မန်းစည်ပင်တွင် အမှိုက်သိမ်းသုံးဘီးယာဉ်မောင်း တာ၀န်ထမ်းဆောင်သူ အမျိုးသမီး ၂၅ ဦးအထိရှိလာ

169

 

မန္တ​လေး၊ စက်တင်ဘာ ၂၃

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် အမှိုက်သိမ်း အမျိုးသမီးသုံးဘီးယာဉ်မောင်းများကို ယခုနှစ် မတ်လမှ စတင်ခန့်အပ်ခဲ့ပြီး စက်တင်ဘာလ ဒုတိယပတ်အထိ အမျိုးသမီး အမှိုက်သိမ်းသုံးဘီးယာဉ်မောင်းအဖြစ် တာ၀န်ထမ်းဆောင်သူ ၂၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အဆိုပါကော်မတီ၏ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ သိရသည်။

“အရင်တုန်းကတော့ အမှိုက်သိမ်းကားရော၊ အမှိုက်သိမ်းသုံးဘီးတွေအတွက်​ရော အမျိုးသားယာဉ်မောင်းပဲ ခန့်ခဲ့တယ်၊ နောက်ပိုင်းတော့ အမျိုးသမီးတွေလည်း အလုပ်ရအောင်ဆိုပြီး အမျိုးသမီးယာဉ်မောင်းတွေ ခန့်အပ်ပေးခဲ့တယ်၊ ပထမအကြိမ် စခန့်တုန်းက ၁၉ ဦး၊ အခု ဒုတိယအကြိမ်အဖြစ် ဒီစက်တင်ဘာလထဲမှာပဲ ​ခြောက်ဦး ထပ်ခန့်ထားတယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့် မော်တော်ယာဉ်ဌာနမှ ကော်မတီ၀င် ဦးကျော်ဇေယျက ပြောကြားသည်။

ယခင်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စက်ရုံနှင့် မော်တော်ယာဉ်ဌာနတွင် အမျိုးသမီး၀န်ထမ်း ခန့်အပ်ရာ၌ (ပညာသည်အုပ်စုမပါ) အမှိုက်သိမ်း၊ တံမြက်စည်းလှည်းအဖြစ်သာ ခန့်အပ်မှုရှိခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ သုံးဘီးအမှိုက်သိမ်းယာဉ်များအတွက် အမျိုးသမီးယာဉ်မောင်းများကို စတင်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

“သူတို့ကို နေ့စားယာယီ၀န်ထမ်းအဖြစ် ခန့်တာပါ၊ အဓိကကတော့ မန္တလေး မြို့နယ် ​ခြောက်မြို့နယ်အတွင်းက တချို့ရပ်ကွက်တွေမှာ လမ်းကျဉ်းတာတွေ ရှိတယ်၊ အဲဒီလမ်းတွေဆိုရင် အမှိုက်သိမ်းကားတွေ ၀င်ထွက်လို့မလွယ်ဘူး၊ အဲဒီလိုမျိုးလမ်းတွေမှာ ၀င်ထွက်သွားလာပြီး ပြည်သူတွေ အမှိုက်စွန့်ပစ်နိုင်အောင်၊ အမှိုက်သိမ်းဆည်းနိုင်အောင်လို့ အမှိုက်သိမ်းသုံးဘီးယာဉ်လေးတွေ ထားရှိပေးထားတယ်၊ အဲဒီသုံးဘီးယာဉ်တွေကို မောင်းဖို့ အမျိုးသမီးယာဉ်မောင်းတွေ ခန့်အပ်ပေးထားတာပါ” ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ အမှိုက်သိမ်းသုံးဘီးယာဉ်မောင်းအမျိုးသမီးများသည် နေ့စား ယာယီ၀န်ထမ်းဖြစ်သည့်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်ချက်အရ တစ်ရက်လျှင် နေ့စားခ ကျပ် ၄,၈၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here