေးများက မြင့်တက်နိုင်ဖွယ်မရှိသလို ကျဆင်းရန်အကြောင်းလည်း မရှိတော့ပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here