မန္တလေး Stay at Home သတ်မှတ်ထားသော မြို့နယ် သုံးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်ခွင့်ရှိသော လမ်းများ စတင်သတ်မှတ်

286

 

မန္တ​လေး၊ စက်တင်ဘာ ၂၉

မန္တလေးမြို့ Stay at Home သတ်မှတ်ခံထားရသော မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အမရပူရမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်ခွင့်ရှိသည့် လမ်းများအား စက်တင်ဘာ ၂၉ ရက်မှ စတင်သတ်မှတ်လိုက်ပြီး အခြားလမ်းများမှ ဖြတ်သန်းမောင်းနှင်ခွင့်ပေးသွားမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“အခု သတ်မှတ်လိုက်တဲ့လမ်းတွေကပဲ ဖြတ်သန်းမောင်းနှင် သွားလာခွင့်ရှိမယ်၊ အဲဒီလမ်းတွေမှာလည်း ဖြတ်မောင်းရုံပဲ ခွင့်ပြုထားတာဖြစ်တဲ့အတွက် ရပ်နားခွင့်မရှိဘူး၊ သတ်မှတ်လမ်းတွေကလွဲရင် တခြားလမ်းတွေမှာ လုံး၀ ၀င်ရောက်ခွင့်ပေးမှာမဟုတ်ဘူး” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်အတွင်း အရှေ့အနောက်လမ်းများဖြစ်ကြသည့် ၂၆ (B) လမ်း၊ လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်းနှင့် တောင်-မြောက်လမ်းများဖြစ်ကြသော ကမ်းနားလမ်း၊ ၈၄ လမ်း၊ လမ်း ၈၀၊ ၇၈ လမ်း၊ ၇၃ လမ်း၊ ၆၆ လမ်း၊ ၆၂ လမ်း၊ အရှေ့မြို့ပတ်လမ်း စသည့်လမ်းများမှသာ ဖြတ်သန်းမောင်းနှင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အမရပူရမြို့နယ်အတွင်းတွင်လည်း ကမ်းနားလမ်း၊ စစ်ကိုင်း-မြစ်ငယ်လမ်း၊ ကွမ်းသီးတန်းလမ်းမှ တောင်သမန်ကန်ပတ်လမ်းအထိ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ထုံးဘို-မြစ်ငယ်လမ်း၊ ၆၂ လမ်း စသော လမ်းများမှသာ ဖြတ်သန်းမောင်းနှင်ခွင့် ပေးသွားမည်ဖြစ်ပြီး အခြားလမ်းများသို့ ၀င်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထပ်မံသိရသည်။

“Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် သုံးမြို့နယ်ထဲက မဖြစ်မနေ လုပ်ကိုင်ခွင့်ရရှိထားတဲ့ လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်ရမှာဆိုရင်တော့ လုပ်ငန်းရှင်က ၀န်ထမ်းတွေ ၀င်ထွက်ခွင့်ရရှိရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဆီ သွားရောက်လျှောက်ထားရယူဖို့လိုမယ်၊ အဲဒီလိုပဲ Stay at Home သတ်မှတ်ခံထားရတဲ့မြို့နယ်ထဲမှာ နေထိုင်သူတွေကလည်း တခြားမြို့နယ်တွေဆီ လုပ်ငန်းကိစ္စနဲ့ သွားရောက်လိုတယ်ဆိုရင်တော့ ၀င်ခွင့်ကတ်ပြား​တွေကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှာ လျှောက်ထားရယူဖို့ လိုပါမယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးမြို့သည် မြို့နယ် ​ခြောက်မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး တစ်မြို့နယ်နှင့်တစ်မြို့နယ်ကို နယ်နိမိတ်ခွဲခြားသတ်မှတ်ထားသော်လည်း ဆက်သွယ်ထားသောလမ်းများမှာ တစ်ဆက်တည်းဖြစ်နေသည့်အပြင် မဖြစ်မနေ ဖြတ်သန်းသွားလာရမည့်လမ်းမကြီးများ ပါရှိနေသည့်အတွက် မည်သည့်လမ်းမှ လုံး၀၀င်ထွက်မသွားလာရဟု သတ်မှတ်၍မရကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

မြို့တည်ဆောက်ပုံနှင့် လမ်းများဖောက်လုပ်ထားမှု အနေအထားအရ ယခုအခါ Stay at Home သတ်မှတ်ထားသော မြို့နယ်များအတွင်း မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအနေဖြင့် ဖြတ်သန်းမောင်းနှင်ခွင့်ရှိသောလမ်းများကသာ ရပ်နားခြင်းမပြုဘဲ တောက်လျှောက် မောင်းနှင်သွားလာရမည်ဖြစ်ပြီး အခြားလမ်းများအတွင်းသို့ ၀င်ရောက်ခြင်းနှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here